အများပိုင်ကုမ္ပဏီတွေကို သတိထားကြ

အများပိုင်ကုမ္ပဏီတွေကို သတိထားကြ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က လုပ်တဲ့ အိတ်ချိန်းဆိုင်ရာ ဆွေးနွေးပွဲမှာ ဂျပန်ဒိုင်ဝါအင်စတီကျုသုတေသနဌာန ဒုဥက္ကဋ္ဌ မစ္စတာယူဆူ ကီကာဝါမူရက မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ဈေးကွက်ဖြစ်ပေါ်လာဖို့ အိတ်ချိန်းမှာ ပါ၀င်နိုင်မယ့် ကုမ္ပဏီပေါင်း ၆၀ ကျော်နဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က လုပ်တဲ့ အိတ်ချိန်းဆိုင်ရာ ဆွေးနွေးပွဲမှာ ဂျပန်ဒိုင်ဝါအင်စတီကျု
သုတေသနဌာန ဒုဥက္ကဋ္ဌ မစ္စတာယူဆူ ကီကာဝါမူရက မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ဈေးကွက်
ဖြစ်ပေါ်လာဖို့ အိတ်ချိန်းမှာ ပါ၀င်နိုင်မယ့် ကုမ္ပဏီပေါင်း ၆၀ ကျော်နဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့
ထုတ်ဖော်ပြောဆိုပါတယ်။

ဂျပန်ဒိုင်ဝါကုမ္ပဏီဟာ ၂၀၁၅ မကုန်ခင် မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဈေးကွက်တစ်ခု ပေါ်ပေါက်
လာရေးကြိုးပမ်းနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

တစ်ဆက်တည်းပါပဲ အစိုးရက ခွင့်ပြုမိန့် မြန်မြန်ဆန်ဆန်ချပေးလို့ အများပိုင် ကုမ္ပဏီတွေ
အများအပြားပေါ်ပေါက်လာပြီး ရှယ်ယာတွေရောင်းချဖို့ ကြိုးစားနေကြတာကြောင့် အဲဒါတွေကို
သိပ်မယုံကြည်ကြဖို့ ဘဏ္ဍာအခွန် ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက သတိပေးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် မြစ်ကြီးနား မြို့တော်ခန်းမမှာ မြို့ခံတွေနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။

တကယ်တော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ စတော့အိတ်ချိန်းဈေးကွက်
မရှိသေးတဲ့ ရှားရှားပါးပါး နိုင်ငံပါ။

စတော့အိတ်ချိန်း ဈေးကွက်ဆိုတာကလည်း ခိုင်မာတောင့်တင်းတဲ့၊ ယုံကြည်စိတ်ချရတဲ့ အများပိုင်
ကုမ္ပဏီတွေကို အခြေခံပြီး ဖော်ဆောင်ရတာမျိုးပါ။ လက်ရှိ မြန်မာနိုင်ငံထဲက အများပိုင်ကုမ္ပဏီတွေ
အခြေအနေ ဘယ်လိုရှိနေသလဲ၊ အရင်က ဘာတွေ ဖြစ်ခဲ့သလဲ၊ နောင်ဘာတွေ ဆက်ဖြစ်လာနိုင်
သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အရင်က

အားလုံးသိကြတဲ့အတိုင်း စစ်အာဏာရှင်ခေတ်ကဆို အောင်မြင်တဲ့ အများပိုင်ကုမ္ပဏီတွေဆိုတာ
လက်ချိုးရေတွက်လိုက်ရင်တောင် လက်တစ်ဖက်မပြည့်ပါဘူး။

အဲလိုအခြေအနေ အောက်မှာ ၁၉၉၅ နောက်ပိုင်း အများပြည်သူကို ရှယ်ယာရောင်းတဲ့ ကုမ္ပဏီ
တချို့ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်။

ဒါပေမဲ့ ဒီကုမ္ပဏီတွေဟာ အများပိုင် ကုမ္ပဏီတွေအဖြစ် မှတ်ပုံတင်ထားတာ မဟုတ်ဘဲ ရှယ်ယာ
ထုတ်ရောင်းတဲ့ သဘောလုပ်ကိုင်ကြတာပါ။

တူညီတဲ့ လုပ်ပုံလုပ်နည်းကတော့ သူတို့ဟာ အမြတ်အစွန်း သေချာတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ
လုပ်ကိုင် နေတယ်။ အဲဒီအတွက် သူတို့ ကုမ္ပဏီတွေမှာ ငွေထည့်ပါ။ အဲလို ငွေလာထည့်ရင်
ကုမ္ပဏီက အမြတ်ဘယ်လောက်ရှိရှိ၊ ဘယ်လောက် ရှုံးရှုံး ငွေလာထည့်ထားသူတွေကို တစ်လ
အတိုး ငါးရာခိုင်နှုန်းပေးမယ်၊ ခြောက် ရာခိုင်နှုန်းပေးမယ်၊ ခုနစ်ရာခိုင်နှုန်းပေးမယ် စသဖြင့်
ကြော်ငြာပါတယ်။

