ဖားကန့်-မိုးကောင်း ကားလမ်း အရှုပ်တော်ပုံ

ဖားကန့်-မိုးကောင်း ကားလမ်း အရှုပ်တော်ပုံ

အခုရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြားတစ်ခုကတော့ ဖားကန့်မှာ တွေ့ရတယ်ဆိုတဲ့ ၃၇ တန် ကျောက်တုံးဟာ ကျောက်စိမ်းတုံးမဟုတ်ဘဲ သာမန် ကျောက်တုံးကြီးတစ်တုံးပဲဖြစ်နေတယ်ဆိုတဲ့ သတင်းပါ။

အခုရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြားတစ်ခုကတော့ ဖားကန့်မှာ
တွေ့ရတယ်ဆိုတဲ့ ၃၇ တန် ကျောက်တုံးဟာ ကျောက်စိမ်းတုံးမဟုတ်ဘဲ သာမန် ကျောက်တုံးကြီး
တစ်တုံးပဲဖြစ်နေတယ်ဆိုတဲ့ သတင်းပါ။

ဒါပေမဲ့ လတ်တလော ကျောက်မျက်လုပ်ငန်းရှင်တွေအကြား၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ သမ္မတ
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အကြား ဖြစ်ပွားနေတဲ့ ဖားကန့်ဪမိုးကောင်း ကားလမ်း
ဖောက်လုပ်ရေး ငွေရေးကြေးရေး အရှုပ်တော်ပုံ ဇာတ်လမ်းတစ်ခုကတော့ လူတွေသိပ်မသိကြပါဘူး။

ဒီဇာတ်လမ်းထဲ အဓိက ပါ၀င်ပတ်သက်သူက ကချင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်ပြီး နောက်ပိုင်း
သမ္မတနဲ့ပါ ဆက်စပ်လာတာ တွေ့ရပါတယ်။

ဘယ်လို ငွေရေးကြေးရေး အရှုပ်တော်ပုံမျိုးလဲ၊ ဘာတွေ ဖြစ်ကြသလဲ၊ အာဏာအလွဲသုံးမှုတွေ၊
အဂတိ လိုက်စားမှုတွေ ပါ၀င်နေသလား၊ အခုနောက်ဆုံး ဘယ်အခြေအနေရှိနေသလဲဆိုတာ
ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇာတ်လမ်းအစ

ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဒုသမ္မတ စိုင်းမောက်ခမ်း ကချင်ပြည်နယ်ဘက် ခရီးထွက်ပါတယ်။
အဲဒီမှာ ဒေသခံပြည်သူတွေက ဖားကန့် - မိုးကောင်း ကားလမ်းပျက်စီးနေတာကို ပြုပြင်ပေးဖို့
တင်ပြပါတယ်။

ဒုသမ္မတကတော့ ကောင်းပြီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနနှစ်ခု
တာဝန်ယူပြီး လုပ်ပေးလိုက်ပါဆိုပြီး လမ်းညွှန်ချက်ပေးပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလအရောက်မှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ သမ္မတ
ဦးသိန်းစိန်ကို ဒီလမ်းပြင်ရေးကိစ္စ သူနဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ တာဝန်ယူ လုပ်ကိုင်ပါရစေ
ဆိုပြီး တင်ပြပါတယ်။

သမ္မတ ကတော့ လုပ်ပါ၊ လုပ်ရင် ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး လမ်းညွှန်မှုပေးလိုက်တယ်လို့
သိရပါတယ်။

တကယ့်အဖြစ်မှန်ကတော့ ပြည်နယ်ဝန်ကြီးချုပ်ဟာ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ လုံးဝတိုင်ပင်
ဆွေးနွေးမှုမရှိဘဲ သမ္မတဆီ သွားတင်ပြခဲ့တာပါ။

ဇာတ်လမ်းက အဲဒီမှာ စပါတော့တယ်။

လုပ်ကွက်တစ်ကွက် ကျပ် သိန်း ၁၀၀
ရာဇသံ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ရ ရက်မှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟာ မိုးကောင်း - ဖားကန့်
ကားလမ်းအဆင့်မြှင့်ပြုပြင်ဖို့ဆိုပြီး ကျောက်စိမ်း၊ ကျောက်မျက်လုပ်ငန်းရှင်တွေကို အစည်းအဝေး
ခေါ်ပါတယ်။

