အာဆီယံ စာချုပ်တွေမှာပါတဲ့ အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ ဝေဖန်ချက်တွေကို အရင် အပတ်တုန်းက ဆရာပြောပြခဲ့ပါတယ်။
အာဆီယံ စာချုပ်တွေမှာပါတဲ့ အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီချက်တွေနဲ့
ပတ်သက်လို့ ဆရာ့ရဲ့ ဝေဖန်ချက်တွေကို အရင် အပတ်တုန်းက ဆရာပြောပြခဲ့ပါတယ်။
အာဆီယံအဖွဲ့ထဲကို မြန်မာနိုင်ငံမဝင်ရောက်မီ သက်ဆိုင်ရာ အာဆီယံစာချုပ်တွေကို စိစစ်
အကြံပြုဖို့ ယခင်အစိုးရလက်ထက်က ရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့တယ် မဟုတ်လား ဆရာ။
အဲဒီတုန်းက ဆရာအနေနဲ့ ရှေ့နေချုပ်ရုံးညွှန်ချုပ် တာဝန်ထမ်းဆောင်နေချိန်ဆိုတော့ ဆရာပြော
ခဲ့တဲ့ ဆရာ့ရဲ့ ဝေဖန်ချက်တွေကို ရှေ့နေချုပ်ရုံးက အကြံပြုပြန်ကြားစာမှာ ထည့်သွင်းဖော်ပြခဲ့ပါ
သလား ဆရာ"
"ငါ ပြောခဲ့တဲ့ ဝေဖန်ချက်တစ်ချက်ချင်းကိုတော့ အသေးစိတ်ထောက်မပြခဲ့ဘူးလို့ ငါထင်တယ်။
ငါမှတ်မိသလောက် အဓိကထောက်ပြခဲ့တဲ့ အချက် နှစ်ချက်ကတော့ 'မြန်မာနိုင်ငံအနေနဲ့ အာဆီယံ
စာချုပ်မှာ ရည်ညွှန်းဖော်ပြထားတဲ့ အတိုကောက် 'ICSID' သို့မဟုတ် '၀ါရှင်တန်ကွန်ဗင်းရှင်း' လို့
ခေါ်ကြတဲ့ 'Covention on the Settlement of Investment Disputes betw-een States
and National of Other States' ကို ၀င်ရောက်ထားခြင်း မရှိသေးတဲ့အတွက် အဲဒီ အာဆီယံ
စာချုပ်ကို လက်မှတ်ရေးထိုးပါ၀င်မယ်ဆိုရင် နောက်ဆက်တွဲဥပဒေပြဿနာတွေပေါ်ပေါက်လာ
နိုင်ဖွယ်ရှိကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ 'နယူးယော့ခ် ကွန်ဗင်းရှင်း' ကိုလည်း မဝင်ရောက်ရသေးတဲ့
အတွက် အဲဒီကွန်ဗင်ရှင်းအရ နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးဖို့
မြန်မာနိုင်ငံမှာ ဥပဒေမရှိသေးတာကြောင့် နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်
ဖော်ပေးရေး ကိစ္စမှာ ဥပဒေပြဿနာပေါ်ပေါက်နိုင်ကြောင်း' ဆိုတဲ့ အချက် နှစ်ချက်ပဲကွ။
အဲဒါကြောင့် အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီချက်ပါတဲ့ အဲဒီအာဆီယံစာချုပ်ကို
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခြင်း မပြုသေးဘဲ ချန်လှပ်ထားသင့်ကြောင်းကိုလည်း အကြံပြုခဲ့
တယ်လို့ ငါ မှတ်မိတယ်"
"အဲဒီစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးခဲ့ပါသလား ဆရာ"
"လက်မှတ်ထိုးခဲ့တယ်ကွ။ အဲဒီလို လက်မှတ် ရေးထိုးခဲ့ခြင်းနဲ့ ပတ်သက်လို့ ငါစဉ်းစားကြည့်မိတာ
ကတော့ အဲဒီစာချုပ်က နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စာချုပ်ဖြစ်လို့ အရေးကြီးတာက တစ်ချက်၊
