အငြင်းပွားမှုကို တရားရုံးပြင်ပတွင် ဖြေရှင်းခြင်း (၅)

အငြင်းပွားမှုကို တရားရုံးပြင်ပတွင် ဖြေရှင်းခြင်း (၅)

"အငြင်းပွားမှုကို တရားရုံးပြင်ပမှာ အနုညာတ ဆုံးဖြတ်နည်း (Arbitration) ဖြင့် ဖြေရှင်းခြင်းနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေအကြောင်း အတော်စုံစုံလင်လင် သိခဲ့ရပါပြီဆရာ။ ဒါတွေက သဘောတရား (theory) ပိုင်းလို့ ဆိုရမှာပါ။ လက်တွေ့ပိုင်း (practical) လို့ဆိုရမယ့် အနုညာတဆုံးဖြတ်နည်းနဲ့ဖြေရှင်းတဲ့ မှုခင်းတွေအကြောင်းကို ပြောပြပါဦး ဆရာ"

"အငြင်းပွားမှုကို တရားရုံးပြင်ပမှာ အနုညာတ ဆုံးဖြတ်နည်း (Arbitration) ဖြင့် ဖြေရှင်းခြင်းနဲ့
ပတ်သက်လို့ ပြည်တွင်းပြည်ပ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေအကြောင်း အတော်စုံစုံလင်လင်
သိခဲ့ရပါပြီဆရာ။ ဒါတွေက သဘောတရား (theory) ပိုင်းလို့ ဆိုရမှာပါ။ လက်တွေ့ပိုင်း
(practical) လို့ဆိုရမယ့် အနုညာတဆုံးဖြတ်နည်းနဲ့ဖြေရှင်းတဲ့ မှုခင်းတွေအကြောင်းကို
ပြောပြပါဦး ဆရာ"

"မြန်မာနိုင်ငံ စီရင်ထုံးတွေအရ ပြောရရင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာ အငြင်းပွားမှုကို Arbitration
နည်းနဲ့ ဆုံးဖြတ်တာ သိပ်မရှိတော့ဘူး ထင်တယ်။ ငါတို့အနေနဲ့လည်း စာတွေ့အရ ပြောနေတာ၊
လက်တွေ့မရှိဘူး"

"၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေရှိလာတော့ အများအားဖြင့် အစိုးရ
ဌာန/အစိုးရစီးပွားရေး အဖွဲ့အစည်းတစ်ခုနဲ့ နိုင်ငံခြားကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေက
များပါတယ်ဆရာ၊ အဲဒီစာချုပ်တွေ အားလုံးမှာပဲ အငြင်းပွားမှု ပေါ်ပေါက်တဲ့ခါ နှစ်ဖက်ညှိနှိုင်းဖြေရှင်း
လို့မရရင် အနုညာတ ဆုံးဖြတ်နည်းနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ Arbitration Clause ပါတယ်ဆိုတာ
လည်း သိရပါတယ်။ ရှေ့နေချုပ်ရုံးမှာ ဆရာတာဝန်ထမ်းဆောင်နေတဲ့ ကာလမှာ အဲဒီစာချုပ်တွေ
အရ ပေါ်ပေါက်တဲ့ အငြင်းပွားမှုကို Arbitration နည်းနဲ့ ဖြေရှင်းခဲ့တာ ရှိပါသလားဆရာ"

"ရှေ့နေချုပ်ရုံးမှာ ဒို့ရှိနေတဲ့ ၁၉၉၈ ခုနှစ်အထိတော့ အဲဒီလိုအမှုမျိုး မကြံုခဲ့ရဘူး။ လုပ်ငန်း
ဆောင်ရွက်ရာမှာ ပြဿနာပေါ်ပေါက်တာရှိပေမယ့် နှစ်ဖက်ညှိနှိုင်းဖြေရှင်းလို့ ပြီးပြတ်သွားတာ
တွေတော့ရှိမှာပေါ့"

