ဆရာသည် ပညာရေးဥယျာဉ်မှူး၊ ပညာရေး စနစ်တစ်ခု၏ အခရာ

ဆရာသည် ပညာရေးဥယျာဉ်မှူး၊ ပညာရေး စနစ်တစ်ခု၏ အခရာ

ပညာရေးဌာနမှာ ဆရာကြီးတချို့ဟာ ဒုတိယ ၀န်ကြီး၊ ၀န်ကြီးတွေ ဖြစ်သွားကြပေမယ့် ဆရာလို့ပဲ အခေါ်ခံချင်ကြတယ်။

ပညာရေးဌာနမှာ ဆရာကြီးတချို့ဟာ ဒုတိယ ၀န်ကြီး၊ ၀န်ကြီးတွေ ဖြစ်သွားကြပေမယ့် ဆရာလို့ပဲ
အခေါ်ခံချင်ကြတယ်။

ကျောင်းဆရာ၊ တက္ကသိုလ် ဆရာဘဝမှာ တပည့်တွေရဲ့ ကြည်ညိုလေးစားမှုကို ခံရတဲ့ ဆရာကြီး၊
ဆရာမကြီးတွေရဲ့ ရင်ထဲက ပီတိဟာ ဘာနဲ့မှ လဲလို့မရပါလား။

ကွယ်လွန်သွားပြီဖြစ်ပေမယ့် ဆရာကြီး တပည့်တွေနဲ့ တပည့်မဖြစ်ဖူးတဲ့ ကျွန်မတို့လို ပညာရေး
အသိုင်းအဝိုင်းက လူတွေကလည်း ဆရာကြီးရဲ့ ပညာသိက္ခာ၊ သမာဓိကို ကြည်ညိုလေးစားလွန်းလို့
အမြဲသတိရနေပါတယ်။

အဲဒီဆရာကြီးက ဆရာကြီး ဦးသောင်းထွဋ် ဖြစ်ပါတယ်။

ဆရာကြီး ဦးသောင်းထွဋ်ဟာ အထက်တန်းပြ ဆရာ၊ ကျောင်းအုပ်ကြီး၊ ပညာရေးသုတေသန
အရာရှိ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ပညာ)၊ ပညာရေးတက္ကသိုလ် (ရန်ကုန်)
ပါမောက္ခချုပ်နဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ
ဖြစ်လို့ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင် သိရှိတဲ့အပြင် ပညာရေး
သုတေသနအရာရှိဖြစ်ခဲ့လို့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ စီစဉ်ဆောင်ရွက်ရာမှာလည်း ပါ၀င်ခဲ့မှာ
အမှန်ပါပဲ။

ပညာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေ၊ စိတ်ကူးစိတ်သန်းတွေ ကောင်းတဲ့ အကြံဉာဏ်တွေ
ဆရာကြီးဆီမှာရှိခဲ့လို့ ဆရာကြီးရေးတဲ့ ဆောင်းပါးတွေမှာ ဆရာကြီးရဲ့ ကိုယ်တွေ့အတွေ့အကြံုတွေ၊
မှတ်သားစရာတွေ၊ လိုက်နာကျင့်သုံးစရာတွေ များစွာ ရှိနေပါတယ်။

ဆရာကြီးရဲ့ 'ပညာအမွေ လက်ရွေးစင် ဆောင်းပါးများ' ကို စုစည်းစီစဉ်ပေးတဲ့ ပညာတန်ဆောင်
စာတည်းအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။

အဲဒီစာအုပ်ကို ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးတွေကို ထည့်ပေးလိုက်တဲ့ ပညာရေးတက္ကသိုလ်
မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဆရာကြီးရဲ့ ဆောင်းပါးတချို့ကို ကျွန်မ ဖတ်ဖူးပါတယ်။ ဆရာကြီးပြောသလို ရသစာပေ ဖတ်ပုံမျိုးနဲ့
ခုန်ပျံကျော်လွှားဖတ်ခဲ့လို့ သိပ်မမှတ်မိပါ။