နောက်ပြီး အဲဒီစာချုပ်မှာပါတဲ့ စည်းကမ်းချက်တစ်ခုကလည်း စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံ
အနေနဲ့ ခြွင်းချက် (reservation) ပြုလုပ်ပြီး လက်မှတ်ရေးထိုးခွင့် မရှိဘူး။ ဒီတော့ နောင်မှာ
မြန်မာနိုင်ငံအနေနဲ့ အငြင်းပွားမှုဖြေရှင်းခြင်းနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခု
ကို ၀င်ရောက်တဲ့အခါ အခုငါထောက်ပြခဲ့တဲ့ ဥပဒေ ပြဿနာတွေ အလိုလိုပြေလည်သွားလိမ့်မယ်
လို့ အဲဒီတုန်းက တာဝန်ရှိသူတွေက ယူဆခဲ့ကြပုံရပါတယ်။ ငါ့အထင်ကို ပြောတာပါ"
"အဲဒီစာချုပ်မှာပါတဲ့ အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီချက်တွေကို နောက်ထပ်ပြင်တာ
မရှိဘူးလား ဆရာ"
"အခုဒို့ပြောနေတဲ့ အာဆီယံစာချုပ်က ၁၉၈၇ ခုနှစ်က မနီလာမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကွ။ အဲဒီ
စာချုပ်ကို ၁၉၉၆ ခုနှစ်က ဂျကာတာမှာ ချုပ်ဆိုခဲ့တဲ့ နောက်ဆက်တွဲစာချုပ်နဲ့ ပြင်ခဲ့တာတွေ့ရတယ်။
ဒါပေမဲ့ အငြင်းပွားမှုဖြေရှင်းရေး ကိစ္စပါတဲ့ Article 10 ကို ပြင်ဆင်ခဲ့ရာမှာ အခန်း ခေါင်းစဉ်ကိုပဲ
ပြင်ဆင်ခဲ့ပြီး အဲဒီအခန်းမှာပါတဲ့ စာပိုဒ်တွေကို ပြင်ဆင်ခဲ့တာ မတွေ့ရဘူး။ ဒီတော့ အငြင်းပွားမှု
ဖြေရှင်းခြင်းကိစ္စက မူလ စာချုပ်မှာပါတဲ့အတိုင်းပဲ ရှိနေသေးတယ်လို့ ဆိုရမှာပေါ့"
"အာဆီယံ အဖွဲ့ထဲကို မြန်မာနိုင်ငံဝင်ရောက် ပြီးနောက်ပိုင်း အာဆီယံချာတာဆိုပြီး စာချုပ်ချုပ်
ဆိုတာ ရှိသေးတယ် မဟုတ်လား ဆရာ"
"ဟုတ်တယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံများအသင်း ဖွဲ့စည်းတဲ့အနှစ် ၄၀ မြောက်
နေ့ဖြစ်တဲ့ ၂၀ - ၁၁ - ၂၀၀၇ နေ့ အစည်းအဝေးမှာ 'Charter of the Association of Southeast
Asian Nations' (အရှေ့တောင် အာရှနိုင်ငံများအသင်း၏ ပဋိညာဉ်စာတမ်း)ဆိုတဲ့ စာချုပ်ကို
လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တာကို တွေ့ရတယ်။ အဲဒီစာချုပ်ရဲ့ Article 24 (1) မှာ အာဆီယံ
စာချုပ်တစ်ခုခုအရ ပေါ်ပေါက်တဲ့ အငြင်းပွားမှုကို သက်ဆိုင်ရာစာချုပ်မှာပါတဲ့ အငြင်းပွားမှုဖြေရှင်း
ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဖြေရှင်းရမယ်လို့ ပါရှိတယ်"
"အဲဒီအာဆီယံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် နောင်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့
အငြင်းပွားမှုတစ်မှုကို မြန်မာနိုင်ငံက ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ သိခဲ့ရပါတယ် ဆရာ။ လူငယ်
