ကျွန်တော် အလွန်လေးစားရတဲ့ ဆရာမကြီး တစ်ယောက်ရှိပါတယ်။ သူက ကျွန်တော်တို့ကို ရောင်းဝယ်ရေးစီမံခန့်ခွဲမှု(Marketing Management) ဘာသာပို့ချတော့ မေးခွန်းတစ်ခုမေးတယ်။
ကျွန်တော် အလွန်လေးစားရတဲ့ ဆရာမကြီး တစ်ယောက်ရှိပါတယ်။ သူက ကျွန်တော်တို့ကို
ရောင်းဝယ်ရေးစီမံခန့်ခွဲမှု(Marketing Management) ဘာသာပို့ချတော့ မေးခွန်းတစ်ခုမေးတယ်။
"ဦးနာအောက်နဲ့ ဧရာဝတီဖလိုတီလာ ကုမ္ပဏီပြိုင်တာ ဘယ်သူနိုင်သလဲ" တဲ့။
ကျွန်တော်တို့ကလည်း ဒီဇာတ်လမ်းကို သုံးတန်းကတည်းက 'ပြိုင်ဘက်မျိုးဖြုတ်၊ အရင်းရှင်သရုပ်'
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖတ်လာခဲ့တာ မဟုတ်ဘူးလား။ ဦးနာအောက်ဆိုတာ မွန်အမျိုးသား
တိုင်းရင်းသား သင်္ဘောပိုင်ရှင် သူဌေး၊ ဧရာဝတီဖလိုတီလာက နယ်ချဲ့အရင်းရှင်ကုမ္ပဏီလေ၊
သင်္ဘောအပြိုင် ဆွဲကြတော့ ခရီးသည်တွေကို သင်္ဘောခလျှော့ ပေး၊ ဒီလိုလျှော့ပေးရာက
အလကားပေးစီး၊ နောက်တစ်ခါ သင်္ဘောအလကားပေးစီးရုံတင် မကဘူး၊ ထမင်းအလကားကျွေးပြီး
ပြိုင်ကြပြန်ရော၊ ဒါတင်မကသေးဘူး သင်္ဘောခ အလကား၊ ထမင်းအလကား ကျွေးတဲ့အပြင်
ပဝါတစ်ပိုင်စီ လက်ဆောင်ပေးပြန်သတဲ့။
နောက်ဆုံးတော့ တိုင်းရင်းသား လုပ်ငန်းရှင် ဦးနာအောက်ဟာ နယ်ချဲ့ကိုလိုနီအစိုးရ ကျောထောက်
နောက်ခံ ရှိတဲ့ အရင်းရှင် ကုမ္ပဏီဧရာဝတီဖလိုတီလာကို မပြိုင်နိုင်တော့ဘဲ သူပိုင်တဲ့ သင်္ဘော
ခုနစ်စင်း စလုံးကို ထိုးအပ်လိုက်ရတယ်လေ။
ကျွန်တော်တို့ ငယ်ငယ်က အောင်သိန်း၊ အောင်ဒီပါ၊ အောင်ဇေယျာစတဲ့ သင်္ဘောနာမည်တွေကို
တောင် အော်ပြီးကျက်ခဲ့ကြရတာ။ ဘယ်ရမလဲ။ အပိုင်ပဲဆိုပြီး ဖြေလိုက်တာ "ဧရာဝတီဖလိုတီလာ
က နိုင်ပါတယ်" လို့ပေါ့။
ဒါပေမဲ့ ဆရာမကြီးက "မှားတယ်၊ ဘယ်သူမှ မနိုင်ဘူး။ သင်္ဘောစီးတဲ့သူတွေ၊ နိုင်သွားတယ်။
သင်္ဘောအလကား စီးရတယ်။ ထမင်းအလကား စားရတယ်၊ ပဝါ အလကားရတယ်" တဲ့။
တကယ်တော့ ရောင်းဝယ်ရေး စီမံခန့်ခွဲမှု ဘာသာရပ်မှာ ပါ၀င်တဲ့ စားသုံးသူတွေရဲ့ အပြုအမူ
(Consumers' Behaviour) ကို ရှင်းပြဖို့အတွက် ဆရာမကြီးက နိဒါန်းပျိုးလိုက်တာပါ။
ကျွန်တော်တို့အားလုံးဟာ တစ်ခါတစ်ရံ ရောင်းသူတွေဖြစ်ကြပြီး တစ်ခါတစ်ရံမှာ ၀ယ်သူတွေ
ဖြစ်ကြပါတယ်။
ရောင်းသူတွေဟာ သူတို့ပစ္စည်းကို ဈေးကြီးကြီး၊ အမြတ်များများနဲ့ ရောင်းဖို့ ကြိုးစားကြသလို
