ကျူးပြဿနာ၊ အစိုးရ အရည်အချင်းမဲ့သလား

ကျူးပြဿနာ၊ အစိုးရ အရည်အချင်းမဲ့သလား

အခု ရက်ပိုင်း ကြားနေရတဲ့ စိတ်မချမ်းသာစရာ သတင်းတွေကတော့ စစ်တပ်နဲ့ အစိုးရရဲ့ ကျူးကျော်နေအိမ်တွေကို အကြမ်းဖက် ဖျက်သိမ်းနေတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

အခု ရက်ပိုင်း ကြားနေရတဲ့ စိတ်မချမ်းသာစရာ သတင်းတွေကတော့ စစ်တပ်နဲ့ အစိုးရရဲ့ ကျူးကျော်
နေအိမ်တွေကို အကြမ်းဖက် ဖျက်သိမ်းနေတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

တစ်အိမ်နှစ်အိမ် ကိစ္စမဟုတ်ပါဘူး။ ရပ်ကွက်တစ်ခုနှစ်ခု၊ တစ်ရွာနှစ်ရွာကိစ္စလည်း မဟုတ်ပါဘူး။
အိမ်ပေါင်းများစွာ၊ ရပ်ကွက်ပေါင်းများစွာ၊ ပြည်သူထောင်ပေါင်းများစွာရဲ့ နေအိမ်တွေကို ဖျက်သိမ်း
နေမှုပါ။

ပြည်သူ ထောင်ပေါင်းများစွာ အိမ်မဲ့ယာမဲ့၊ အခြေမဲ့ အနေမဲ့ လမ်းပေါ်ရောက်အောင် လုပ်နေတဲ့
ကိစ္စကြီးပါ။ ဒီ ပြဿနာ ဘယ်လောက်ကြီး ကျယ်သလဲ၊ စစ်တပ်နဲ့ အစိုးရက ဘာရည်ရွယ်ချက်
တွေနဲ့ ဒီလိုလုပ်နေရတာလဲ၊ ဘာတွေဖြစ်လာနိုင်မလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ
ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါမယ်။

ပထမတစ်ချက် ဒီပြသနာထဲမှာ ပြည်သူဘယ်လောက် ထိခိုက်နစ်နာမှုရှိသွားပြီလဲ၊ နောက်ထပ်
ဘယ်လောက် ထိခိုက်နစ်နာနိုင်သေးလဲ၊ အရင်ကြည့်ရအောင်ပါ။

ပြီးခဲ့တဲ့ လတွေတုန်းက ရန်ကုန်တိုင်း လှိုင်သာယာဘက်မှာ ထောင်နဲ့ချီတဲ့ ကျူးကျော်တဲတွေကို
ဖျက်သိမ်းခဲ့ပြီးပါပြီ။ ရန်ကုန် - အင်းစိန် မီးရထားဝင်းထဲက နှစ် ၂၀ ၀န်းကျင် တည်ရှိလာခဲ့တဲ့
ကျူးကျော်တဲတွေကို တစ်ပတ်တစ်ကြိမ် မှန်မှန် ရှင်းထုတ်နေပါတယ်။

လတ်တလော နာမည်ကြီးနေတာကတော့ စစ်တပ်က ဖျက်သိမ်းမောင်းထုတ်လိုက်တဲ့
သမီးကလေး ကျေးရွာက ပြည်သူတွေ ကိစ္စပါ။ နောက်ထပ်လည်း ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့
ဆိုပါတယ်။

မတ်လဆန်းတုန်းကတော့ ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက
ရန်ကုန်တိုင်းဒေသကြီးမှာ ကျူးကျော် အိမ်ထောင် ၅၈,၀၀၀ လောက်ရှိတယ်၊ အဲဒီအထဲက ၅,၀၀၀
လောက် ရှင်းပြီးပြီ။ ကျန်တဲ့ ၅၃,၀၀၀ ကျော်ကို ဆက်ပြီးရှင်းဖို့ သတိပေးစာတွေလည်း ပို့ထားပြီးပြီ
လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေကော်မတီရဲ့ ၂၀၁၃ ခုနှစ်အတွင်း အစီရင်ခံချက် တစ်ခုမှာ
တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း၊ ခန့်မှန်း ခြောက်သိန်း
အထိဟာ ကျူးကျော်နေထိုင်သူတွေ ဖြစ်နေတယ်၊ အဆောက်အအုံတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်
ဟာ ကျူးကျော်ဆောက်လုပ်ထားတာတွေဖြစ်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။