"ဆရာမရှိတော့တဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်တဲ့ Arbitration အမှုရှိရင်လည်း ဆရာသိသလောက်
ပြောပါဦးဆရာ"

"လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်က နိုင်ငံခြားကုမ္ပဏီနဲ့ အစိုးရစီးပွားရေးလုပ်ငန်းတစ်ခု အကြားဖြစ်ပွား
ခဲ့တဲ့ အမှုတစ်မှုအကြောင်း အရင်ပြောမယ်။ အဲဒီအမှုက အစိုးရစီးပွားရေး အဖွဲ့အစည်းတစ်ခုက
ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုကို တရားစွဲတဲ့ အမှုကွ"

"တရားစွဲတဲ့အမှုဆိုတော့ Arbitration နဲ့ ဆက်စပ်မှုရှိလို့လားဆရာ"

"ဟုတ်တယ်။ အဲဒီအမှုမှာ ပဏာမ ဥပဒေ ပြဿနာပေါ်ပေါက်တာက အငြင်းပွားမှု ပေါ်ပေါက်တဲ့အခါ
The Arbitration Act, 1944 အရဖြေရှင်းရမယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်မှာသဘောတူ
ထားခဲ့ကြတဲ့အတွက် တရားရုံးမှာ တရားစွဲဆိုခွင့်ရှိ မရှိဆိုတဲ့ အချက်ပဲကွ"

"အဲဒီလို သဘောတူညီချက်ရှိရင် တရားရုံးမှာ တရားစွဲဆိုခွင့်မရှိဘူး မဟုတ်လားဆရာ"

"တရားစွဲခွင့်မရှိဘူးဆိုတာကတော့ အတိအကျ မှန်ကန်တယ်လို့ မဆိုနိုင်ဘူး။ အငြင်းပွားမှုပေါ်ပေါက်
တဲ့အခါ 'အနုညာတ ဆုံးဖြတ်နည်း ဖြင့်ဖြေရှင်းရမယ်' လို့ သဘောတူညီချက်ရှိတဲ့ ကိစ္စမှာ တရားစွဲ
ဆိုမယ်ဆိုရင် တရားစွဲဆိုခြင်း ခံရသူအနေနဲ့ အချေလွှာ (written statement) မတင်သွင်းမီ၊
တခြားမည်သည့်ကိစ္စကိုမှ မဆောင်ရွက်မီ ကန့်ကွက်ပိုင်ခွင့်ရှိတယ်။ အဲဒီလိုကန့်ကွက်တာကို
တရားရုံးကလက်ခံရင် အမှုကို ဆက်လက်စစ်ဆေးခြင်းမပြုဘဲ ဆိုင်းငံ့ (stay) ထားခွင့်ရှိတယ်။
ခြွင်းချက်ကတော့ အဲဒီသဘောတူညီချက်က အသက်မဝင်တော့ တဲ့ကိစ္စ၊ ဒါမှမဟုတ် အနုညာတ
ဆုံးဖြတ်မှုကို ဆက်လက်ဆောင်ရွက်လို့ မရနိုင်တော့တဲ့ကိစ္စ ဒါမှမဟုတ် အမှန်တကယ်အငြင်းပွားမှု
ပေါ်ပေါက်ခြင်းမရှိတဲ့ ကိစ္စမျိုးဖြစ်ရင်တော့ တရားရုံးမှာ တရားစွဲဆိုခွင့်ရှိတယ်။ အဲဒီလို တရားစွဲဆိုလို့
ရှိရင် ဘာကြောင့် အနုညာတဆုံးဖြတ်နည်းနဲ့ မဖြေရှင်းဘဲ တရားရုံးမှာ တရားစွဲဆိုရတယ်ဆိုတာကို
ခိုင်လုံအောင် အကြောင်းပြရမယ်။ အကြောင်းခိုင်လုံရင် အမှုကို တရားရုံးက လက်ခံ စစ်ဆေးမှာဖြစ်
ပြီး အကြောင်းမခိုင်လုံဘူးဆိုရင်တော့ သဘောတူညီထားတဲ့အတိုင်း အနုညာတ ဆုံးဖြတ်နည်းနဲ့
ဖြေရှင်းဖို့ ညွှန်ကြားပြီး အမှုကို ဆိုင်းငံ့ (stay) ထားမှာဖြစ်တယ်။ အဲဒီအချက်တွေကို The
Arbitration (Protocol and Convention) Act ပုဒ်မ ၃ နှင့် The Arbitration Act,1944
ပုဒ်မ ၃၄ တို့မှာ ပြဋ္ဌာန်းထားတယ်။ ဒါက နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေကြတဲ့ မူလည်း
ဖြစ်တယ်ကွ"