၀ယ်သူတွေကလည်း သူတို့ လိုချင်တဲ့ ပစ္စည်းကို ဈေးအနည်းဆုံးနဲ့ရအောင် အမြဲကြိုးစားလေ့
ရှိတယ်။
တကယ်လို့ ဈေးသက်သာတာချင်း တူရင်တောင် အရည်အသွေး ပိုကောင်းတာကို ရွေးပြီး ၀ယ်ကြ
ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်သစ် ကမ္ဘာ့ကုန်သွယ်ရေးမှာ ကြည့်ရင် ရောင်းသူနဲ့ ၀ယ်သူတို့အကြားက
ပြိုင်ဆိုင်မှုဟာ အထူးအရေးပါလာတာကို တွေ့ရ မှာ ဖြစ်ပါတယ်။
အရင်တုန်းက ကုန်ပစ္စည်းထုတ်လုပ်သူ၊ ၀န်ဆောင်မှု ပေးသူတွေဟာ သူတို့အချင်းချင်း ပြိုင်ဆိုင်
ကြတယ်။
ဒီလိုပြိုင်ဆိုင်ကြတာဟာ ဘယ်တော့မှ မပြီးဆုံးနိုင်သလို ရေရှည်မှာ အမြဲတမ်း အနိုင်ရမယ့် ပြိုင်ပွဲ
မဟုတ်ကြောင်း သဘောပေါက်လာကြရာက ဒီဘက်ခေတ်မှာတော့ သူတို့အချင်းချင်းပြိုင်ဆိုင်မှု
ထက် စားသုံးသူများနဲ့ ပြိုင်ဆိုင်မှုကို ပိုမိုအလေးထား ဆောင်ရွက်လာခဲ့ကြပါတယ်။
ဒီလို စားသုံးသူတွေ၊ ဖောက်သည်တွေ၊ ၀ယ်သူတွေကို ရေရှည်အမြဲတမ်းအနိုင်ရဖို့ဆိုတာ သူတို့
ပစ္စည်းတွေကို ၀ယ်သူတွေက အမြဲတမ်း လိုချင်နေအောင်၊ နှစ်ခြိုက်နေအောင် ဆွဲဆောင်ရမှာ
ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ ကမ္ဘာကျော်ဖြစ်နေတဲ့ ကုမ္ပဏီကြီးတွေဟာ ဈေးကွက် သုတေသနကို ငွေကုန်
ကြေးကျ အမြောက်အမြား နဲ့ စနစ်တကျလုပ်ပြီး ၀ယ်သူတွေက ဘာလိုချင်တယ်၊ ဘယ်လို
၀န်ဆောင်မှုတွေ နှစ်သက်တယ်၊ ဘယ်လိုလူတွေကို ဘယ်နည်းလမ်းနဲ့ ချဉ်းကပ် ဆွဲဆောင်ပြီး
၀ယ်အောင်လုပ်ရမယ်စတဲ့ အချက်တွေကို သိအောင်ကြိုးစားကြပါတယ်။
အဲဒီလိုသိ ပြီဆိုတဲ့အခါမှာတော့ သားကောင်တွေ ကျက်စားတဲ့နေရာမှာ သားကောင်တွေ
ကြိုက်တတ်တဲ့ အစာနဲ့ မျှားပြီး ထောင်ချောက်ဆင်၊ အကွက်ဝင်အောင် ဖမ်းတတ်တဲ့ မုဆိုးလို
၀ယ်သူတွေကို ဖမ်းဆီးကြပါတယ်။
ဒီလိုပြိုင်ဆိုင်မှုတွေဟာ ပြည်တွင်းထုတ်လုပ်သူနဲ့ စားသုံးသူတွေကြားမှာတင်မဟုတ်ဘဲ နိုင်ငံတကာ
ကုန်သွယ်မှုမှာလည်း အထူးထင်ရှားပါတယ်။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်သွယ်မှုပြုကြရာမှာ နှိုင်းရအားသာချက် (Comparative Advantage)
ကို အားထားရသလို ယှဉ်ပြိုင် အားသာချက် (Competitive Advantage) ကိုလည်း အားထား
ကြရတာ ထုံးစံဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ ၂၁ ရာစုမှာတော့ နှိုင်းရအားသာချက်ဟာ သိပ်အဓိက မကျတော့ပါဘူး။ ယှဉ်ပြိုင်
အားသာချက်ရှိတဲ့သူတွေသာ အနိုင်ရမှာ ဖြစ်ပါတယ်။