နည်းတဲ့ အဆောက်အအုံ၊ နည်းတဲ့ မိသားစု အရေအတွက် မဟုတ်ပါဘူး။ ကောင်းပါပြီ။ လိုအပ်လို့
ရှင်းလင်းရတယ်ဆိုလည်း ရှင်းရမှာပေါ့။ ဒါပေမဲ့ ဘယ်လိုရှင်းလဲ၊ ရှေ့မှာဖြစ်ပွားခဲ့တဲ့ သာဓကတွေ
ကြည့်ရအောင်ပါ။

စာပေးအကြောင်းကြား၊ အချိန်စေ့တာနဲ့ အကြမ်းဖက်ပြီး ဖျက်လိုက်တာပဲ။ ဖျက်သိမ်းခံရတဲ့သူတွေ
ကို တိရစ္ဆာန်တွေလို သွားချင်ရာသွားဆိုပြီး လုပ်ခဲ့တာပါ။

သမီးကလေး ကျေးရွာဖျက်တာကတော့ ပိုဆိုးပါတယ်။ ရွာအဖျက်ခံရတဲ့အခါ ရွာနားက လမ်းဘေး
မှာ တဲထိုးနေပါတယ်။ အဲဒါကို ထပ်မောင်းထုတ်ပါတယ်။ ဒီအခါ ရန်ကုန်တိုင်းဒေသကြီးကနေ
ပဲခူးတိုင်းဒေသကြီးဘက် ရွှေ့ပါတယ်။ ထပ်မောင်းထုတ်ပါတယ်။ ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ
ဖြစ်သလို အမိုးအကာလေးလုပ်ပြီးနေပါတယ်။ ဒါလည်း မရပါဘူး။ ထပ်ပြီး ဖျက်ခိုင်းပြန်ပါတယ်။

နောက်ဆုံး ဘုန်းတော်ကြီးကျောင်း အဆောက်အအုံထဲ ၀င်ခိုလှုံသူက ခိုလှုံ၊ အပြင်ဘက်အဖီမှာ
ဖြစ်သလိုနေသူကနေ နေကြရပါတယ်။ ဒါလည်း မကျေနပ်သေးပါဘူး။ ဘယ်အချိန် နောက်ဆုံးထား
ထွက်သွားဆိုပြီး ရာဇသံပေးထားပါသေးတယ်။

ပြောရရင် ကျူးကျော်တဲတွေ ဖျက်သိမ်းတာကို သူပုန်နှိမ်နင်းသလို လုံးဝ အစပျောက်သွားအောင်
ရက်ရက်စက်စက် လုပ်နေတာမျိုးနဲ့ တူပါတယ်။

ဒီကိစ္စ စာနယ်ဇင်းတွေကလည်း ရေးသားဖော်ပြကြတာကြောင့် အစိုးရအတွက် အရှက်ရစရာ
ပုံရိပ်ဆိုး ဖြစ်လာစေခဲ့ပါတယ်။

ဒီအတွက် အစိုးရအဖွဲ့ အစည်းအဝေးခေါ်ပြီး ပြဿနာကို အဆင်ပြေပြေ ရှင်းနိုင်အောင် နည်းလမ်း
ရှာကြတယ် ဆိုပေမယ့် ဘာအဖြေမှ ထွက်လာတာ မတွေ့ရပါဘူး။

ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကတော့ တစ်နေရာရာမှာ နေရာချထား
ပေးရင်လည်း အလုပ်အကိုင်နဲ့ တွဲမထားနိုင်ရင် ပေးထားတဲ့ မြေကွက်ရောင်းစားပြီး နောက်ထပ်
ကျူးကျော်နေထိုင်ကြဦးမှာပဲ။ ဒါကြောင့် ဘာမှ လုပ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ မီဒီယာတွေကို
ပြောခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာက မဖြေရှင်းပဲထားခဲ့တဲ့ ဒီကျူးကျော် ပြဿနာ အခု အစိုးရသစ်
လက်ထက်ကျမှ ဘာလို့ ရှင်းဖို့ ကြိုးစားတာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ သဘောရိုးနဲ့
ကျူးကျော်ပြဿနာ ဖြေရှင်းရတာ ဆိုရင်တော့ ဒီလူတွေဟာ ကိုယ့်တိုင်းသူပြည်သား နိုင်ငံသား
တွေဆိုတာ အရင်ထည့်စဉ်းစားဖို့ လိုပါတယ်။ နေအိမ်တွေကို အင်အားသုံး ဖျက်သိမ်းပြီး သွားချင်ရာ
သွား ငါတို့နဲ့ မဆိုင်တော့ဘူးဆိုရင် အတော့်ကို ညံ့ဖျင်းတဲ့ ဖြေရှင်းနည်း၊ အတော့်ကို ညံ့ဖျင်းတဲ့
အာဏာပိုင် အဖွဲ့အစည်းဝင်တွေလို့ မှတ်ချက်ပေးရုံပဲ ရှိပါတယ်။

