အခုတစ်လော ထိပ်ဆုံးရောက်လာတဲ့ သတင်း တစ်ပုဒ်ကတော့ မလေးရှားနိုင်ငံကို သွားရောက်တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို ကွာလာလမ်ပူမြို့မှာ ဆိုင်ကယ်စီးသမား နှစ်ယောက်ကနေ သေနတ်နဲ့ ပစ်ခတ်တယ် ဆိုတဲ့ သတင်းပါ။
အခုတစ်လော ထိပ်ဆုံးရောက်လာတဲ့ သတင်း တစ်ပုဒ်ကတော့ မလေးရှားနိုင်ငံကို သွားရောက်တဲ့
ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို ကွာလာလမ်ပူမြို့မှာ ဆိုင်ကယ်စီးသမား နှစ်ယောက်ကနေ
သေနတ်နဲ့ ပစ်ခတ်တယ် ဆိုတဲ့ သတင်းပါ။
တရားခံဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် ဘယ်သူတွေ၊ ဘယ်အဖွဲ့ အစည်းဝင်တွေက
ဘာအကြောင်းကြောင့် ခုလို လုပ်ကြံဖို့ ကြိုးစားသလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့ကတော့ ဒါဟာ မလေးရှားနိုင်ငံသားတွေ မဟုတ်ဘူး၊
မြန်မာနိုင်ငံထဲက လာတဲ့သူတွေ လုပ်ကြံဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်ဆိုပြီး အကြမ်းဖျင်းသုံးသပ်
ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့၊ ခုထိလည်း ပြေလည်မှု
မရသေးတဲ့ မတူတဲ့ လူမျိုးစုနှစ်စု အကြားက ပဋိပက္ခ ပြင်ပကမ္ဘာအထိ ဂယက်ရိုက်သွားတယ်၊
ပျံ့နှံ့မှု ရှိနေတယ် ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
ဒီလို ပြဿနာ ဘာကြောင့် ပေါ်ပေါက်လာသလဲ၊ ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်နေသလဲ၊
ရခိုင်ပြည်နယ်သားတွေ အကျိုးစီးပွားအတွက် ဘယ်လို ဖြေရှင်းကြရင် ကောင်းမလဲဆိုတာ
ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ရခိုင်ပြည်နယ်က ပြဿနာတွေ
အားလုံးသိကြတဲ့အတိုင်း ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်
ဘင်္ဂါလီတွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြသနာတွေ မအေးငြိမ်းသေးပါဘူး။
နဂို အခြေအနေ ပြန်မရောက်သေးပါဘူး။ သေဆုံးသူ တစ်ရာကျော်၊ ဒဏ်ရာရသူများစွာနဲ့ ရခိုင်
ဒုက္ခသည် လေးထောင်ကျော်၊ ဘင်္ဂါလီ ဒုက္ခသည် တစ်သိန်းကျော် ပေါ်ပေါက်ခဲ့ပြီး ပြဿနာတွေ
ကုစားနေဆဲ ဖြစ်ပါတယ်။
နောက်ပိုင်း သံတွဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား ကမန်လူမျိုး
တွေ ပဋိပက္ခ ဖြစ်ခဲ့ကြပါသေးတယ်။
သိပ်မကြာသေးခင်တုန်းကလည်း တရုတ်ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်မှာ
တရုတ်နဲ့ မြန်မာအလုပ်သမားတွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး မြန်မာအလုပ် သမားတွေက အဆောက်အအုံ
တွေ၊ ရေနံလှောင်ကန်တွေကို မီးတင်ရှို့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အနီးကပ်ဆုံး အခြေအနေမှာတော့ ရခိုင်တိုင်းရင်းသားရဲတပ်ကြပ်ကြီး တစ်ယောက် လုံခြံုရေး