ဟိုအရင်တုန်းကတော့ ရေမြေသဘာဝ ကောင်းမွန်တာဟာ သယံဇာတအရင်း အမြစ်တွေ
ပေါများတာ တိုင်းပြည်စီးပွားရေးအတွက် အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။
သို့သော်လည်း ဒီအချက်တွေ ပြည့်စုံကောင်းမွန်ရုံနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သေချာပေါက်ရမယ်ဆိုတဲ့
သာဓက အထောက်အထားတွေ မရှိပါဘူး။
ဒီချက်တွေကို စနစ်တကျအကျိုးရှိအောင် စီမံခန့်ခွဲနိုင်မှသာ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် လက်တွေ့မှာတော့ သယံဇာတ အရင်းအမြစ်တွေကို ဖင်ခုထိုင်ပြီး ဆင်းရဲနွမ်းပါးနေတဲ့
တိုင်းပြည်တွေရှိသလို သယံဇာတ အရင်းအမြစ်သိသာစွာ လုံလောက်မှုမရှိဘဲ ထိပ်တန်း
ရောက်နေတဲ့ နိုင်ငံတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။
နိုင်ငံအချင်းချင်း အပြန်အလှန်ကုန်သွယ်နေကြတဲ့ နေရာမှာလည်း ကိုယ့်နိုင်ငံမှာ ပေါများတဲ့၊
ပိုလျှံတဲ့ ထွက်ကုန်တွေကို ဈေးကြီးကြီး အမြတ်များများနဲ့ ရောင်းပြီး ကိုယ့်နိုင်ငံမှာ မရှိတဲ့၊
လိုအပ်တဲ့ ကုန်စည်တွေကို ဈေးသက်သာစွာနဲ့ တင်သွင်း ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။
ဒီလိုအပြန်အလှန် ကုန်သွယ်မှုကို ကျွမ်းကျင်လိမ္မာစွာ လုပ်နိုင်မှ တိုင်းပြည်အတွက် ကုန်သွယ်မှု
အကျိုးအမြတ်ကို ခံစားကြရမှာ ဖြစ်ပါတယ်။
မဟုတ်ရင်တော့ ကုန်သွယ်မှုလိုငွေ (Trade Deficit) ပေါ်ပေါက်ပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ထုတ်
စွမ်းအားကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကတစ်ဆင့် ဆင်းရဲနွမ်းပါးမှု
ချောက်ကမ်းပါးကနေ ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကုန်သွယ်မှုကြောင့် နိုင်ငံအပေါ်ကျရောက်လာမယ့် ဆိုးကျိုး
တွေကို ကာကွယ်နိုင်အောင် အခွန် တိုးမြှင့်တာ၊ ကုန်သွယ်မှုပမာဏ ကန့်သတ်တာ၊ တခြားအခွန်
မဟုတ်သော အတားအဆီးများ (Non-Tariff Barriers) တွေနဲ့ ကန့်သတ်တာ တွေကို လုပ်ခဲ့ကြပါ
တယ်။
ဒါပေမဲ့ ကမ္ဘာပြုမှုအစီအစဉ် (Globalization) တိုးမြှင့်ဆောင်ရွက်လာတာနဲ့အမျှ ဒေသတွင်းမှာပဲ
ဖြစ်စေ၊ ဒေသပြင်ပမှာ ဖြစ်စေ၊ နိုင်ငံအချင်းချင်းအကြား ကုန်သွယ်မှုဆိုင်ရာ အတားအဆီး၊
အကန့်အသတ်တွေကို မဖြစ်မနေ ဖယ်ရှားပေးလာကြရပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေ၊ အာဆီယံရဲ့ AFTA စည်းမျဉ်းတွေအရ ကုန်သွယ်ရေး