"အဲဒီတော့ အခုဆရာပြောတဲ့အမှုကို တရားရုံးက ဘယ်လိုဆုံးဖြတ်ပါသလဲဆရာ"

"ရင်းနှီးမြှုပ်နှံမှုစာချုပ်မှာ "Arbitration Clause" ပါရှိတာကို အကြောင်းပြပြီး အမှုကို ပလပ်
(dismiss) လိုက်တယ်လို့ ကြားရတယ်ကွ"

"ဥပဒေက အမှုကို ဆိုင်းငံ့ (stay) ထားရမယ် လို့ပြဋ္ဌာန်းထားတာကို ပလပ် (dismiss) လိုက်တယ်
ဆိုတော့....."

"ဒါက အဲဒီလို အမိန့်ချတဲ့အတွက်ကြောင့် နစ်နာမှုရှိတဲ့ အမှုသည်ရဲ့ ကိစ္စပဲကွ။ နောက်ပိုင်း
ဘာဆက်လုပ်တယ်ဆိုတာတော့ ငါလည်းမသိရဘူး။ အစိုးရအဖွဲ့အစည်းအတွက် သက်ဆိုင်ရာ
ဥပဒေရုံးက တရားစွဲတဲ့ကိစ္စဆိုတော့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ဖြစ်မှာပေါ့ကွာ။ အဲဒီလို
တရားစွဲဆိုရတဲ့ အကြောင်းပြချက် ခိုင်လုံရင်တော့ သက်ဆိုင်ရာဥပဒေရုံးက ဆက်လက်
ဆောင်ရွက်မှာပေါ့။ ထားလိုက်ပါတော့ကွာ"

"မြန်မာနိုင်ငံအစိုးရဌာန တစ်ခုက ရင်ဆိုင် ဖြေရှင်းခဲ့ရတဲ့ နိုင်ငံခြားသတင်းတွေမှာလည်း ဖော်ပြခံရတဲ့
Arbitration အမှုအကြောင်း ဆက်ပြောပါဦးဆရာ"