အစည်းအဝေးကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ သတ္တုတွင်း ဒုဝန်ကြီးနဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာန
က အရာရှိကြီးတွေ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ကြပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ ကျောက်မျက်ကုမ္ပဏီ ၅၀၀ ကျော်ရှိတဲ့အနက် အသင်းရုံးချုပ်က
တာဝန်ရှိသူတချို့နဲ့ ကုမ္ပဏီ ၂၃ ခုက ကိုယ်စားလှယ်တွေပဲ တက်ခဲ့တာပါ။

အဲဒီမှာ အစိုးရဘက် တာဝန်ရှိသူတွေက မိုင် ၆၀ လောက်ရှည်တဲ့ မိုးကောင်း-ဖားကန့်လမ်း
အဆင့်မြှင့်ပြုပြင်ဖို့ ကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီတွေဘက်က ကိုယ်လုပ်နေတဲ့ လုပ်ကွက်
အရေအတွက်အလိုက် လုပ်ကွက် တစ်ကွက်ကို ကျပ်ငွေ သိန်း ၁၀၀ ထည့်ဝင်ဖို့ တောင်းဆိုပါတယ်။

လုပ်ကွက်များတဲ့ ကုမ္ပဏီတွေ များများထည့်ရမယ့် သဘောပါ။

အစိုးရဘက်က ဒီလိုတောင်းခံလာတဲ့အခါ အစည်းအဝေးတက်လာတဲ့ လုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ်
တွေဘက်က စိတ်ရှုပ်ထွေး သွားကြပါတယ်။

အကြောင်းကတော့ အားလုံး သိကြတဲ့အတိုင်း အခုအချိန်ဟာ အစိုးရနဲ့ ကေအိုင်အေတပ်ဖွဲ့တွေ
အပစ်အခတ်ရပ်စဲ မထားနိုင်သေးလို့ အားလုံး လုပ်ငန်းရပ်နားထားတဲ့ အချိန်ဖြစ်နေလို့ပါပဲ။

လုပ်ငန်းရပ်ဆိုင်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ယာဉ်ယန္တရားတွေ ဖျက်ဆီးခံရတာ၊ ဂိုဒေါင်တွေ
မီးရှို့ခံရတာ၊ တူးဖော်ထားတဲ့ ကျောက်တွေ လုယက်ခံရတာ စတဲ့ပြဿနာတွေ ကြံုခဲ့ကြရတဲ့ အပြင်
လုပ်ငန်းသုံး ပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ စရိတ်အပါအဝင် အထွေထွေစရိတ်တွေလည်း ကုန်ကျခံ
နေရလို့ ဖြစ်ပါတယ်။

ပြောရရင် ကျောက်မတူးရ၊ ၀င်ငွေမရ၊ ထွက်ငွေချည်းပဲ ရှိနေတဲ့အခြေအနေမျိုးမှာ အစိုးရက အတင်း
အကျပ် ငွေကောက်မယ်လို့ ပြောလာလို့ ဖြစ်ပါတယ်။

နောက်ပြဿနာတစ်ခုက အစိုးရဘက်က လုပ်ကွက်တစ်ကွက် ကျပ် သိန်း ၁၀၀ သတ်မှတ် မှုပါ။
ကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီတွေဟာ အစိုးရဆီက လုပ်ကွက်လေလံရယူတဲ့အခါ
ကျောက်တူးဖို့သက်သက် ရယူထားကြတာမျိုး မဟုတ်ပါဘူး။

မြေစာသယ်ထုတ်ဖို့ လမ်းအတွက်၊ မြေစာပုံဖို့နေရာအတွက်၊ ယန္တရားထားဖို့နဲ့ ဂိုဒေါင်တွေအတွက်ပါ
ရယူထားကြရတာမျိုးပါ။ ဒီအတွက် ဒီငွေတောင်းခံမှုဟာ များနေပါတယ်။ တွက်ကြည့်ရင် လုပ်ကွက်
ဧကပေါင်း ၁၆,၀၀၀ ကျော်ရှိတဲ့အတွက် ၀န်ကြီးချုပ်က ကျပ်ငွေ ဘီလျံပေါင်း ၁၆၀ လောက်
ကောက်ခံလိုတဲ့ သဘော တွေ့ရပါတယ်။ အလွန်များနေပါတယ်။