ဥပဒေသမားတွေအတွက် ဗဟုသုတဖြစ်စေဖို့ အဲဒီအမှုကိစ္စကို ဆရာမှတ်မိသလောက် ပြောပြပါဦး"
"အဲဒီအမှုဖြစ်တဲ့အချိန်ကျတော့ ရှေ့နေချုပ်ရုံးမှာ ငါမရှိတော့ဘူးကွ။ အဲဒီအမှုမှာ လူငယ် ဥပဒေ
သမားတွေအတွက် ဥပဒေဗဟုသုတရ စေနိုင်တဲ့ ဥပဒေပြဿနာတွေ ပေါ်ပေါက်ခဲ့တာတော့ရှိတယ်။
ဒါပေမဲ့ အဲဒါက ဒို့မြန်မာနိုင်ငံရဲ့ Arbitration ဆိုင်ရာ ဥပဒေတွေအကြောင်း ပြောပြပြီးမှ ပြောရင်
ပိုကောင်းမယ်လို့ ထင်တယ်"
"ဟုတ်ကဲ့ပါ ဆရာ။ မြန်မာနိုင်ငံရဲ့ လက်ရှိ Arbitration ဆိုင်ရာ ဥပဒေတွေအကြောင်း ပြောပါဦး
ဆရာ"
"မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ Arbitration စနစ်က အင်္ဂလိပ်ဥပဒေစနစ်ကနေ ဆင်းသက်
လာတာဖြစ်ပြီး ၁၉၄၄ ခုနှစ်မတိုင်မီ အထိ Arbitration ကိစ္စများကို တရားမကျင့်ထုံး ဥပဒေထဲမှာ
ထည့်သွင်းပြဋ္ဌာန်းခဲ့တယ် မဟုတ်လား။ ရန်ကုန် မြူနီစပယ် နယ်နိမိတ်အတွင်း ပါ၀င်ခဲ့တဲ့ ဒေသတွေ
အတွက်ကိုတော့ အိန္ဒိယ ဥပဒေဖြစ်တဲ့ The Arbitration Act, 1899 ကို အာဏာတည်စေခဲ့
တယ်။ အခုလက်ရှိ အာဏာတည်ဆဲဥပဒေနှစ်ခုကတော့ ၁၉၃၇ ခုနှစ်မှာ အိန္ဒိယအက်ဥပဒေအဖြစ်
ပြဋ္ဌာန်းခဲ့တဲ့ The Arbitration (Protocol and Convention) Act နှင့် The Arbitration Act,
1944 ပေါ့"
"ဟုတ်ကဲ့ပါ ဆရာ။ ပထမ ဥပဒေက Arbitration ဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်း နှစ်ခုပါ ပြဋ္ဌာန်းချက်
တွေကို အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပြီး၊ နိုင်ငံခြား
အနုညာတဆုံးဖြတ်ချက် (foreign arbitral awards) တွေကို အတည်ပြု အကောင်အထည်
ဖော်ခွင့်ပေးတဲ့ ဥပဒေဖြစ်ကြောင်း ဆရာပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဥပဒေက International
Arbitration ကိစ္စတွေနဲ့ ဆိုင်တာပေါ့ ဆရာ"
"ဟုတ်တယ်။ ဒါပေမဲ့ အဲဒီဥပဒေရဲ့ ထူးခြားချက်တစ်ခုက နိုင်ငံတစ်နိုင်ငံဟာ အဲဒီ ဂျနီဗာကွန်ဗင်းရှင်း
နှစ်ခုမှာပါ၀င်ထားတဲ့ နိုင်ငံဖြစ်ရုံမျှနဲ့ အဲဒီနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အနုညာတ ဆုံးဖြတ်ချက် (arbitral
award) ကို ဒီဥပဒေအရ အကောင်အထည်ဖော်ပေးခွင့် မရှိသေးဘူး။ နိုင်ငံခြား အနုညာတ
ဆုံးဖြတ်ချက် တစ်ခုကို အဲဒီဥပဒေအရ အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် အဲဒီနိုင်ငံဟာ
'ကွန်ဗင်းရှင်းပါကိစ္စများအတွက် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံ' ဖြစ်ဖို့ လိုတယ်။ အဲဒီလို ဥပဒေပြဋ္ဌာန်းပြီး
နိုင်ငံများ စာရင်းကို နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ကြေညာပေးရတယ်။