တာဝန်ထမ်းဆောင်ရင်း မောင်တောမြို့နယ် ဒူးချီးယားတန်းကျေးရွာမှာ ပဋိပက္ခဖြစ် ပျောက်ဆုံး
နေပြီး သေဆုံးပြီလို့ ယူဆနေကြပါတယ်။
တစ်ဆက်တည်း ဒူးချီးယားတန်း အနောက်ကျေးရွာမှု မီးရှို့မှုဖြစ်ပွားခဲ့ပြီး ပြဿနာ နှစ်ခုစလုံး
အတွက် သမ္မတက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းခိုင်းနေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
လတ်တလော ရက်ပိုင်းအတွင်းမှာလည်း စစ်တွေနဲ့ မြောက်ဦးမြို့တွေမှာ ဒေသခံ ရခိုင်တိုင်းရင်းသား
တွေက ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ထွက်သွားဖို့ White Card
ကိုင်ထားသူတွေကို မဲပေးခွင့်ပေးထားတာ ပြန်ရုပ်သိမ်းပေးဖို့၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို
အကောင်အထည်ဖော်ဖို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ကြပါတယ်။
ခြံုပြီးပြောရရင် ဆူပွက်နေတဲ့ ရခိုင်ပြည်နယ်ပါ။ ကောင်းတာဘာရှိသလဲ ရခိုင်ပြည်နယ်အတွက်
ကောင်းကွက်တွေလည်း အများကြီး ရှိပါတယ်။
ခေတ်သမိုင်းမှာ မကြံုဖူးလောက်အောင် ရခိုင်တိုင်းရင်းသားတွေ ညီညွတ်လာပြီး သိပ်မကြာ
သေးခင်တုန်းကပဲ ရခိုင်နိုင်ငံရေးပါတီနှစ်ခု အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့ပါတယ်။
တောင်းဆိုမှုတွေကြောင့် ကျောက်ဖြူမှာ ပထမဦးဆုံးအကြိမ် ၂၄ နာရီ မီးရပါတယ်။ ပြည်မကနေ
ပင်မ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနေပြီး အဲဒီစီမံကိန်းပြီးသွားရင် ရခိုင်ပြည်နယ်မှာ
လျှပ်စစ်မီး မရတာ၊ အလွန်ကြီးမြင့်တဲ့ ဈေးနှုန်းနဲ့ သုံးနေရတာတွေ ပြီးဆုံးသွားနိုင်ပါတယ်။
ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း အပါအဝင် အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ပြင်ဆင်နေပြီး
စီးပွားရေး အခွင့်အလမ်း တိုးတက်လာဖို့လည်း ရှိနေပါတယ်။
ဒါတွေက ကောင်းကွက်တွေပါ။ လက်တွေ့ဘဝ၊ အရှိတရား ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်
ရှားပါးလို့ တချို့ ရန်ကုန်အပါအဝင် ပြည်မဘက် ထွက်ခွာ အလုပ်လုပ်ကြပါတယ်။
တချို့ မလေးရှားလို နိုင်ငံခြားထွက် အလုပ်လုပ်ကြပါတယ်။ ရခိုင်တိုင်းရင်းသားခေါင်းဆောင်
ဦးအေးသာအောင်ရဲ့ ပြောကြားချက်အရ မလေးရှားမှာ သွားအလုပ်လုပ်တဲ့ ရခိုင်တိုင်းရင်းသား
အရေအတွက် စုစုပေါင်း ရှစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
နည်းတဲ့ အရေအတွက် မဟုတ်ပါဘူး။ ရခိုင်မှာ အလုပ်အကိုင် ရှားပါးလွန်းလို့ ပဋိပက္ခတွေ
ရှိတဲ့တိုင်၊ သတ်ဖြတ်မှုတွေ ရှိနေတဲ့တိုင်၊ အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့