"အဲဒီအမှုကလည်း မြန်မာနိုင်ငံအစိုးရ စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ နိုင်ငံခြား ကုမ္ပဏီတို့ ဖက်စပ်
လုပ်ငန်းစာချုပ်ချုပ်ဆိုပြီး ကုန်ထုတ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်တဲ့ကိစ္စပဲကွ။ အဲဒီအစိုးရစီးပွားရေး
လုပ်ငန်းက ပိုင်တဲ့ စက်ရုံကို တန်ဖိုးသတ်မှတ်ပြီး ဖက်စပ်ကုမ္ပဏီမှာ အစုရှယ်ယာ ထည့်ခဲ့တာလို့
ငါမှတ်မိတယ်။ အသေးစိတ် အချက်အလက်တွေကို ပြောရင် လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ
ပါလာ မှာဆိုတော့ မပြောတော့ဘူး။ ပြဿနာစဖြစ်တာကတော့ မြန်မာနိုင်ငံဘက်က တာဝန်ခံ
လူကြီးအပြောင်းအလဲမှာ စဖြစ်တာ။ အဲဒီလို ပြဿနာဖြစ်တော့ နိုင်ငံခြားကုမ္ပဏီရဲ့ မရိုးသားမှုတွေ၊
မမှန်မကန်လုပ်မှုတွေကို ဖော်ပြပြီး ရှေ့နေချုပ်ရုံးကို ဥပဒေအကြံဉာဏ်တောင်းခဲ့တာပေါ့။ အဲဒီ
လုပ်ငန်းအတွက်ချုပ်ဆိုတဲ့ ရင်းနှီး မြှုပ်နှံမှုစာချုပ်က နဝတအစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်
ဆိုတော့ အဲဒီတုန်းက မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ထဲကို မဝင်ရသေးဘူး။ ပြဿနာဖြစ်တဲ့
အချိန်မှာ စာချုပ်သက်တမ်းကုန်ဖို့က ခြောက်လကျော်ကျော် လောက်ပဲလိုတော့တယ်။ ဒီတော့
ရှေ့နေချုပ်ရုံးက အဓိကအကြံပြုတဲ့အချက်က 'လောလောဆယ် ဥပဒေအရ တစ်စုံတစ်ရာအရေးယူ
ဆောင်ရွက်မှုမပြုသေးဘဲ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ ဖက်စပ်ကုမ္ပဏီကို စာရင်း ရှင်းလင်း
ဖျက်သိမ်းရေးအတွက်ဆောင်ရွက်ဖို့' ပေါ့ကွာ။ အဲဒီလို ကုမ္ပဏီကို စာရင်းရှင်းလင်း ဖျက်သိမ်းတဲ့အခါ
ဥပဒေအကြောင်းအရာ အရေးယူစရာတွေရှိလာရင်လည်း အရေးယူနိုင်မယ်ဆိုတဲ့သဘောမျိုးနဲ့
အကြံပြုခဲ့တာလို့ ငါမှတ်မိတယ်"

"ရှေ့နေချုပ်ရုံးက အကြံပြုတဲ့အတိုင်း မဆောင်ရွက်လို့ အမှုဖြစ်တာနေမှာပေါ့ဆရာ"

"ဒို့ရုံးက အဲဒီလိုပြန်ကြားပြီး ရက်ပိုင်းအတွင်းမှာပဲ သတင်းကြားသိရတာကတော့ အဲဒီဖက်စပ်
လုပ်တဲ့စက်ရုံနဲ့ ရုံးခန်းကို အစိုးရဘက်က အင်အားသုံးဝင်ရောက်သိမ်းပိုက်ပြီး ဖက်စပ် ကုမ္ပဏီ
လုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ဘက်က ၀န်ထမ်းတွေကိုလည်း
မောင်းထုတ်လိုက်တယ်တဲ့ကွာ။၊ အဲဒါမှန် မမှန်ကိုတော့ အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အဆင့်မြင့်အဖွဲ့ အစည်းတစ်ခုရဲ့ အစည်းအဝေးမှာ အဲဒီသတင်းကို လူကြီး
တွေအချင်းချင်း အလွတ်သဘော ပြောဆိုနေကြတာကိုတော့ ငါကိုယ်တိုင်ကြား သိခဲ့ရတယ်။
အထက်အမိန့်ရလို့သာ လုပ်တာ ဖြစ်တယ်လို့ နားလည်ထားကြပုံ ရတယ်ကွ။ ဘယ်သူမှတော့
ပွင့်ပွင့်လင်းလင်းမပြောကြဘူး"

"မြန်မာနိုင်ငံအနေနဲ့ ဥပဒေမဲ့လုပ်တယ်ဆိုပြီး သိက္ခာချခံရတယ် မဟုတ်လားဆရာ"