အဲဒီလို ကြေညာထားတဲ့ နိုင်ငံတွေက ၁၉ နိုင်ငံသာရှိပြီး အာရှတိုက်ကဆိုရင် အိန္ဒိယနဲ့ ထိုင်းနိုင်ငံ
တို့သာ ပါ၀င်တဲ့အကြောင်း ဒို့အရင်က ပြောခဲ့ပြီးပြီ၊ အဲဒီတော့ ဒီဥပဒေဟာ ခုခေတ်မှာ သိပ်အလုပ်
မဖြစ်တော့တဲ့အတွက် နယူးယော့ခ် ကွန်ဗင်းရှင်းကို ၀င်ဖို့ လိုအပ်လာတော့တာပေါ့"
"မှန်ပါတယ်ဆရာ၊ ဒုတိယဥပဒေအကြောင်း ပြောပါဦး ဆရာ"
"ဒုတိယ ဥပဒေဖြစ်တဲ့ The Arbitration Act, 1944 ကို မြန်မာနိုင်ငံရဲ့ အင်္ဂလိပ် စစ်ပြေးအစိုးရက
အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှာ ခိုလှုံနေတုန်း ၁၉၄၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ အဲဒီအချိန်က
မြန်မာနိုင်ငံကို ဂျပန်က သိမ်းပိုက်ထားတာဆိုတော့ အဲဒီဥပဒေက မြန်မာနိုင်ငံမှာ အာဏာတည်ဖို့
မဖြစ်နိုင်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးလို့ စစ်ပြေးအင်္ဂလိပ် ဘုရင်ခံနဲ့ အစိုးရတို့ ၁၉၄၆ ခုနှစ်မှာ
မြန်မာနိုင်ငံထဲကို ပြန်လည် ၀င်ရောက်လာတဲ့အခါကျမှ ၁၉၄၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ အဲဒီ
ဥပဒေ စတင် အာဏာတည်ကြောင်း ကြေညာခဲ့ရတာ၊ ဒီဥပေဒကတော့ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့
အနုညာတဆုံးဖြတ်မှုများ (domestic arbitrations) အတွက် ပြဋ္ဌာန်းပေးတဲ့ ဥပဒေပေါ့။ ဒါပေမဲ့
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူ နိုင်ငံခြားသား/ကုမ္ပဏီ
တွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရဌာန/ အဖွဲ့ အစည်း သို့မဟုတ်
မြန်မာနိုင်ငံသား/ကုမ္ပဏီ နဲ့ အငြင်းပွားမှု ပေါ်ပေါက်လာတဲ့အခါ ဒီဥပဒေအရ မြန်မာနိုင်ငံမှာ
ဖြေရှင်းခွင့် ရှိပါတယ်။ သူတို့နိုင်ရင် အနုညာတ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံမှာ အတည်ပြု
အကောင်အထည်ဖော်ဖို့ အတွက် အခက်အခဲ မရှိနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကအနိုင်
အရပြီး၊ နိုင်ငံခြားသား/ကုမ္ပဏီရဲ့ ငွေနဲ့ပစ္စည်းကလည်း မြန်မာနိုင်ငံမှာ အလုံအလောက် မရှိဘူးဆိုရင်
မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ အနုညာတ ဆုံးဖြတ်ချက်ကို သူတို့ပစ္စည်းရှိရာ သူတို့နိုင်ငံမှာ အတည်ပြု
အကောင်အထည်ဖော်ဖို့ကျတော့ မဖြစ်နိုင်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေးနဲ့ သက်ဆိုင်တဲ့
အပြည်ပြည်ဆိုင်ရာ နယူးယော့ခ် ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်မဖြစ်သေးလို့ပဲ"
"ရှေ့နေချုပ်ရုံးမှာ ဆရာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကပေါ့ ဆရာ။ မြန်မာနိုင်ငံမှာ လာရောက်
ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အငြင်းပွားမှု
ပေါ်ပေါက်တဲ့အခါ International Arbitration Rules ဖြစ်တဲ့ ICC Arbitration Rules သို့မဟုတ်
UNCITRAL Arbitration Rules တစ်ခုခုအရ ဖြေရှင်းဖို့ တောင်းဆိုကြပေမယ့် အဲဒီတုန်းက
ဆရာတို့ ရှေ့နေချုပ်ရုံးက လက်မခံတဲ့အတွက် Myanmar Arbitration Act, 1944 ကိုပဲ လက်မခံ
ချင်ပေမယ့် လက်ခံကြရတယ်လို့ သိရပါတယ် ဆရာ။ အဲဒါနဲ့ ပတ်သက်လို့ ရှင်းပြပါဦးဆရာ"
"ဟုတ်တယ်ကွ။ International Arbitration Rules တစ်ခုခုကို ဒို့ကလက်မခံဘဲ Myanamar
Arbitration Act ကို အဆိုပြုရတဲ့ အဓိကအကြောင်းရင်းက အဲဒီအချိန်က မြန်မာနိုင်ငံအနေနဲ့
နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်တဲ့
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခုခုမှာ မဝင်ရသေးလို့ပဲကွ။ ဒို့ပြောခဲ့ပြီးပြီလေ၊ အနုညာတ
ဆုံးဖြတ်ချက်တစ်ရပ်ကို ဘယ် Arbitration Rules အရ ဘယ်နိုင်ငံမှာပဲ လုပ်လုပ် အဲဒီလိုလုပ်ပြီး
ချမှတ်တဲ့ အနုညာတ ဆုံးဖြတ်ချက် (arbitral award) ကို အကောင် အထည်ဖော်လို့ မရဘူးဆိုရင်
အဲဒီဆုံးဖြတ်ချက်ဟာ စက္ကူစုတ်ပဲ ဖြစ်မယ်လို့"
"ဟုတ်ပါတယ် ဆရာ"
"နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးဖို့ ဒို့နိုင်ငံမှာလည်း
The Arbitration (Protocol and Covention) Act ကလွဲပြီး ဥပဒေ မရှိသေးတဲ့အပြင် နိုင်ငံခြား
တိုင်းပြည်မှာ အကောင်အထည်ဖော်ဖို့အတွက်လည်း ဒို့နိုင်ငံက အပြည်ပြည်ဆိုင်ရာ စာချုပ်ဝင်
နိုင်ငံမဟုတ်တော့ နိုင်ငံခြားတရားရုံး ကလည်း အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးမှာ
မဟုတ်တဲ့အတွက် ဘယ်သူပဲနိုင်နိုင် ဘာမှ အကျိုးမဖြစ်ထွန်း နိုင်တဲ့သဘောပဲကွ၊ အငြင်းပွားမှုကို
မြန်မာနိုင်ငံမှာ Myanmar Arbitration Act အရ ဖြေရှင်းရာမှာ နိုင်ငံခြားကုမ္ပဏီဘက်က အနိုင်ရ
ခဲ့ရင် အနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အခက်အခဲမရှိပါဘူး။ ဒို့ဘက်က နိုင်တဲ့
ကိစ္စဖြစ်ရင်သာ အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားမှာသွားပြီး အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တာပါ။
ဒို့ဘက်ကတောင် နာပါသေးတယ်ကွာ၊ ဒို့က ဒီလိုရှင်းပြခဲ့လို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပြုလုပ်တဲ့
ကုမ္ပဏီဘက်က လူတွေအနေနဲ့ သဘောပေါက်သွားတာတွေ ရှိသလို တချို့ကျ တော့လည်း သူတို့