ယခုအခါ မြန်မာနိုင်ငံရဲ့ ပညာရေးကို ဝေဖန်တဲ့အသံတွေ ကြားရ၊ ဖတ်ရလို့ အငြိမ်းစား ပညာရေး
၀န်ထမ်းတစ်ဦး အနေနဲ့ စိတ်ဝင်စားမိပြီး ကျွန်မတို့ လျှောက်လှမ်းခဲ့တဲ့ ပညာရေး အခြေအနေနဲ့
လက်ရှိပညာရေး အခြေအနေကို နှိုင်းယှဉ်မိပါတယ်။

အခြေခံ ပညာရေးက အလွန်အရေးကြီးတဲ့အတွက် ပိုပြီး လေ့လာမိပါတယ်။ အဘိုး၊ အဘွား
အရွယ်ရောက်လာတဲ့ တက္ကသိုလ်က ဆရာကြီး၊ ဆရာမကြီးတွေနဲ့ တွေ့တဲ့အခါ သူတို့ဟာ သူတို့ရဲ့
မြေးတွေရဲ့ ပညာရေးကို အလေးထားလာကြတော့ ဝေဖန် ပြောဆိုလာကြတယ်။

ဝေဖန်ခံရသူတွေက တချို့ဟာ မူလတန်းမှ အထက်တန်းပြဆရာတွေ ဖြစ်နေတာကို သိရပါတယ်။

ဆရာကြီး ဦးသောင်းထွဋ်ရေးတဲ့ ဆောင်းပါး တစ်ခုမှာ ဖော်ပြထားတဲ့ အချက်တစ်ချက်က ကျွန်မ
စိတ်ထဲမှာ စဉ်းစားနေတဲ့အချက်နဲ့ အလွန် ကိုက်ညီနေတယ်။

ဆရာကြီး စဉ်းစားမိတဲ့အချိန်က ၁၉၇၅ ခုနှစ်၊ ကျွန်မစဉ်းစားမိတဲ့အချိန်က ပညာရေးကို ဝေဖန်
လာကြတဲ့ ၂၀၁၃ ခုနှစ်မှာ ဖြစ်ပါတယ်။

ဆရာကြီးပြောတာက "ကျွန်တော် စွဲစွဲ မြဲမြဲ ယုံကြည်ထားတဲ့၊ ယုံကြည်နေတဲ့၊ ယုံကြည်နေဦးမယ့်
ယုံကြည်ချက်တစ်ခုကတော့ ပညာရေးစနစ် တစ်ခုရဲ့ အောင်မြင်မှု၊ ကျဆုံးမှုကို အဆုံးအဖြတ်ပေးနေ
တဲ့ ပုဂ္ဂိုလ်တွေဟာ ဆရာတွေ ဖြစ်တယ်။ ဆရာတွေမှာ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆရှိပြီး
ဆရာတစ်ဦးမှာ ရှိအပ်တဲ့ အရည်အချင်း၊ အရည်အသွေးတွေ ရှိသင့်သလောက်ရှိရင် ပညာရေး
ဆောင်ရွက်ချက်ဟာ အောင်မြင်မှာပဲလို့ ကျွန်တော် ယုံကြည်တယ်။ အဲဒီအဓိကနှစ်ချက် မပြည့်စုံ
ရင်တော့ ရေရှည်မှာ အောင်မြင်မယ် မထင်ဘူးလို့ ကျွန်တော် မှတ်ချက်ချပါတယ်"လို့ ဆရာကြီးက
ရေးခဲ့ပါတယ်။

အလွန်ကောင်းတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ အခြေခံပညာက ဆရာအားလုံးကို မဆိုလိုပါ။
ဆရာကြီးပြောတဲ့ အချက်နှစ်ချက်စလုံးနဲ့ ပြည့်စုံတဲ့ ဆရာတွေ ရှိပါတယ်။