ဆိုင်ရာ အတားအဆီး၊ အကန့်အသတ်တွေကို ဖြေလျှော့ပေးလာကြရပါတယ်။
ဒီလို အပြန်အလှန်ဖြေလျှော့ပေးလာရတဲ့အတွက် ကုန်သွယ်ရေး လိုငွေ၊ ပိုငွေပြဿနာဟာ အစိုးရ
ကသာ ထိန်းချုပ်ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်တော့ဘဲ စားသုံးသူ ပြည်သူတွေကပါ ဥစ္စာရင်လို၊
ဥစ္စာရင်ခဲ ဖြေရှင်းကြရတော့မှာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကုန်သွယ်မှုကို လေ့လာကြည့်ရင် နှစ်နိုင်ငံ
ကုန်သွယ်မှုပမာဏဟာ အရင်ကထက် တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပို့ကုန်တန်ဖိုးနည်းပြီး သွင်းကုန်တန်ဖိုး များတဲ့အတွက် ကုန်သွယ်ရေးလိုငွေ ပိုမိုလာတယ်လို့
ဆိုပါတယ်။
အားလုံးသိပြီးဖြစ်တဲ့ အတိုင်း ကျွန်တော်တို့ တိုင်းပြည်ဟာ ခေတ်အဆက်ဆက် သဘာဝအရင်း
အမြစ်ကရတဲ့ ကုန်ကြမ်းကိုသာ အဓိကပို့ကုန်အဖြစ် တင်ပို့ ရောင်းချခဲ့တဲ့အတွက် ပို့ကုန်တန်ဖိုးဟာ
နည်းပါးတာ ဖြစ်ပါတယ်။
ဒီလိုကုန်ကြမ်းအဖြစ်ရောင်းချခဲ့ရတဲ့ အကြောင်းကတော့ ရင်းနှီးမြှုပ်နှံမှု မတိုးချဲ့နိုင်တာ၊ နည်းပညာ
မရှိတာနဲ့ ဈေးကွက်ကို မထိုးဖောက်နိုင်တာတွေကြောင့် ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို ပြောမယ်ဆိုရင်တော့ ဂျာအေး သူ့အမေရိုက် ဖြစ်နေမှာရယ်။
အားလုံး သိပြီးသားဖြစ်နေတာရယ်ကြောင့် အချိန်ကုန်ခံပြီး ရှင်းပြမနေတော့ပါဘူး။
အရေးကြီးတဲ့အချက်က မြန်မာပြည်က ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ဝယ်၊ သူတို့ နိုင်ငံမှာ
ကုန်ချောအဖြစ်ထုတ်လုပ်ပြီး တခြား နိုင်ငံတွေကို ဈေးကြီးကြီးနဲ့ ရောင်းချလို့ အကျိုးအမြတ်တွေ
ရနေတာ ဖြစ်ပါတယ်။
ပိုဆိုးတာက တချို့ ထုတ်ကုန်တွေဆိုရင် မြန်မာပြည်ကိုတောင် ပြန်သွင်းလိုက်သေးတယ်။
နယ်စပ်က ၀င်လာတဲ့ အမျိုးမျိုးသော စားသောက်ကုန်တွေမှာ မြန်မာပြည်က ကုန်ကြမ်းတွေသုံးပြီး
ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုးတာကို ခံနေကြရတာ ဘယ်လောက်ကြာပြီလဲ။
နောက်တစ်ချက်ကတော့ သူတို့ဆီက အမှိုက်တွေကို မြန်မာပြည်ထဲ သွင်းလာတယ်လို့ ပြောရမယ့်
ကိစ္စပါ။
သူတို့ရဲ့ စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ ဘေးထွက် အလေအလွင့်တွေကို လှလှပပလေး
ထုပ်ပိုးပြီး ၀င်လာတဲ့ ပစ္စည်းတွေ ရှိပါတယ်။
ဥပမာ - အိမ်ရှင်မတွေ ပန်းကန်ဆေးတဲ့ သံကြွပ်စလိုမျိုး၊ စားပွဲ၊ ကုလားထိုင်ခြေထောက်တွေ