သေချာတာ နေအိမ်ဖျက်သိမ်းခံရတဲ့ အဲဒီပြည်သူတွေဟာ နေအိမ်သစ်တစ်ခု၊ တိုက်ခန်းတစ်ခန်း
သွားဝယ်ပြီး နေနိုင်ကြမယ့်သူတွေ မဟုတ်လို့ပါဘဲ။ ဖြစ်နိုင်ခြေကတော့တချို့ဟာ နီးစပ်ရာဆီမှာ
သွားခိုလှုံမယ်၊ တချို့ ကျေးလက် တောရွာဘက် ခြေဦးပြန်လှည့်မယ်၊ တချို့ လမ်းပေါ်ရောက်ကုန်မှာ
ဖြစ်ပါတယ်။

အသေချာဆုံးကတော့ အဲဒီပြည်သူတွေထဲက တချို့ဟာ စားဝတ်နေရေး ခက်ခဲလို့ ရာဇဝတ်မှု
ကျူးလွန်လာကြမှာတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ ပြည့်တန်ဆာကိစ္စလို မကောင်းတဲ့
လုပ်ငန်းတွေဆီရောက်သွားကြမှာ ဖြစ်ပါတယ်။

အဲဒီကမှတစ်ဆင့် လူ့အဖွဲ့ အစည်းကို မမျှော်မှန်းနိုင်တဲ့အကျိုးဆက်တွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
ကျူးကျော်ပြဿနာ ဖြေရှင်းရာမှာ အာဏာပိုင်တွေဘက်က စဉ်းစားတာ နှစ်ခုပါပဲ။ ဒီအတိုင်း
အကြမ်းဖက်ပြီး မရမက သွားလိုရာသွား နှင်ထုတ်မလား၊ ဒါမှမဟုတ် နေစရာ မြေနေရာ ပြန်ပေး
မလား၊ နေစရာ မြေနေရာ ပြန်ပေးမယ်ဆိုတာနဲ့ ကျူးကျော် နေထိုင်သူတွေ နေ့ချင်းညချင်း တိုးပွား
လာမှာဖြစ်တယ်၊ အခြေအနေ ပိုဆိုးသွားနိုင်တယ်ဆိုပြီး စဉ်းစားကြပါတယ်။

သူတို့ နောက်တစ်နည်း စဉ်းစားတာက နေရာသွားချထားပေးလိုက်လို့ လုပ်စားကိုင်စားရ ခက်ရင်
လည်း ချပေးတဲ့နေရာမှာ မနေ၊ ရတဲ့မြေ ရောင်းစားပြီး တစ်နေရာ ထွက်သွားကြမှာပဲဆိုတာမျိုး
ဖြစ်ပါတယ်။

တကယ့်တကယ်ကျတော့ ကျူးကျော်တွေကို စနစ်တကျ ဖျက်သိမ်းတယ်ဆိုတာ အာဏာပိုင်တွေ
တွေးသလို လွယ်လွယ်လေး လုပ်လို့ မရပါဘူး။ ပထမတစ်ဆင့် အဲဒီ ကျူးကျော်နေထိုင်သူတွေ
နဂိုက ဘယ်မှာ နေထိုင်ခဲ့တယ်၊ အခု ဒီနေရာကို ဘယ်လို ရောက်လာတယ်၊ ဘာတွေလုပ်ကိုင်
စားသောက်ကြတယ်၊ ဘယ်လောက်ကြာခဲ့ပြီလဲ၊ အသက်အရွယ် ကျား၊ မ ကျောင်းသူကျောင်းသား
က အစ ဘယ်လောက်ရှိတယ်၊ အနီးအနားမှာ သူတို့မှီခိုနေတဲ့ ဘာလုပ်ငန်းခွင်တွေရှိတယ်၊ စသဖြင့်
စသဖြင့် စနစ်တကျ စစ်တမ်းကောက်ဖို့လိုပါတယ်။