ဒါကြောင့် အစည်းအဝေးမှာ လုပ်ကွက်တစ်ကွက် ငွေ သိန်း ၁၀၀ ကောက်ခံတာ သဘောတူပါ
သလားလို့ မေးတဲ့အခါ ဘယ်သူကမှ သဘောတူကြောင်း လက်ထောင်မပြခဲ့ပါဘူး။

ဒါပေမဲ့လည်း အစိုးရဘက်ကတော့ သူဘာသာသူ အားလုံး သဘောတူတယ်ဆိုပြီး လုပ်ကွက်
တစ်ကွက် ကျပ် သိန်း ၁၀၀ သတ်မှတ်တယ်ဆိုတဲ့အကြောင်း၊ ပထမအရစ် ကျပ်ငွေ ၃၃ သိန်းကို
ဇန်နဝါရီ ၁၅ ရက်မတိုင်ခင် ငွေစာရင်းအမှတ် CF-002561 ကို ပေးသွင်းဖို့ သတ်မှတ်လိုက်ပါတော့
တယ်။

လက်တွေ့

လက်တွေ့မှာတော့ ဘယ်ကျောက်မျက် ကုမ္ပဏီကမှ အဲဒီငွေစာရင်းထဲ လုပ်ကွက် တစ်ကွက်
ကျပ် ၃၃ သိန်း မသွင်းကြပါဘူး။

ဒီလိုနဲ့ ပြဿနာက ပြီးမသွားပါဘူး။ ဒီပြဿနာ အပေါ် တာဝန်ကျလာတဲ့ ဦးတေဇ ဦးဆောင်တဲ့
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဟာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အစည်းအဝေးတွေလုပ်၊ အသင်းသားစုံညီ အစည်းအဝေးတွေလုပ်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့
သွားတွေ့ စသဖြင့် 'ပြာ' သွားအောင် အမျိုးမျိုးလုပ်ကိုင်ကြရပါတော့တယ်။

အကြောင်းကတော့ ကိုယ့်လုပ်ပိုင်ခွင့်တွေ မဆုံးရှုံးသွားကြရအောင်ပါ။ ကိုယ့်စီးပွား ပျက်မသွား
အောင်ပါ။

အဲဒီလိုနဲ့ ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်းအထိ ငွေထည့်ဝင်တာမရှိတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က
ကျောက်မျက် လုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေ သူ့ဆီ လာတွေ့ဖို့ ခေါ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင် အသင်းကလည်း အစည်းအဝေးကျင်းပပြီး အဲဒီအစည်းအဝေး
ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို သွားတွေ့ခဲ့ပါတယ်။

၀န်ကြီးချုပ် ဘာလိုချင်သလဲ

တွေ့ဆုံပွဲမှာ ကျောက်မျက် လုပ်ငန်းရှင်တွေဘက်က ကျောက်လည်းမတူးရ၊ အခက်အခဲတွေလည်း
များနေလို့ လုပ်ကွက်တစ်ကွက် ကျပ်ငွေ သိန်း ၁၀၀ ထည့်ဝင်ဖို့ အခက်အခဲရှိနေတဲ့ အကြောင်း၊
ဖြစ်နိုင်ရင် ဒီလမ်းကို BOT စနစ်နဲ့ ဖောက်စေလိုကြောင်း၊ ဒီလမ်းဟာ ကျောက်မျက် အပါအဝင်
စီးပွားရေးလုပ်ငန်း ပေါင်းစုံ သုံးတဲ့အတွက် BOT စနစ်နဲ့ ဖောက်မယ့်သူလည်း ရှိမှာသေချာကြောင်း၊
နောက်ဆုံး မဖြစ်နိုင်လို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းကို တာဝန်ပေးရင် အသင်းက
ဖောက်ပေးမယ့်အကြောင်း တင်ပြကြပါတယ်။

၀န်ကြီး ချုပ်က အားလုံးကို ပယ်ချပါတယ်။ လမ်းကို သူကိုယ်တိုင် နာယကလုပ် စီမံခန့်ခွဲပြီး တင်ဒါ
စနစ်နဲ့ ဖောက်ခိုင်းမယ်၊ ဒီအတွက် ငွေပဲပေးပါ လို့ဆိုပါတယ်။