ဒီ ကြော်ငြာမှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေး၊ တားမြစ် ဟန့်တားတာ မရှိလေတော့
ပြည်သူအများစုက တကယ် အဟုတ်မှတ်ပြီး ငွေသွားထည့်ကြပါတယ်။ သိပ်မကြာပါဘူး။
အဲဒီကုမ္ပဏီတွေ အရှုံးပေါ်ပြီး ပြည်သူတွေ ငွေ အားလုံးဆုံးရှုံးကုန်ပါတယ်။

အဲဒီအချိန်က ပြဿနာပေါ်ခဲ့တဲ့ ကျုံယွမ်ကုမ္ပဏီဆို နာမည်ကြီးပါတယ်။

၂၀၀၀ ပြည့်နှစ် ၀န်းကျင် ရောက်လာတော့ ငွေစုငွေချေးသမဝါယမအသင်းတွေဆိုတာ မှိုလို
ပေါက်လာပြန်ပါတယ်။ သူတို့လည်း အလား တူပါပဲ။ ကိုယ့်မှာငွေအပိုတွေရှိရင် သူတို့ဆီ လာအပ်
ထားပါ။ တစ်လကို ငါးကျပ်တိုးကနေ ခုနစ်ကျပ်တိုးအထိ ပေးမယ်လို့ ဆိုကြပါတယ်။

ဧရာမြေ၊ မဟာဓနံ၊ ဓနသီရိ၊ လင်းသစ္စာ စတဲ့ ကုမ္ပဏီတွေ နာမည်ကြီးပါတယ်။ ဒီကုမ္ပဏီတွေ ဟာ
အများပိုင်ကုမ္ပဏီတွေအဖြစ် ဖွဲ့စည်းထားတာ မဟုတ်သလို ဘဏ်တွေလို ငွေရေးကြေးရေးလုပ်ငန်း
လုပ်ကိုင်ခွင့်ရှိတဲ့ ကုမ္ပဏီတွေလည်း မဟုတ်ပါဘူး။

ထုံးစံအတိုင်း အာဏာပိုင်အသိုင်း အဝိုင်းက အဲဒီ ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေကို စစ်ဆေး၊
တားမြစ်တာမျိုးတွေလည်း မလုပ်ပါဘူး။ စာနယ်ဇင်းရေးသားဖော်ပြခွင့်ကိုလည်း တင်းတင်းကျပ်ကျပ်
ပိတ်ပင်ထားတဲ့ အချိန်မို့ အဲဒီအကြောင်းရေးတာတွေကိုလည်း ဖော်ပြခွင့် မရကြပါဘူး။

ငွေသွားအပ်ထားလိုက်ရုံနဲ့ ဘာမှ မလုပ်ဘဲ တစ်နှစ်အတိုး ၆၀ ရာခိုင်နှုန်းကနေ ၈၄ ရာခိုင်နှုန်းအထိ
ရမယ်ဆိုတာကြောင့် မြန်မာနိုင်ငံအနှံ့က ပြည်သူတွေ အဲဒီကုမ္ပဏီတွေဆီ ငွေသွားအပ်ကြပါတယ်။
သူတို့ဆီမှာ ငွေအပ် စာချုပ်ချုပ်ဖို့အတွက်ကိုတောင် တန်းစီစောင့်ရတဲ့ အခြေအနေအထိ
အလုအယက် ငွေသွားအပ်ကြတာမျိုးပါ။

နောက်ပိုင်း အခြေအနေ သိပ်ဆိုးလာတော့ အာဏာပိုင်တွေက လက်သိပ်ထိုးပြီး ဆက်မလုပ်ဖို့
တားမြစ်ပါတယ်။ ဒီအခါ ငွေအပ်နှံထားတဲ့ ပြည်သူတွေ ငွေသွားပြန်ထုတ်တဲ့အခါ အနည်းစုကလွဲလို့
ပြည်သူအများစု သူတို့ငွေ ပြန်မရကြတော့ပါဘူး။