နိုင်ငံဖြစ်တဲ့တိုင် ပြန်မလာချင်ကြဘူးလို့ ဦးအေးသာအောင် က ပြောပါတယ်။
ဒါတင်မက ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်နေကြတဲ့ ရခိုင်တိုင်းရင်းသား အရေအတွက်ကလည်း
သုံးသိန်းကျော်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်းတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင်လည်း ရခိုင်ပြည်နယ်ဟာ
ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေပါတယ်။
သာယာလှပတဲ့ ကမ်းခြေတွေ၊ ငါးသယံဇာတ ပေါများတဲ့ပင်လယ်နဲ့ အဖိုးတန် ကမ်းလွန် သဘာဝ
ဓာတ်ငွေ့တွေ ထွက်နေတဲ့တိုင် ရခိုင်ပြည်နယ်ဟာ ဆင်းရဲနေတာပါ။
ရခိုင်တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်နေတာပါ။ ဒီအတွက် ရခိုင်ခေါင်းဆောင်တွေရဲ့ လက်ရှိ
အဓိကအကျဆုံး တာဝန်ဟာ ရခိုင်ပြည်နယ်ကို ဆင်းရဲတွင်းထဲက ဆွဲထုတ်ဖို့၊ ရခိုင်တိုင်းရင်းသား
တွေ ဘက်ပေါင်းစုံကနေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်အောင်ဘာတွေလုပ်ရမလဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ရခိုင် တိုင်းရင်းသားတွေ
အဘက်ဘက်က နိမ့်ကျ နေရာကနေ ဆွဲတင်ဖို့ဆိုရင် ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု
ရှိဖို့လိုပါတယ်။
လောလောဆယ် တည်ငြိမ်အေးချမ်းမှု မရှိပါဘူး။ တည်ငြိမ်အေးချမ်းမှု မရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ
ရောက်လာဖို့ အပါအဝင် နောက်ထပ် ဘာမှထပ်ပြီး မျှော်လင့်လို့ မရနိုင်ပါဘူး။
ဒီနေရာမှာ ရခိုင်တိုင်းရင်းသားတွေ မျက်နှာမူမိနေတာက ဘင်္ဂါလီ ပြဿနာပါ။
တကယ်တော့ ဘင်္ဂလီပြဿနာဟာ အခုမှမဟုတ် အရင်အစိုးရအဆက်ဆက်ကတည်းက တည်ရှိ
လာခဲ့တာ။ အခု ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ ဖြေရှင်းရမယ်ဆိုပြီး ခေါင်းဆောင်
တစ်ယောက်ဖြစ်တဲ့ ဦးဦးလှစောကလည်း ပြောဖူးပါတယ်။
အဓိက အချက်ကတော့ ရခိုင်တွေ၊ ဆင်းရဲမွဲတေနေတာဟာ ဘင်္ဂလီတွေ လုပ်ထားလို့ မဟုတ်ဘူး
ဆိုတာပါ။ နောက်တစ်ချက်က ဘင်္ဂါလီတွေဟာ နိုင်ငံသားလား၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတွေလား၊
ဒုက္ခသည်တွေလား၊ နိုင်ငံမဲ့တွေလား ဘာမှ မသေချာ မရေရာသေးတဲ့ လူအုပ်စုကြီးပါ။
အဲဒီ လူအုပ်စုကြီး လက်ထဲမှာ ဘာအုပ်ချုပ်ရေးအာဏာမှ မရှိသလို ဘာလက်နက်ကိုင်ယန္တရား
မှလည်း ရှိခဲ့တာ မဟုတ်ပါဘူး။ လက်ရှိမှာလည်း မရှိပါဘူး။
ပြောရရင် မြန်မာအစိုးရ အုပ်ချုပ်မှုအောက်မှာ နေရတဲ့၊ ရခိုင်တိုင်းရင်းသားတွေကို ဘယ်လို
ဒုက္ခမျိုးမှ ပေးဖို့ စွမ်းအားမရှိတဲ့၊ ဘာစီးပွားရေး အင်အားမှလည်း မရှိတဲ့ လူအုပ်စုကြီး ဖြစ်ပါတယ်။