"အဲဒီတုန်းက နိုင်ငံခြားသတင်းတွေမှာ အဲဒီလိုပါ မပါတော့ ငါသေချာမသိခဲ့ဘူး။ အဲဒါက ဥပဒေ
ပြဿနာမဟုတ်တော့ ထားလိုက်တော့။ နောက်ပိုင်းမှာ လိုက်လာတဲ့ဥပဒေ ပြဿနာက
အငြင်းပွားမှုကို စင်ကာပူနိုင်ငံမှာ Arbitration ပုလုပ်ဖြေရှင်းဖို့ Arbitration ခုံရုံး ဖွင့်လိုက်တယ်။
အဲဒီအချိန်တုန်းက အနောက် နိုင်ငံတွေကလည်း မြန်မာနိုင်ငံကို အဘက်ဘက်က ဖိနှိပ်နေတဲ့အချိန်
ဆိုတော့ အကွက်တွေ့ပြီဆိုတဲ့ သဘောလားတော့ မသိဘူးကွ။ ခုံရုံးအဖွဲ့ဝင်တွေကတော့
ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက ပါမောက္ခတွေလို့ ငါမှတ်မိတယ်"

"သက်ဆိုင်တဲ့စာချုပ်မှာက မြန်မာနိုင်ငံရဲ့ Arbitration Act အရ ဖြေရှင်းမယ်လို့ သဘောတူထား
ကြတာမဟုတ်လား ဆရာ။ ဘယ်လိုလုပ်ပြီး အဲဒီ ပါမောက္ခဆိုတာကြီးတွေက ပါလာရတာလဲ
ဆရာ"

"အဲဒါ ဥပဒေပြဿနာပေါ့ကွာ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေပြီဆိုတော့
ဒို့အရင်က ဆွေးနွေးခဲ့ပြီးဖြစ်တဲ့ အာဆီယံစာချုပ်ပါ ၀ါရှင်တန်ကွန်ဗင်းရှင်းအရ Arbitration ခုံအဖွဲ့ကို
ဖွဲ့ပေးတာပေါ့ကွာ။ ဒါပေမဲ့ ဥပဒေအချက် တစ်ချက်တည်းနဲ့ အဲဒီ ခုံကျိုးသွားတယ်လို့ သိရတယ်ကွ။
မြန်မာဘက်က အမှုနိုင်လိုက်တာပေါ့ကွာ"

"ဘယ်လိုပါလဲ ဆရာ"

"အဲဒီရင်းနှီးမြှုပ်နှံမှုစာချုပ်က မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမဝင်မီကတည်းက ချုပ်ထားတဲ့ စာချုပ်
ဆိုတော့ ဥပဒေသဘောအရ နောက်ကြောင်းပြန် အာဏာမသက်ရောက်တဲ့အတွက် အဲဒီခုံရုံး
အနေနဲ့ အဲဒီအငြင်းပွားမှုကို ဆုံးဖြတ်နိုင်တဲ့ အာဏာမရှိဘူးလေကွာ။ အဲဒီအမှုကို ခုံရုံးကဆက်ပြီး
စစ်ဆေးမယ်ဆိုရင်လည်း ဒို့အရင်က ဆွေးနွေးခဲ့တဲ့ ဥပဒေပြဿနာတွေ ပေါ်ဦး မှာပဲကွ"

"အဲဒီလို စီရင်ပိုင်ခွင့်မရှိဘူး ဆိုပေမယ်လို့ အဲဒီတုန်းက ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ အနေနဲ့
စင်ကာပူကို အကြိမ်ကြိမ် သွားရောက်ပြီး ရှေ့နေငှားတာတွေ၊ အမှုဆိုင်တာတွေ လုပ်ရတယ်လို့
သိရတယ်ဆရာ၊ အဲဒါဘာကြောင့်ပါလဲ"