အဲဒီအချိန်က ငွေစုငွေချေးကုမ္ပဏီတွေ ရှေ့မှာ ကိုယ့်ငွေကိုယ်ပြန်ရဖို့ တန်းစီနေကြတဲ့ ဒေါသထွက်
နေတဲ့ ပြည်သူလူထုကြီးတွေကို ရန်ကုန်မြို့နေရာ အတော်များများမှာ မြင်တွေ့ ကြရပါတယ်။
နောက်ပိုင်း နားလည်သူတချို့က စုပြီး တရားစွဲကြပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားမှာ ဒုဝန်ကြီး ဦးမောင်မောင်သိမ်း ပြောသလိုပါပဲ။ အမှုနိုင်ပေမယ့်လည်း ဘာမှ
သိပ်ပြီး ပြန်မရကြပါဘူး။

နောက်ထပ် အများပိုင်တစ်ခေတ်

အခုနောက်ပိုင်း အစိုးရသစ်တက်လာပြီး ပီပြင်တဲ့ ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်ဖို့
လုပ်လာကြတဲ့အခါ စတော့ ရှယ်ယာ ဈေးကွက်ဖော်ဆောင်ဖို့ လိုလာပါတယ်။

ဒီအခါ တိုင်းပြည်မှာ စတော့ရှယ်ယာဈေးကွက် စတည်ထောင်ဖို့ အများပိုင် ကုမ္ပဏီတွေရယ်လို့
ပီပီပြင်ပြင် ငါးခုတောင် မရှိပါဘူး။

နောက်ပိုင်းလိုအပ်ချက်အရ အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ပေးလိုက်တဲ့အခါ ကာလတိုအတွင်း
အများပိုင်ကုမ္ပဏီတွေ မှိုလိုပေါက် လာပါတော့တယ်။

လုပ်ငန်းတစ်ခုခုကို အခြေပြုတဲ့ အများပိုင် ကုမ္ပဏီ၊ ဒေသတစ်ခုခုကို အခြေတည်တဲ့ အများပိုင်
ကုမ္ပဏီ၊ စီမံကိန်း တစ်ခုခုကို အခြေပြုတဲ့ အများပိုင်ကုမ္ပဏီ အများကြီး အများကြီးပေါ်လာတာပါပဲ။

ဆန်စပါး အများပိုင် ကုမ္ပဏီ၊ သတ္တု အများပိုင် ကုမ္ပဏီ၊ ရွှေလုပ်ငန်း အများပိုင် ကုမ္ပဏီ၊
ဆောက်လုပ်ရေး အများပိုင် ကုမ္ပဏီ၊ ဂျာနယ်ထုတ်မယ့် အများပိုင် ကုမ္ပဏီ၊ ဆက်သွယ်ရေး
အများပိုင် ကုမ္ပဏီ၊ စီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၊ ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ၊ တနင်္သာရီ
အများပိုင် ကုမ္ပဏီ၊ ရခိုင်ပြည်နယ် အများပိုင် ကုမ္ပဏီ၊ သီလဝါ ဟိုးလ်ဒင်းအများပိုင် ကုမ္ပဏီစသဖြင့်
အများပိုင်ကုမ္ပဏီတွေ ရာနဲ့ချီ ပေါ်လာပါတယ်။

အများပိုင် ကုမ္ပဏီတွေလို့ ဆိုပေမယ့် အများစုဟာ အများပိုင် ကုမ္ပဏီဆိုင်ရာ လုပ်ထုံးလုပ်နည်း
တွေကို အပြည့်အဝအကောင်အထည် ဖော်နိုင်ခြင်းတော့ မရှိသေးပါဘူး။

အားလုံးတူညီတာ တစ်ခုကတော့ အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။ ပြည်သူတွေက လာဝယ်
ကြပါ။ လာရင်းနှီး မြှုပ်နှံကြပါဆိုတာတော့ တူညီကြပါတယ်။

ဒုဝန်ကြီးက သတိပေးပြီ

အခု အဲဒီကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ရင် စဉ်းစဉ်းစားစားနဲ့ လုပ်ပါဆိုပြီး ဘဏ္ဍာအခွန်
ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက သတိပေးခဲ့တာဖြစ်ပါတယ်။

ဒုဝန်ကြီးက "အများပိုင် ကုမ္ပဏီတွေ ထောင်ထားကြပေမယ့် အချိန်မရွေး ထွက်လို့ရအောင်
လေယာဉ်လက်မှတ်ဝယ်ထားပြီး အရေးအကြောင်းဆို ယိုးဒယားထွက်ပြေးမယ်၊ စင်ကာပူ
ထွက်ပြေးလို့ရအောင် လုပ်ထားတဲ့ သူချည်းပဲ။ အခု အဲဒါမျိုးတွေ ပေါနေတယ်။ စဉ်းစားဆင်ခြင်ပြီးမှ
လုပ်ကြပါ" လို့ ပြောဆိုခဲ့ပါတယ်။