ဘင်္ဂါလီတွေကို ဘယ်လို သဘောထားမလဲ ဘင်္ဂါလီတွေကို ဘယ်လို အဆင့်အတန်း သတ်မှတ်
မယ်ဆိုတာ အစိုးရအဖွဲ့၊ လွှတ်တော်၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ လုပ်ကြရပါလိမ့်မယ်။
သေချာတာ တစ်ခုကတော့ သူတို့တွေ တစ်နေရာရာ ထွက်ခွာသွားဖို့ အခြေအနေ မရှိသေးသ၍
တော့ မြန်မာ့ပြည် မြန်မာ့ရေ၊ ရခိုင်ပြည်နယ်မှာ ရှိနေဦးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရှိနေသမျှ မတူတဲ့ လူမျိုးစုနှစ်စု ပဋိပက္ခ မဖြစ်ဘဲအေးအေးချမ်းချမ်း အတူတကွ
နေထိုင်ဖို့လိုပါတယ်။
ပူလောင်နေတာ မီးတောက်နေတာ မကောင်းပါဘူး။ အကြောင်းကတော့ အဲဒီ မီးတောက်မီးလျှံဟာ
ရခိုင်ပြည်နယ်မှာ၊ တစ်နည်း မြန်မာပြည်ထဲမှာ ဖြစ်နေလို့ပါပဲ။
ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ် ကိုယ့်ရွာမှာ မီးတောက်လောင်နေတာ ဘယ်သူမှ လက်ခံဖို့
မသင့်ပါဘူး။ ဒီအတွက် အတူတကွ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေနိုင်ကြဖို့ လိုပါတယ်။
နောက်ဆုံး ကုန်ကုန်ပြောရရင် ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေကို
ရခိုင်ပြည်နယ်ထဲက ပဋိပက္ခဖြစ်ခဲ့တဲ့၊ ဖြစ်နိုင်တဲ့ နေရာဒေသတွေမှာ တာဝန်ပေး ထမ်းဆောင်
စေတာမျိုးကနေ ကင်းလွတ်ခွင့်ပေးသင့်ပါတယ်။
ဒါဟာ ပဋိပက္ခဖြစ်လာရင် အခြေအနေ ပိုဆိုးလာနိုင်တာ၊ နောက် နိုင်ငံတကာက အထင်အမြင်
လွဲမှားလာနိုင်စရာ အကြောင်းတွေရှိလို့ ဖြစ်ပါတယ်။
ဒီတာဝန်ကို ဗဟိုအစိုးရ လုံခြံုရေးတာဝန်ရှိသူတွေကပဲ အပြည့်အဝ တာဝန်ယူသင့်ပါတယ်။
အဲဒီ ရဲတပ်ဖွဲ့၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေဟာ နယ်စပ်ကို ကာကွယ်ရပါမယ်၊ ပြည်နယ်ကို
လုံခြံုမှုပေးနိုင်ရပါမယ်၊ ရခိုင်တိုင်းရင်းသားတွေကို အပြည့်အဝ လုံခြံုမှုပေးနိုင်ရပါမယ်၊ ဘင်္ဂါလီတွေ
ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာကနေ အကာအကွယ်ပေးနိုင်ရပါမယ်။
ဒီလို လုပ်ကိုင်ဆောင်ရွက်တာအားလုံးဟာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ လျော့နည်းပြီး အေးချမ်း
တည်ငြိမ်လာဖို့ပဲ ဖြစ်ပါတယ်။
အေးချမ်း တည်ငြိမ်လာမှပဲ ဖွံ့ဖြိုးရေးကိစ္စ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ်ကို ဆင်းရဲမွဲတေမှု
ကနေ ဆွဲထုတ်ဖို့ လမ်းကြောင်းပေါ် ရောက်လာမှာ ဖြစ်ပါတယ်။
ဒီအတွက် မလေးရှားမှာ တိုက်ခိုက်ခံလိုက်ရတဲ့ ရခိုင်ခေါင်းဆောင်တွေအနေနဲ့ ရန်ကိုရန်ချင်း
တုံ့နှင်းကြမလား၊ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေ ငြိမ်းအေးသွား
အောင် ကြိုးစားကြမလားဆိုတာ စဉ်းစားဆုံးဖြတ်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်
တင်ပြလိုက်ရပါတယ်။
















