သမ္မတနဲ့ လွှတ်တော် ဘယ်သူမှားသလဲ

သမ္မတနဲ့ လွှတ်တော် ဘယ်သူမှားသလဲ

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းရေးဆောင်ရွက်မှုနဲ့ စပ်လျဉ်းပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းရေးဆောင်ရွက်မှုနဲ့ စပ်လျဉ်းပြီး
သတင်းထုတ်ပြန်ချက်တစ်ရပ် ဖော်ပြပါရှိပါတယ်။

အဲဒီဖော်ပြချက်ထဲမှာ မကြာသေးခင်တုန်းက သမ္မတလက်မှတ်မထိုးပဲ ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့
'ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' မှာ ဖွဲ့စည်းပုံ ဥပဒေနဲ့
မညီညွတ်တဲ့ ပြဋ္ဌာန်းချက်တွေ၊ တည်ဆဲဥပဒေနဲ့ မညီညွတ်တဲ့ ပြဋ္ဌာန်းချက်တွေ၊ ဒီမိုကရေစီ
ကျင့်စဉ်နဲ့ မညီညွတ်တဲ့ ပြဋ္ဌာန်းချက် တွေပါ၀င်တယ်ဆိုပြီး အချက်အလက် အသေးစိတ်နဲ့တကွ
ဖော်ပြထားပါတယ်။

သမ္မတဘက်က အဲဒီတင်ပြချက်အတိုင်းဆိုရင် လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ချိုးဖေါက်နေတယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

ဒီအတွက် လွှတ်တော်က တကယ်ပဲ အခြေခံဥပဒေကို ချိုးဖေါက်နေသလား၊ သမ္မတကပဲ မှားနေ
သလား၊ ဒီပြဿနာဘယ်လို အဖြေထွက်လာမလဲ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။

ခုတစ်ပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ သမ္မတဘက်က စွပ်စွဲတာ ဒီ ဥပဒေတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရှေ့ပိုင်းမှာ
သမ္မတက လက်မှတ်မရေးထိုးခဲ့တဲ့ ဥပဒေသုံးခု၊ ဒီဥပဒေပါပေါင်းရင် စုစုပေါင်းလေးခု ဖြစ်ပါတယ်။
အားလုံးဟာ လွှတ်တော်ဆိုင်ရာ ဥပဒေတွေချည်းပဲ ဖြစ်ပါတယ်။

ဒါတင်မက နောက်ထပ် ဥပဒေလေးခုဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ပေမယ့်
အမတ် အများစုဆန္ဒကို ဂရုစိုက်တဲ့အတွက် လက်မှတ် ရေးထိုးပေးထားတယ်လို့လည်း ဖော်ပြ
ထားပါတယ်။

အဲဒီ ဥပဒေတွေကတော့ လွှတ်တော်ထဲ အတော်အငြင်းပွားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တောင်သူလယ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေတွေပဲ
ဖြစ်ပါတယ်။

အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီး လွယ်ကူရှင်းလင်းအောင် ပြောရရင် ဖွဲ့စည်းပုံပါ သမ္မတရဲ့ လုပ်ပိုင်ခွင့်
ကို လျှော့ချတာ၊ လွှတ်တော်နဲ့ လွှတ်တော် ဥက္ကဋ္ဌလုပ်ပိုင်ခွင့်တွေကို တိုးမြှင့်သတ်မှတ်ပေးတာစတဲ့
အချက်တွေက အဓိက ဖြစ်ပါတယ်။

အဲဒီဥပဒေတွေ လွှတ်တော်ထဲဆွေးနွေးစဉ် တုန်းက တပ်မတော်သားအမတ်တွေက သမ္မတ ရဲ့
အကြံပြုချက်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မကိုက်ညီတဲ့ အချက်တွေကို ထောက်ပြပြီး တင်ပြ
ခဲ့ကြပါတယ်။

မဲခွဲတော့လည်း သမ္မတ အကြံပြုတဲ့ဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ
တပ်မတော်သား အမတ်တွေကနည်းတော့ ရှုံးခဲ့ပြီး ကြံ့ခိုင်ရေးနဲ့ အခြားအရပ်သားလွှတ်တော်
အမတ်တွေဘက်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီလို အများစုမဲနဲ့ အနိုင်ရ သွားတဲ့အခါ သမ္မတဘက်က လုပ်နိုင်တာ တစ်ခုက ဥပဒေကို လက်မှတ်
မထိုးပဲ ထုတ်ပြန်ပေးလိုက်တာပါ။

ဒုတိယတစ်ဆင့်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆိုတာတွေကို ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြဖို့ပါ။

အခု အဲဒီ ဥပဒေ (၈) ခု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်သွင်းလွှာ တင်သွင်းပြီး
အဆုံးအဖြတ် ခံယူသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်တော့ သမ္မတနဲ့ လွှတ်တော်အကြား အငြင်းပွားတဲ့ ဒီလိုပြဿနာမျိုးအရင်ကလည်း
ကြံုခဲ့ရဖူးပါတယ်။

'လွှတ်တော် အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်' အငြင်းပွားမှုမှာ ခုံရုံးက
သမ္မတဘက်မှန်တယ် ဆုံးဖြတ်ပေးလိုက်တဲ့အခါ လွှတ်တော်ဘက်က အဲဒီခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ
ကို စွပ်စွဲပြစ်တင်တာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။

နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး အပြစ်ပေးထုတ်ပယ်တာ လုပ်မယ့်ဆဲဆဲ သူတို့ဘာသာ နုတ်ထွက်
ရတဲ့ အဆင့်အထိ ဖြစ်သွားခဲ့ပါတယ်။

ခုတစ်ကြိမ်ကတော့ ခုံရုံးအဖွဲ့သစ်၊ ဥက္ကဋ္ဌသစ် တွေနဲ့ပါ။ အရင်တစ်ခေါက်တုန်းကလို ဥက္ကဋ္ဌဟာ
သမ္မတက ခန့်ထားသူ မဟုတ်ပါဘူး။ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ ပေါင်း သုံးယောက်
တိုင်ပင် ခန့်ထားသူပါ။

တကယ်လို့ ခုံရုံးဟာ လွှတ်တော်ဘက်က မှားတယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စတွေပေါ်လာရင်
လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက် ဥပဒေပြုသူတွေအဖြစ် ကျရောက်
သွားစေမှာ ဖြစ်ပါတယ်။

သမ္မတမှားတယ်လို့ ဆုံးဖြတ်ရင် သမ္မတဟာ မဟုတ်မမှန် စွပ်စွဲသူအဆင့် ကျရောက်သွားစေမှာ
ဖြစ်ပါတယ်။

ဒီအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ အတော် စိတ်ဝင်စားဖို့
ကောင်းတဲ့ ကိစ္စဖြစ် လာပါတယ်။

တကယ့်တကယ်ဆန်းစစ်ရင် ဒီကိစ္စ သမ္မတနဲ့ လွှတ်တော်ဘက် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်
မူတည်ပြီး အငြင်းပွားကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို အသေအချာလေ့လာကြည့်ရင် တိုင်းပြည်မှာ အာဏာအကြီးဆုံး
အဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပေးထားတာ တွေ့ရမယ် ဖြစ်ပါတယ်။

နောက်စစ်ဗိုလ်ချုပ် ဟောင်း တစ်ယောက်ယောက်ကို သမ္မတ ဖြစ်အောင် ပံ့ပိုးထားတာ တွေ့နိုင်ပါ
သေးတယ်။

အဲဒီသမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ပြီးရင် အတော့်ကို လုပ်ပိုင်ခွင့်ရှိသူပါ။

ကျန်လွှတ်တော်တို့ လွှတ်တော်ဥက္ကဋ္ဌတို့ကို သိပ်လုပ်ပိုင်ခွင့် ပေးထားတာ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စေ့စေ့စပ်စပ်ကြည့်ရင် အဲဒီအချက်တွေကို ပိုမြင်တွေ့နိုင်ပါတယ်။

အမတ် တစ်ယောက် တစ်လ လစာကျပ်ကျပ်သုံးသိန်း၊ ၀န်ကြီး လစာ ကျပ် သိန်း ၃၀ သတ်မှတ်
ထားတာဟာ နမူနာတစ်ခုပါ။ ကျန်တာတွေ တစ်ပုံကြီး ရှိပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ လွှတ်တော်ကို သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ တာဝန်ယူရတဲ့အခါ
လွှတ်တော်နဲ့ အမတ်တွေရဲ့ အခန်း ကဏ္ဍကို ချဲ့ထွင်တာမျိုး လုပ်လာတာ တွေ့ရပါ တယ်။

အခြားနည်းတွေနဲ့ ချဲ့ထွင်တာရှိသလို ဥပဒေပြဋ္ဌာန်းပြီး ချဲ့ထွင်တာမျိုးလည်း ရှိပါတယ်။

အခု သမ္မတနဲ့ အငြင်းပွားကြတာ အဲဒီလိုဥပဒေ ပြဋ္ဌာန်းပြီး ချဲ့ထွင်တဲ့ကိစ္စပါ။ ပြီးခဲ့တဲ့နှစ် သမ္မတနဲ့
လွှတ်တော်အငြင်းပွားစဉ်တုန်းကတော့ လက်ရှိ အခြေခံဥပဒေမှာ သမ္မတကို ဘာကြောင့် အဲဒီလို
လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားရသလဲဆိုတာ အစိုးရဘက်က ပညာရှင်တွေ ဖော်ပြရေးသားခဲ့
တာမျိုးတွေ ရှိခဲ့ပါတယ်။

ပြောရရင် လွှတ်တော်ဘက်က လွှတ်တော် အခန်းကဏ္ဍ ချဲ့ထွင်ချင်ရင်၊ အစိုးရဘက်ကို တကယ့်ကို
ထိန်းညှိချင်ရင် လုပ်ရမှာ တစ်ခု တည်းပါပဲ။

အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပေဒေထဲအထိ ၀င်ပြင်ဖို့ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ
အထိ ၀င်ပြင်ဖို့ မကြိုးစားဘဲ၊ မကြိုးစားနိုင်ဘဲ ခုလိုဥပဒေ ပြဋ္ဌာန်း အကောင်အထည်ဖော်ရင် ခုလိုပဲ
ဆက်အငြင်းပွားနေရဦးမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဘယ်လို ဆုံးဖြတ်မလဲ၊ လွှတ်တော်ဘက်
ကို အရှုံးပေးရင် အရင်လိုပဲ ခံကြရဦးမလား၊ သမ္မတနဲ့ လွှတ်တော်ဘက် ဘယ်သူမှားသလဲဆိုတာ
ကတော့ စိတ်ဝင်စားဖို့ အလွန်ကောင်းနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021