"အဲဒါနဲ့ ပတ်သက်လို့ အသေးစိတ်အချက် အလက်တွေကိုမသိရတော့ ပြောဖို့ခက်တယ်ကွ။
၀ါရှင်တန်ကွန်ဗင်းရှင်းရဲ့ Article 36 အရ ဆိုရင်တော့ အငြင်းပွားမှုကို Arbitration နည်း နဲ့ ဖြေရှင်း
လိုသူ နိုင်ငံသား/ကုမ္ပဏီအနေနဲ့ အဲဒီကွန်ဗင်းရှင်းအရ Arbitration ကိစ္စတွေကို ကြီးကြပ်တဲ့
"The International Bank for Reconstruction and Development" ရဲ့ အတွင်းဝန်ချုပ်ထံကို
အကြောင်းကြားရမယ်။ အဲဒီလို အကြောင်းကြားတဲ့အခါ အတွင်းဝန်ချုပ်က မှတ်ပုံတင်ပြီး
သက်ဆိုင်ရာအမှုသည်တွေထံ နို့တစ်စာပေးရမယ်။ ဗမအငခူန ၃၇ အရ အဲဒီလို နို့တစ်စာပေးပြီး
မရှေးမနှောင်းမှာပဲ Arbitral Tribunal (အနုညာတဆုံးဖြတ်ရေးခုံရုံး) ကို ဖွဲ့စည်းပေးရမယ်ကွ။ အဲဒီ
လုပ်ထုံးလုပ်နည်းအရ အခုပြောခဲ့တဲ့ အနုညာတ ဆုံးဖြတ်ရေးခုံရုံး (Arbitral Tribunal) ကို ဖွဲ့ခဲ့တာ
ဖြစ်မှာပေါ့"

"ဒီအမှုရဲ့ အကြောင်းခြင်းရာအရနဲ့ လုပ်ထုံး လုပ်နည်းအရဆိုရင် အဲဒီလို စင်ကာပူမှာသွားပြီး
အမှုဆိုင်ဖို့လိုဦးမလား ဆရာ"

"ဟာ၊ မင်းကလည်းကွာ၊ မလိုဘဲနဲ့ လုပ်ပါ့မလားကွ။ အမှုအကြောင်းအရာအပြည့်အစုံကို မသိရဘဲ
ကိုယ်ထင်ရာမြင်ရာ စွတ်ပြောနေလို့ မဖြစ်ဘူးလေ။ အမှုသွားဆိုင်တယ်ဆိုတာ လိုအပ်လို့ နေမှာပေါ့
ကွာ"

"မလိုအပ်ဘဲ သွားပြီး အမှုဆိုင်နေတာ ဆိုရင်တော့ စရိတ်တွေ မကုန်သင့်ဘဲ ကုန်မှာပေါ့ ဆရာ။
ကိုယ်က အမှုနိုင်လို့ တရားစရိတ်ပြန်ရရင်တောင်မှ အမှန်ကုန်ကျထားတဲ့ တရားစရိတ်ကို ကာမိမှာမှ
မဟုတ်တာ"

"မင်းကလည်း အတွန့်တက်နေပြန်ပါပြီ။ ဒီအမှုမဟုတ်ဘဲနဲ့ အကြောင်းခြင်းရာချင်းတူတဲ့ တခြား
တစ်မှုမှာ တရားပြိုင်ဖြစ်တဲ့ သူက မင်းကို ရှေ့နေအဖြစ်လာငှားရင် မင်းဘယ်လို လုပ်မှာလဲ၊ ကဲ ...
ပြော"

"Arbitration အမှုဖွင့်ထားကြောင်း အဲဒီ အပြည်ပြည်ဆိုင်ရာဘဏ်ရဲ့ အတွင်းဝန်ချုပ်က တစ်ဖက်
အမှုသည်ကို နို့တစ်စာပေးပို့မှာဖြစ်တယ်လို့ ဆရာပြောခဲ့တယ် မဟုတ်လား။ အဲဒီ နို့တစ်စာကို
အမှုသည်ရဲ့ ရှေ့နေအဖြစ် ကျွန်တော်က ပြန်ကြားစာပို့လိုက်မှာပေါ့ဆရာ"

"ဘယ်လိုပို့မှာလဲ"