ဒီအခါ အသင်းဒုဥက္ကဋ္ဌ တစ်ယောက်က လမ်းဖောက်ဖို့ဆိုပြီး ခုလို ကျောက်မျက်လုပ်ငန်းရှင်တွေကို
ငွေကြေးသတ်မှတ် လုပ်ဆောင်တာ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ၊ မူချပြီး လုပ်တာ ဟုတ်မဟုတ်
မေးမြန်းတဲ့အခါ မူလည်းမရှိ၊ ဥပဒေလည်းမရှိပေမယ့် တကယ်လို့ လုပ်ငန်းရှင်တွေဘက်က ဒါကို
ထောက်ပြပြောဆိုခဲ့ရင် သူ့ဘက်ကလည်း လုပ်လို့ရတာတွေ အများကြီး ရှိတယ်ဆိုပြီး ပြန်တုံ့ပြန်ခဲ့
ပါတယ်။

ဒါတင်မက လုပ်ကွက်တစ်ကွက် ပထမအရစ် ကျပ် ၃၃ သိန်း ထည့်ဝင်နိုင်ရမယ်။ မထည့်ဝင်တဲ့သူ
တွေရဲ့ လုပ်ကွက် ပြန်အပ်ခိုင်းရမယ်အထိ ပြောဆိုတာပင် ရှိခဲ့ပါတယ်။

၀န်ကြီးချုပ်က ကျောက်မျက် တူးဖော်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ကချင်ပြည်နယ်အစိုးရရဲ့
သဘောထား ထောက်ခံချက် မရရင် လုပ်ငန်းလုပ်နိုင်မှာ မဟုတ်တဲ့အကြောင်း၊ ဒီကားလမ်းကိုတော့
၀န်ကြီးချုပ်ရဲ့ အမိန့်အာဏာနဲ့ မဖြစ်ဖြစ်အောင် လုပ်သွားမယ့် အကြောင်း၊ ရန်ပုံငွေထည့်ပြီးတဲ့
ကုမ္ပဏီတွေကိုပဲ ကျောက်သယ်ခွင့်ပြုမယ့်အကြောင်း အကျပ်ကိုင်တဲ့သဘော ပြောဆိုပါတယ်။

ခြံုပြီးပြောရရင် ၀န်ကြီးချုပ်က BOT စနစ်နဲ့လည်း မဖောက်နဲ့၊ ကျောက်မျက်လုပ်ငန်းရှင်တွေ
ဖောက်မယ် ဆိုလည်းမလုပ်နဲ့၊ ၀န်ကြီးဌာနနှစ်ခုက အကောင်အထည်ဖော်မယ်ဆိုလည်း မပါနဲ့၊
သူဖောက်မယ်၊ ငွေပဲပေးပါလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ဒီအခါ လုပ်ငန်းရှင်တွေဘက်က ငွေကြေးထည့်ဝင်ရမယ်ဆိုရင် အသင်းအနေနဲ့ ကျောက်မျက်ပြပွဲ
လုပ်တဲ့အခါ ခိုင်ကြေးဆိုပြီး ရောင်းရငွေ တစ်ရာခိုင်နှုန်း စုဆောင်းထားတဲ့ ရန်ပုံငွေ ရှိတဲ့အကြောင်း၊
လက်ရှိ ကျောက်မျက်ပြပွဲ ကော်မတီမှာ ဒေါ်လာ ၁၈ သန်းရှိပြီး ရစရာ ၁၄ သန်း၊ စုစုပေါင်း
သန်း ၃၀ ကျော်ရှိတယ်လို့ တင်ပြပါတယ်။

အဲဒီငွေထဲက ပေးနိုင်အောင် ရန်ကုန်ပြန်ညှိမယ်လို့ ဆိုပါတယ်။ ဒီအခါ ၀န်ကြီးချုပ်က ဒါဆိုလည်း
အဲဒီပြပွဲရန်ပုံငွေထဲက ဒေါ်လာ ၃၅ သန်း လမ်းဖောက်လုပ်ရေး ရန်ပုံငွေ ထည့်ဝင်ပါဆိုပြီး တောင်းဆို
ပါတယ်။

ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေက ဒီငွေတွေ အားလုံးပေးလို့ ဖြစ်နိုင်၊ မဖြစ်နိုင် မသိနိုင်သေးဘူး။
ဒီရန်ပုံငွေတွေဟာ နေပြည်တော် ကျောက်မျက်ပြခန်းအပါအဝင် တခြား တည်ဆောက်စရာတွေ
လုပ်ဖို့လည်း ရှိနေသေးတဲ့ ငွေဖြစ်တဲ့အပြင် ပြည်ထဲရေး၊ သတ္တုတွင်း ၀န်ကြီးဌာနတွေနဲ့ပါဆိုင်တဲ့
ငွေဖြစ်တယ်လို့ ရှင်းပြတဲ့အတွက် ၀န်ကြီးချုပ်က ဒီလိုဆို ဒေါ်လာ ၁၅ သန်းပေးပါ တောင်းဆိုတဲ့
အဆင့်ရောက်သွားပါတယ်။

ပြောရရင် ကျောက်မျက်လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ဟာ ၀န်ကြီးချုပ်ဆီက ကျောက်မျက်
လုပ်ငန်းတွေ ပြန်စနိုင်မယ့် ကတိမရခဲ့သလို လမ်းဖောက်ရေးကိစ္စ ငွေပေးဖို့ တတောင်းတည်း
တောင်းတာ ကြံုခဲ့ရပါတယ်။

နောက်ဆုံးအခြေအနေ နောက်ပိုင်း ရန်ကုန်မှာ ကျောက်မျက်လုပ်ငန်း အသင်းသားစုံညီ
အစည်းအဝေးတွေ လုပ်ပါတယ်။ ကော်မတီအစည်းအဝေးတွေ ထိုင်ကြပါတယ်။ ကျောက်မျက်
လုပ်ငန်းရှင်တချို့ ခုလို သူတို့ကို ရန်ပုံငွေ အတင်းအကျပ် တောင်းခံတဲ့ကိစ္စ သမ္မတဆီ စာတင်သူ
တင်ကြပါတယ်။

လွှတ်တော်မှာ မေးခွန်းမေးဖို့ သီပေါအမတ် ဦးရဲထွန်းကလည်း တင်ပြပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်
အထိ လွှတ်တော် အစီအစဉ်ထဲ မပါသေးပါဘူး။ လမ်းဖောက်လုပ်ရေး ရန်ပုံငွေအဖြစ် သတ္တုတွင်း
၀န်ကြီးက ဒေါ်လာ နှစ်သန်းပဲ ခွင့်ပြုတယ်လို့ အဖြေထွက်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒေါ်လာနှစ်သန်းနဲ့ ဘာမှလုပ်လို့မရဘူးလို့ ပြောဆိုထားပါတယ်။
နောက်ဆုံးသတင်းအရ ဦးတေဇက သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ ဦးတေဇ က ကျောက်မျက်
လုပ်ငန်းရှင်တွေကို သူ့ရဲ့တွေ့ဆုံမှု ရလဒ် ရှင်းပြတာ မရှိသေးတော့ ငွေတောင်းခံနေတဲ့ကိစ္စ ဘယ်လို
ဆက်ဖြစ်သွားတယ် မသိနိုင်သေးပါဘူး။

နိဂုံးချုပ်

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝပါတယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်ပါ
တယ်။ အဲဒီကျောက်စိမ်းတွေနဲ့ပဲ တရုတ်ပြည်က ပြည်နယ်၊ မြို့နယ် တချို့ အတော့်ကို ဖွံ့ဖြိုးတိုးတက်
သွားခဲ့ပါပြီ။ ကချင်ပြည်နယ်ထဲမှာတော့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ ဖားကန့် - မိုးကောင်းလမ်း
ဟာ ဒီလောက် နှစ်ကြာလာတာတောင် လမ်းမကောင်းလို့ ပြုပြင်ဖို့ဆိုပြီး ငွေတွေတောင်း အငြင်းပွား
နေကြတဲ့ အခြေအနေပါ။ ကချင်ပြည်နယ် ဧရိယာထဲမှာလည်း ပြည်သူတွေ ဆင်းရဲနေကြပါတယ်။
အခု ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ ငွေရေးကြေးရေး အရှုပ်တော်ပုံ
ကိုကြည့်ရင် မြန်မာပြည် ဘာကြောင့် ဆင်းရဲရသလဲဆိုတာ သုံးသပ်လို့ရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021