အခြေခံ (အထူးသဖြင့် မူလတန်း) က ဆရာ၊ ဆရာမတွေဟာ ကလေးတွေရဲဲ့ လက်ဦးဆရာဖြစ်ပြီး
ပညာရေးဥယျာဉ်မှူးလည်းဖြစ်လို့ ဆရာကောင်းတွေ များများရှိဖို့ လိုပါတယ်။

ည့ံတဲ့ဆရာတွေကလည်း ကိုယ့်ကိုယ်ကိုယ် ဆရာကောင်းဖြစ်လာဖို့ ဆရာကြီး ရေးသားဖော်ပြထား
တဲ့ 'စ' ငါးလုံးဆောင်၊ 'အ' ငါးလုံးရှောင် အောင်ရမည် ဆိုတဲ့ ဆောင်ပုဒ်ကို ကြည့်ရအောင်။

'စ' ငါးလုံးက ၁။ စိတ်ဓာတ်မွန်မြတ်ခိုင်မာခြင်း ၂။ စေတနာမှန်ခြင်း ၃။ စည်းကမ်းရိုသေလိုက်နာခြင်း
နှင့် စာရိတ္တကောင်းခြင်း ၄။ စာပေကို စနစ်တကျလေ့လာခြင်း ၅။ စိစစ်ဝေဖန်သည့် အလေ့အကျင့်
ပျိုးထောင်ခြင်း

'အ' ငါးလုံးက ၁။ အဂတိတရား လေးပါး ရှောင်ခြင်း ၂။ အရှက်မရှိလူမျိုး အလဇ္ဇီဖြစ်ခြင်းကို
ရှောင်ခြင်း ၃။ အချောင်ခိုမှုကို ရှောင်ခြင်း ၄။ အစွန်းရောက်မှုကို ရှောင်ခြင်း ၅။ အသပြာလောဘ၏
လွှမ်းမိုးမှုကို ရှောင်ခြင်းတို့ ဖြစ်ပါတယ်။

ဒါတွေရဲ့ အသေးစိတ်ကိုတော့ ဆရာကြီးက ရှင်းလင်း ဖော်ပြထားပါတယ်။

ဒီလိုဆိုရင် ဆရာတွေ အဲဒီလို ကျင့်ကြံအားထုတ်လာအောင် ဘယ်လိုများ လုပ်ပေးနိုင်မလဲ။

ဆရာကြီး စာအုပ်ထဲမှာ 'ဆရာများနေ့နဲ့ ဆရာမွန်များ' ဆိုတဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ 'ပညာရေးစီမံကိန်းနဲ့ အုပ်ချုပ်မှု သင်တန်း' ကို ဆရာကြီးသွားတက်တဲ့အခါမှာ
ဆရာများနေ့ ကျင်းပတာနဲ့ ကြံုခဲ့တဲ့အကြောင်း၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပြဆရာ
တွေထဲက ဆရာမွန်တွေကို ရွေးချယ်ပြီး အထူးချီးကျူးပွဲ ကျင်းပကာ သမ္မတကြီးကိုယ်တိုင်
ဆုချီးမြှင့်တဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းမှ အထက်တန်းအထိ ဆရာ၊ ဆရာမ တွေကို
ဆရာမွန်အဖြစ် ရွေးချယ်ပြီး 'ဆရာမွန်' ဆုတွေ ပေါ်လာပါစေလို့ ဆုတောင်းမျှော်လင့်တဲ့ အကြောင်း
ဆရာကြီးက ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလမှာ ရေးသားခဲ့ပါတယ်။

ဆရာကြီး မျှော်လင့်သလို ကျွန်မတို့ကလည်း ဆရာမွန်များ ပေါ်ထွက်လာရေးကို ဆုတောင်းရင်း
လက်ရှိပညာရေး အောင်မြင်ဖို့ကို ရှေးရှုလျက် ...။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021