အောက်မှာ ကြမ်းပြင်ကို ပွန်းရာမထင်အောင် ကပ်ဖို့ ကော်သုတ်ထားတဲ့ ကော်ဇောစလိုဟာမျိုးတွေ
ကို ကျွန်တော်တို့ ၀ယ်သုံးနေကြတာ အများကြီး ရှိတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သွင်းလာတဲ့အခါမှာ တိုင်းပြည်အတွက် ဘယ်လောက် နစ်နာသလဲ
ဆိုတာ တွေးကြည့်နိုင်ပါတယ်။
အစိုးရအနေနဲ့ ဒီလိုကိစ္စတွေကို တားဆီးဖို့ နိုင်ငံတကာ မူဘောင်အတွင်းကသာ လုပ်ကိုင်ခွင့်ရှိတာ
ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ပါ၀င် ချုပ်ဆိုထားတဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို လိုက်နာရပါ
တယ်။
ဒါကြောင့် ကိုယ့်တိုင်းပြည် မနစ်နာအောင် အစိုးရတင် မဟုတ်ဘဲ ကုန်ပစ္စည်းတင်သွင်းသူ
လုပ်ငန်းရှင်တွေ အပါအဝင် စားသုံးသူပြည်သူများကပါ အမျိုးသားရေးအသိနဲ့ ၀ုိင်းဝန်းထိန်းသိမ်း
ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အသုံးအဆောင်တွေ၊ အစားအသောက်တွေကို ၀ယ်ယူသုံးစွဲ စားသောက်ကြတဲ့အခါမှာ
မလိုအပ်တဲ့ ကုန်ပစ္စည်းတွေ (Intelligent Consumers) တွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါ
တယ်။
၀ယ်သုံးတဲ့သူ မရှိရင်၊ သွင်းတဲ့သူ မရှိ၊ သွင်းတဲ့သူ မရှိရင် မလိုအပ်ဘဲ နိုင်ငံခြားငွေတွေ မထွက်တော့
ဘူးပေါ့။
ဒီနေရာမှာ တစ်ခုစဉ်းစားဖို့ ရှိတဲ့အချက်က သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပါတယ်။
မိမိအကျိုးအမြတ်ရရှိရေး တစ်ခုတည်းကြည့်ပြီး ကုန်ပစ္စည်းတွေ တင်သွင်းတာမျိုး မလုပ်သင့်ပါဘူး။
ပိုဆိုးတာက ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားငွေကို ပြည်ပကို ထုတ်သွားချင်တဲ့အတွက် အပေါစား
ပစ္စည်းတွေကို မတန်မရာဈေးနှုန်း တွေနဲ့ပြပြီး သွင်းလာခဲ့တာဆိုရင် တိုင်းပြည် အတွက် ပိုနစ်နာပါ
တယ်။
တစ်နည်းအားဖြင့် တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာစောင့်သိမှုမရှိတဲ့ အပြုအမူဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူအများစုဟာ ခေတ်အဆက်ဆက် မသိနားမလည်မှု၊ ဗဟုသုတ
နည်းပါးမှု၊ ရိုးသားမှုကြောင့် အောက်တန်း နောက်တန်းကျနေရတာကို သတိပြုကြဖို့ ကောင်းပါပြီ။
မိမိရဲ့ ၀ယ်ယူစားသုံးမှုဟာ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိ တယ်ဆိုတာ သိဖို့လိုပါ
တယ်။
သိတဲ့သူတွေကလည်း မသိတဲ့သူတွေကို ရှင်းပြကြပါ။ ပြည်သူအများစုဟာ အသိဉာဏ်ဗဟုသုတ