ဂျပန် ဒိုင်ဝါ အင်စတီကျုသုတေသန ဌာနဒုဥက္ကဋ္ဌ မစ္စတာ ယူဆူကီကာဝါမူရကတော့
စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာရေးအတွက် အချက်သုံးချက်လိုတယ်လို့ သူက
ထောက်ပြပါတယ်။

အဲဒါတွေကတော့ ခိုင်မာ တောင့်တင်းတဲ့ အများပိုင်ကုမ္ပဏီကြီးတွေ ပေါ်ထွန်းလာမှု၊ ပုံမှန်လည်ပတ်
နေတဲ့ စတော့ အိတ်ချိန်းဈေးကွက်နဲ့ ပါ၀င်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို စနစ်တကျ စီမံ
ကွပ်ကဲနိုင်တဲ့ ှနခကမငအပ နထခ့ညေါန ဃသာာငျျငသည (ှနဃ) ကော်မရှင် တစ်ရပ်ရှိဖို့ပဲလို့
သူက ရှင်းပြပါတယ်။

ဘာလုပ်ကြမလဲ

တကယ်တော့ အများပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်
တွေ ရှိပြီးသားဖြစ်ပါတယ်။

အစိုးရဘက်က ဒီကုမ္ပဏီတွေ စည်းမျဉ်းစည်းကမ်း တိတိကျကျ လိုက်နာလာအောင် ထိန်းကျောင်း
နိုင်တဲ့ အခြေအနေရှိသင့်ပါတယ်။

အထူးသဖြင့် အစုရှယ်ယာတွေ ထုတ်ရောင်းဖို့ ခွင့်ပြုချက်ချပေးမယ့် အနေအထားမှာ တင်းတင်း
ကျပ်ကျပ် ကိုင်တွယ်ရပါမယ်။

နောက်တစ်ခု အရေးကြီးတာက အများပိုင် ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဗဟုသုတရှိရ
အောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတာမျိုး လုပ်ဖို့ လိုပါတယ်။

အခြားတစ်ဖက်မှာတော့ အများပိုင်ကုမ္ပဏီထူထောင် လုပ်ကိုင်နေတဲ့ သူတွေဘက်ကို ပွင့်လင်း
မြင်သာမှုရှိရှိ လုပ်လာအောင် တိုက်တွန်းဖို့ ဖြစ်ပါတယ်။

တကယ်တော့ အများပိုင်ကုမ္ပဏီတွေဆိုတာ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ
အများပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကုမ္ပဏီ အမျိုးအစား
တွေဖြစ်ပါတယ်။

ကုမ္ပဏီဆိုင်ရာ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားလို့ မရပါဘူး။

သတင်းဌာနတွေကို သတင်း မပြောချင်၊ ထိမ်ချန်ချင်လို့ မရပါဘူး။

အဲလို ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ကိုင်နိုင်အောင် အစိုးရ တာဝန်ရှိသူတွေဘက်က ထိန်းကျောင်းပေး
ရပါလိမ့်မယ်။

တကယ်လို့ အများပိုင်ကုမ္ပဏီဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကို မလိုက်နာ၊
ပျက်ကွက်တယ်၊ ဒါမှမဟုတ် အများပိုင်ကုမ္ပဏီအဖြစ်ကနေ ပယ်ဖျက်တယ် ဆိုတာမျိုးတွေကိုလည်း
ပြည်သူတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ပေးဖို့ လိုပါတယ်။

တကယ်တော့ စတော့ရှယ်ယာဈေးကွက်ဆိုတာ အများပိုင် ကုမ္ပဏီကြီးတွေကို မူတည်ပြီး
တည်ဆောက်ရတာမျိုးဖြစ်ပါတယ်။

မခိုင်မာတဲ့ ကုမ္ပဏီတွေနဲ့ တည်ဆောက်မိရင် စတော့ရှယ်ယာဈေးကွက်ကို စီးပွားရေးလောကနဲ့
နိုင်ငံတကာက အယုံအကြည်နည်းတာ၊ ပြိုလဲတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုကာလဟာ မိုးဦးကျ မှိုတွေပေါက်သလို တစ်ပွင့်ပြီး တစ်ပွင့် ပေါ်လာတဲ့
အများပိုင်ကုမ္ပဏီတွေမှာ အစုရှယ်ယာ ၀ယ်မယ်ဆိုရင် ဒုဝန်ကြီး ဦးမောင်မောင်သိမ်း ပြောသလို
စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကြပါလို့ အများပြည်သူ အကျိုးမျှော် တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021