အနေနဲ့ risk (စွန့်စားမှု) လုပ်ပါတယ်၊ UNCITRAL Arbitration Rules ကိုပဲ လက်ခံပေးပါလို့
အတွန့်တက်မှုတွေလည်း ရှိပါတယ်"
"ကျွန်တော်တို့ နိုင်ငံမှာ International Arbitration ဖြစ်တဲ့ The Arbitration (Protocol and
Convention) Act ရှိတယ် မဟုတ်လား ဆရာ၊ ဆရာတို့က အဲဒီဥပဒေကို ဘာကြောင့် အဆိုမပြု
ခဲ့တာပါလဲ"
"အဲဒီ ကွန်ဗင်းရှင်းနဲ့ သက်ဆိုင်တဲ့ နိုင်ငံက အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ပဲ ရှိတယ်လို့ ဒို့ပြောခဲ့ ပြီးပြီ
မဟုတ်လား။ အဲဒါတောင်မှ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ မခန့်မှန်း
နိုင်ဘူး။ နှစ်ပေါင်း ၉၀ လောက်ရှိခဲ့ပြီဆိုတော့ သူတို့မှာလည်း အထောက်အထား ရှာရတာ လွယ်မှာ
မဟုတ်ဘူးကွ၊ နောက်ပြီး သူတို့နိုင်ငံတွေမှာ အဲဒီကွန် ဗင်းရှင်းနဲ့ ပတ်သက်တဲ့ ဥပဒေကလည်း
ရုပ်သိမ်းထားပြီးဖြစ်ချင်ဖြစ်နိုင်တယ်။ သူတို့က နယူးယော့ခ်ကွန်ဗင်းရှင်းမှာ ၀င်ထားကြပြီး
ဖြစ်တာကိုး"
"ဒါတောင်မှ ရှေ့နေချုပ်ရုံးက International Law မတတ်ဘူးလို့ ပြောသံတွေ ကြားခဲ့ရပါသေး
တယ် ဆရာ"
"ဟုတ်တယ်ကွ၊ ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီလိုပြောတဲ့ လူတွေထဲမှာ ဥပဒေသမားဆိုသူ
တွေလည်း ပါသကွ၊ ဥပဒေအလုပ်ဆိုလို့ လျှောက်လွှာတစ်စောင်၊ စာချုပ်တစ်ခုကိုမှလည်း မရေးဖူး၊
အမှုတစ်ခုကိုမှလည်း မလိုက်ဖူး၊ မဆုံး ဖြတ်ဖူးတဲ့ လူတွေဆိုတော့လည်း ဆန်းတော့လည်း
မဆန်းဘူးပေါ့ကွာ၊ ကားမောင်း မသင်ဘဲနဲ့ ကားတက်မောင်းတဲ့ လူလိုပေါ့"
"မြင်းစီးလို့မှ အထီးမှန်းမသိ၊ အမမှန်း မသိဆို သလိုပေါ့ဆရာ"
"စကားစပ်မိလို့ ပြောရဦးမယ်၊ ငါနဲ့ ခင်မင်ရင်းနှီးတဲ့ ဥပဒေဘွဲ့ရ အရာရှိကြီး တစ်ဦးက ငါ့ကိုပြောဖူး
တယ်ကွ။ 'ခင်ဗျား တို့လည်း နိုင်ငံခြားသားနဲ့ ချုပ်တဲ့ စာချုပ်တွေမှာ Myanmar Law, Myanmar
Law ဆိုပြီး လုပ်မနေကြနဲ့ International Law ကိုလည်း လေ့လာကြဦး၊ နွား ခြေရာခွက်ထဲက
ဖားသူငယ်လို ဖြစ်နေဦးမယ်"တဲ့
"အဲဒီတော့ ဆရာက ပြန်မပြောခဲ့ဘူးလား"
"မင့်ဆရာပဲကွာ၊ ဘယ်ခံမလဲ၊ သူနဲ့ ငါကလည်း ပြောမနာဆိုမနာဆိုသလို ရင်းနှီးနေကြတော့
'ခင်ဗျား အဲဒီစကားကို လူကြားထဲမှာ၊ အထူးသဖြင့် နိုင်ငံ ခြားသားတွေရှေ့မှာ သွားမပြောနဲ့၊ ခင်ဗျား
Private International Law (ပုဂ္ဂလိက အပြည်ပြည်ဆိုင်ရာဥပဒေ)ကို နားမလည်ဘူးဆိုတာ
ပေါ်သွားလိမ့်မယ်'လို့၊ တတ်နိုင်ဘူးလေကွာ၊ အဲဒီလို ပြန်မပြောလို့ ငြိမ်ခံနေရင် သူပြောတာ
မှန်တယ်ဖြစ်သွားမှာပေါ့၊ ဒါပေမဲ့ ဒို့ နိုင်ငံမှာ သူလိုလူတွေလည်း ဒီနေ့ထိ ရှိနေတုန်းပဲထင်တယ်၊
ထားလိုက်ပါတော့ကွာ"
