ရှိတဲ့ စားသုံးသူ (Intelligent Consumers) တွေ ဖြစ်လာမှသာ ပြည်တွင်းက ကုန်ထုတ်လုပ်သူ
လုပ်ငန်းရှင်တွေနဲ့ ပြည်ပက ကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေရဲ့ ပြိုင်ဆိုင်မှုကို အနိုင်ယူနိုင်မှာ
ဖြစ်ပါတယ်။
တစ်ဖက်က ကြည့်ရင် တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အကူပေးပြီး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ
ဆိုတာလို အပြန်အလှန်အကျိုးရှိမှာ ဖြစ်ပါတယ်။
ဒီနေ့အချိန်မှာ အစိုးရကလည်း ပြုပြင်ပြောင်း လဲမှုတွေကို အကောင်အထည်ဖော်နေသလို
နိုင်ငံတကာကလည်း အသိအမှတ်ပြုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများစုက
ကျွန်တော်တို့ နိုင်ငံရဲ့အပြောင်း အလဲကို စိတ်ဝင်တစား စောင့်ကြည့်အားပေး ကူညီနေတာဖြစ်ပါ
တယ်။
ကျွန်တော်တို့ ပြည်သူ တစ်ဦးချင်းအနေနဲ့ရော ပြုပြင်ပြောင်းလဲမှု မလုပ်သင့်ဘူးလား။ ပြုပြင်
ပြောင်းလဲမှုဆိုတာ အစိုးရကချည်း လုပ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။
နိုင်ငံသူ နိုင်ငံသားတွေကလည်း ပူးပေါင်းပါ၀င်ရမှာ ဖြစ်ပါတယ်။
အခုတင်ပြတဲ့ အကြောင်းအရာဟာ တကယ်တော့ နိုင်ငံသားတစ်ဦးချင်းရဲ့ စားသုံးမှုဆိုင်ရာ ပြုပြင်
ပြောင်းလဲမှုသာ ရှိပါသေးတယ်။
ဒီလို လူတစ်ဦးချင်းရဲ့ စားသုံးမှုဆိုတဲ့ အကြောင်းအရာတစ်ခုတည်းပေါ်မှာ ပြုပြင် ပြောင်းလဲမှု
လုပ်ပေးလိုက်ရုံနဲ့တင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အကျိုးသက်ရောက်မှုမှာ မခန့်မှန်းနိုင်
လောက်အောင် တိုးတက်သွားစေနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံ ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ စားသုံးသူတွေရဲ့ တာဝန်ဟာ အလွန်
အရေးကြီးပါတယ်။
၀ါ၀ါမြင်တိုင်း ရွှေ မမှတ်ကြပါနဲ့။ အရုပ်ဆိုင် ရှေ့ရောက်တဲ့ ကလေးလို ဟိုဟာလိုချင်၊ ဒီဟာ လိုချင်၊
သူများကိုင်တာတွေ့ရင် ၀ယ်ချင် မဖြစ်ကြပါနဲ့။ အမှန်တကယ် မရှိမဖြစ် လိုတာလည်း မဟုတ်တဲ့
ပစ္စည်းတွေဟာ တကယ်တော့ စားသုံးသူတွေရဲ့ အိတ်ထဲက ငွေတွေ၊ တစ်နည်းအားဖြင့်
နိုင်ငံတော်ရဲ့ ဓနအင်အားတွေကို မျှားခေါ်နေတဲ့ အရာတွေဖြစ်ပြီး မဆင်မခြင် ၀ယ်ယူသုံးစွဲလိုက်
တာနဲ့ ကိုယ့်တိုင်းပြည်က ပိုက်ဆံတွေ သူများလက်ထဲ ရောက်သွားနိုင်ပါကြောင်း သတိပေးလို
ပါတယ်။
