"နို့တစ်စာကို ပြန်ကြားမယ့်စာမှာ ပါ၀င်မယ့် အချက်တွေက (၁) ကျွန်တော့်အမှုသည်ပါ၀င်ချုပ်
ဆိုထားတဲ့စာချုပ်မှာ 'အငြင်းပွားမှု ပေါ်ပေါက်တဲ့အခါ The Myanmar Arbitration Act, 1944
အရဖြေရှင်းမယ်' လို့ သဘောတူညီချက်ပါရှိတဲ့ အတွက် အခုကိစ္စမှာ ၀ါရှင်တန်ကွန်ဗင်းရှင်းနဲ့
မသက်ဆိုင်ကြောင်း၊ (၂) ၀ါရှင်တန်ကွန် ဗင်းရှင်းမှာ အစိုးရအချင်းချင်းချုပ်ဆိုထားတာ ဖြစ်တဲ့အပြင်
မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ၀င်ရောက်ထားမှုမရှိခြင်းကြောင့် ကျွန်တော့် အမှုသည်အပေါ် အာဏာ
သက်ရောက်မှု (binding) မရှိကြောင်း၊ (၃) အာဆီယံစာချုပ်မှာ လည်း အစိုးရအချင်းချင်း ချုပ်ဆို
ထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် ကျွန်တော့်အမှုသည် အပေါ် အာဏာသက်ရောက်မှုမရှိကြောင်း၊
(၄) အကယ်၍ ယင်းစာချုပ် အာဏာသက်ရောက်မှု ရှိသည်ဆိုလျှင်ပင် ယခုပြဿနာကို ပေါ်ပေါက်
စေတဲ့စာချုပ်ဟာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ထဲ မဝင်မီ ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်တာကြောင့်
အာဆီယံစာချုပ်ဟာ ကျွန်တော့်အမှုသည် အပေါ် နောက်ကြောင်းပြန်ပြီး အာဏာသက်ရောက်မှု
မရှိကြောင်း၊ (၅) ဖော်ပြပါအကြောင်းများကြောင့် ၀ါရှင်တန် ကွန်ဗင်းရှင်းအရ ဖွဲ့စည်းပေးသော
အနုညာတ ဆုံးဖြတ်ရေးခုံရုံးမှာ တရားမဝင်သော၊ ဤအငြင်းပွားမှုကို စီရင်ပိုင် ခွင့်မရှိသော ခုံရုံး
ဖြစ်ကြောင်း စတာတွေပေါ့ ဆရာ။ အဲဒီစာကို အတွင်းဝန်ချုပ်ဆီကို ဖက်စ်နဲ့ရော၊ စာတိုက်ကရော
ပို့လိုက်မယ်ဆရာ၊ မပိုင်ဘူးလား၊ ဟဲ...ဟဲ"

"အဲဒီလိုဆိုရင် အဲဒီခုံရုံးက တရားလိုကိုပဲ တစ်ဖက်သတ် (ex parte) စစ်ဆေးပြီး ဆုံးဖြတ်ချက်
ချလိုက်မှာပေါ့ကွ"

"အဲဒီလို ဆုံးဖြတ်ချက် ချခွင့်ရှိလို့လား ဆရာ"

"၀ါရှင်တန်ကွန်ဗင်းရှင်းရဲ့ Article 45 အရ ခုံရုံးမှာ အဲဒီလိုအာဏာရှိတယ်ကွ"

"အဲဒီလိုဆိုလည်း အဲဒီတုန်းကတော့ ကျွန်တော့် အမှုသည်အတွက် နစ်နာမှုမရှိနိုင်ပါဘူး ဆရာ။
ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က မြန်မာနိုင်ငံအနေနဲ့ ၀ါရှင်တန်ကွန်ဗင်းရှင်းကိုရော နယူးယော့ခ်
ကွန်ဗင်းရှင်းကိုပါ မဝင်ရောက်ရသေးတဲ့အတွက် အဲဒီခုံရုံးရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်
(ex parte arbitral award) ကို မြန်မာနိုင်ငံတရားရုံးတွေမှာ အကောင်အထည်ဖော်လို့ မရနိုင်ဘူး
ဆရာ။ ဆရာပြောခဲ့သလို အဲဒီဆုံးဖြတ်ချက်က စက္ကူစုတ်ပဲဖြစ်မှာပေါ့"

"အေးကွာ၊ ငါ့တပည့်ဒီလောက်တော်မှန်း ခုမှပဲသိရတော့တယ်၊ ပြန်တော့"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021