ရလာတဲ့ အဖြေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်ကျူးကျော်ကိုတော့ ဘယ်ပုံစံဖြေရှင်းမယ် ဆိုတာမျိုး
ဆုံးဖြတ်ဖို့လိုပါတယ်။

ဥပမာ - မနေ့တစ်နေ့ကမှ ၀ါးတိုင်ထောင်၊ နေရာဦး ကျူးကျော်တာမျိုး ဆိုရင် လုံးဝဖျက်သိမ်းလိုက်
လို့ ရပါတယ်။ ကာလတစ်ခု ကြာပြီဆိုရင် ယာယီ နေထိုင် နိုင်တဲ့နေရာတွေ ဖန်တီးနေရာချထားပေး
လို့ ရပါတယ်။ သူတို့ဘာသာ နောက်ထပ်နေစရာ ရှာမတွေ့သေးမချင်း ခိုလှုံနိုင်တဲ့ နေရာမျိုး တွေပါ။

တချို့ နှစ် ၁,၀၂၀ ကာလကြာရှည် ကျူးကျော်ဖြစ်နေသူတွေကိုတော့ နေရာသစ် တစ်ခုခုမှာ
စနစ်တကျ နေရာချထားပေးဖို့ လိုပါတယ်။ ဒီပြဿနာအတွက် မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေ
အပါအဝင် ပညာရှင်တွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။

၀န်ကြီးဌာနတွေ ပူးပေါင်း အဖြေရှာရပါမယ်။ လိုအပ်ရင် အစိုးရဘတ်ဂျက်ကနေ ငွေကြေးစိုက်ထုတ်
သုံးစွဲသင့် သုံးစွဲရပါမယ်။ သူဌေးကြီးတွေကို အကူအညီ တောင်းသင့်တောင်းရပါမယ်။ ဆက်စပ်
စီမံကိန်းတွေအဖြစ် နှစ်စဉ်လူနေ မြေကွက် ဘယ်လောက် ဖော်ထုတ်မယ်၊ တန်ဖိုးနည်း လူနေ
တိုက်ခန်း ဘယ်လောက် ဖော်ထုတ်မယ် ဆိုတာမျိုး၊ လက်ရှိ မြို့သစ်တွေမှာ မြေကွက်တွေ နေအိမ်
တွေ ရှိပါလျက်နဲ့ လူမနေတာများနေရင် လူတွေ အခြေစိုက်လာနေကြရအောင် ရေ၊ လျှပ်စစ်မီး၊
လမ်းပန်း ဆက်သွယ်ရေး ပံ့ပိုးတာမျိုး စသဖြင့် လုပ်ပေးရပါမယ်။

အများကြီးစဉ်းစား၊ အများကြီး အလုပ်လုပ်ပေးရပါမယ်။ ဒီလုပ်ငန်း အကောင်အထည်ဖော်တဲ့
အာဏာပိုင် အဆင့်ဆင့် အဂတိ မလိုက်စားဖို့လည်း လိုပါတယ်။

ဘာကြောင့် ဒီလိုလုပ်ဖို့ လိုသလဲဆိုရင် သောင်းနဲ့ သိန်းနဲ့ချီ ရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝတွေ
ဖြစ်နေလို့ပါပဲ။

ပြောမယ့်သာပြောရ၊ အာဏာပိုင်တွေဆိုတာ ရန်ကုန်က လမ်းဘေး ဈေးသည် ပြဿနာကိုတောင်
ပြေလည်အောင် ဖြေရှင်း ပေးနိုင်တဲ့ အဆင့်ရှိကြသူတွေ မဟုတ်ပါဘူး။

ဒါကြောင့် လမ်းဘေးဈေးသည် ပြသနာထက် ပိုကြီးကျယ်တဲ့ ဒီ ကျူးကျော် ပြဿနာကိုလည်း
ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

အခုလက်ရှိ လမ်းဘေး ဈေးသည်ပြဿနာ၊ ကျူးကျော်ပြဿနာ ဖြေရှင်းမှုကနေ ဘာကိုပြနေသလဲ
ဆို တိုင်းပြည်မှာ ပြည်သူကို မိဘတွေသဖွယ် စေတနာထားမယ့်၊ အရည်အချင်းရှိတဲ့ အုပ်ချုပ်သူ
အဆင့်ဆင့် လိုအပ်နေပြီဆိုတာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021