ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးသွားပြန်ပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးသွားပြန်ပါပြီ။
တိုင်းရင်းသား တွေဘက်က ပြောဆိုတာက ဒီတစ်ကြိမ် ဆွေးနွေးပွဲမှာ စစ်ဗိုလ်ချုပ်တွေ အများကြီး
ပါလာတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်
စာချုပ် လက်မှတ်ထိုးရေး စိတ်အားထက်သန်နေတယ်၊ ဒါကြောင့် ယုံကြည်မှု ပိုရလာတယ်၊
ရလဒ်တွေက အပြုသဘော ဆောင်တယ်၊ စသဖြင့် မီဒီယာတွေကို ထုတ်ဖော်ပြောဆိုနေကြပါ
တယ်။
အဲဒီ ပြောဆိုချက်တွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ကို တိုးတက်နေတယ်ဆိုတာ အမှန်ပဲလား၊
တခြား ဘာပြဿနာတွေ ကိန်းအောင်းနေသလဲ၊ ဘာအဟန့်အတားတွေ ရှိနေသလဲဆိုတာ
ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အခုနောက်ဆုံး နှစ်ဖက် သဘောတူညီချက် ရလိုက်ကြတာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး
စာချုပ်မူကြမ်းတစ်ခုကို အခန်း ခုနစ်ခန်းနဲ့ ပြုစုရေးသားဖို့ ပဏာမ သဘောတူခဲ့ကြတာပါ။ ဒါပါပဲ။
ဒါဆိုရင် တိုင်းရင်းသားတွေ တွေ့ဆုံချမှတ်ခဲ့တဲ့ ကချင်ပြည်နယ် လိုင်ဇာ သဘောတူညီချက်၊
ကရင်ပြည်နယ် လော်ခီးလာ သဘောတူညီချက်၊ အစိုးရဘက်က တင်ပြထားတဲ့ အပစ်ရပ်မူကြမ်း
ဘယ်တွေ ရောက်ကုန်ပြီလဲ၊ ဘာကြောင့် အစက ပြန်ရေးကြ၊ ပြန်ညှိကြ လုပ်ကြရတာလဲ။
စဉ်းစားစရာ ရှိလာပါတယ်။
ဖြစ်စဉ်အကျဉ်းကို ပြန်ပြောရရင် ပြီးခဲ့တဲ့ နှစ်လည်အချိန်အထိ အစိုးရဘက်မှ တာဝန်ရှိသူတွေဟာ
လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ၂၀၁၃ နိုဝင်ဘာ ၀န်းကျင်လောက်မှာ တစ်ပြည်လုံး
အတိုင်းအတာ အပစ်ရပ် လက်မှတ် ရေးထိုးနိုင်မယ်၊ ၂၀၁၄ ဖေဖော်ဝါရီ ၀န်းကျင် လောက်ဆို
နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရေး ဆွေးနွေးပွဲ ကျင်းပနိုင်မယ်၊ အဲဒါ ဧပြီလောက်မှာ
အပြီးသတ်နိုင်ပြီး မြန်မာနှစ်ဆန်းကျရင် အားလုံးပါ၀င်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး စတင်နိုင်လိမ့်မယ်
လို့ ထင်မြင်ယူဆ ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဖြစ်မလာပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးတဲ့အခါ၊
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တကွဲတပြားစီမလုပ်ဘဲ အားလုံးညီညီညွတ်ညွတ် လုပ်ရအောင်ဆိုပြီး
ကချင်ပြည်နယ် လိုင်ဇာမှာ ညီလာခံတစ်ခုလုပ်ခဲ့ကြပါတယ်။
တိုင်းရင်းသား အဖွဲ့တွေအားလုံး လိုလားတဲ့ ဘုံသဘောတူညီချက် တစ်ခု ရခဲ့ပါတယ်။ အဲဒီ
သဘောတူညီချက်ကိုင်ပြီး မြစ်ကြီးနားမှာ အစိုးရဘက်နဲ့ တွေ့ပါတယ်။
အဲဒီအချိန် အစိုးရဘက်မှာလည်း အပစ်ရပ်မူကြမ်း စာချုပ် တစ်ခုရှိနေလို့ နှစ်ဖက် စာရွက်ချင်းလဲတာ
လောက်ပဲ လုပ်နိုင်ခဲ့ပါတယ်။
နောက်ပိုင်း လိုင်ဇာညီလာခံက ဖွဲ့ပေးလိုက်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး
အဖွဲ့ (NCCT) နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထပ်ညှိကြပါတယ်။
အစိုးရဘက်က သူတို့ မူကြမ်းကို မေ့ပစ်လိုက်ပြီး တိုင်းရင်းသားတွေရဲ့မူနဲ့ ဆွေးနွေးညှိနှိုင်းကြပါ
တယ်။ ၈၀ ရာခိုင်နှုန်းလောက် ညှိလို့ရတယ်လို့ ပြောကြပါတယ်။
နောက်ပိုင်း ကရင်ပြည်နယ် လော်ခီးလာမှာ တိုင်းရင်းသားတွေ ညီလာခံလုပ်ပါတယ်။ အဲဒီမှာ
သဘောထားနှစ်ခုကွဲပါတယ်။ ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး)နဲ့ အဖွဲ့ တချို့က
အပစ်ရပ်စာချုပ် မြန်မြန် လက်မှတ်ရေးထိုးချင်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ မြန်မြန် စချင်တယ်။
ကေအိုင်အို (ကချင်ပြည်လွတ်မြောက် ရေးအဖွဲ့)နဲ့ အဖွဲ့တချို့ကတော့ အပစ်ရပ် စာချုပ်ထဲမှာ
နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေ ထည့်ချင်တယ်ဆိုပြီး ဖြစ်ကြတာပါ။
နောက်ဆုံး ညှိနှိုင်းလို့ အပြီးမှာတော့ အပစ်ရပ်စာချုပ်ထဲမှာ နိုင်ငံရေးဆိုင်ရာ အာမခံချက်ရမယ့်
အချက်တချို့ ထည့်ဖို့ ကြားချ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီမူ အစိုးရဘက် ပို့ပေးပါတယ်။ ကြည့်ရတာ အဲဒါလည်း သိပ် အလုပ်ဖြစ်ပုံမရပါဘူး။ ဒါနဲ့ပဲ အခု
နောက်ဆုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုကို အခန်းခုနစ်ခန်းနဲ့ ပြုစုရေးသားဖို့ ပဏာမ
သဘောတူခဲ့ကြပြီး အခန်းခေါင်းစဉ်တွေ ဆွေးနွေးသဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တော့ ဒါလည်း လွယ်လွယ်နဲ့ အဆင်ပြေမယ့်ပုံတော့ မတွေ့ရသေးပါဘူး။ ဒီ သဘော
တူညီချက်တွေကို သက်ဆိုင်ရာ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေဆီ ပို့ရပါဦးမယ်၊
သူတို့ သဘောတူညီချက်ယူရပါဦးမယ်။ ပြီးရင် အဲဒီ အခန်းတစ်ခုချင်းစီ အောက်မှာ ထည့်သွင်းမယ့်
အချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခုလိုပဲ အဆင့်ဆင့် လုပ်ကြရဦးမယ် ဖြစ်ပါတယ်။
လွယ်တာကတော့ တစ်ဖက်ဖက်က သဘောမတူရင် ကြန့်ကြာနေတာ၊ ရှေ့တိုး မရဖြစ်တာ၊
အသစ်က ပြန်စတာ ဖြစ်တတ်လို့ပါပဲ။
ဒါဆိုရင် အပစ်ရပ်ရေး၊ အဲဒီကနေ တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်လာဖို့ ဘာအဟန့်အတား
တွေ ရှိသလဲ၊ စဉ်းစားကြည့်ဖို့ လိုလာပါတယ်။
ပထမတစ်ချက်က စစ်တပ်ရဲ့ သဘောထားပါ။ တစ်နိုင်ငံလုံး အပစ်ရပ်ဖို့၊ အပစ်ရပ်တည်မြဲဖို့ သန္ဓိဋ္ဌာန်
ချထားတာတော့ ပေါ်လွင်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလို တကယ့်အရေးကြီးတဲ့ ကိစ္စကြီး
အတွက်တော့ ရည်မှန်းချက် ကြီးကြီးမားမား ထားပုံမရပါဘူး။ နိုင်ငံရေးကို အပေးအယူ
အလျှော့အတင်းနဲ့ သွားမယ့်ပုံပဲ ရှိပါတယ်။
ဒုတိယတစ်ချက်က တိုင်းရင်းသားတွေရဲ့ သံသယနဲ့ လိုလားချက်ဖြစ်ပါတယ်။ အပစ်အခတ်ပဲ
ရပ်နိုင်ပြီး နိုင်ငံရေးအရ လိုချင်တာတွေ ရမလာရင် သူတို့ ရှုံးမယ်လို့ ယူဆထားကြပါတယ်။
ရှေ့ပိုင်း ၁၇ နှစ် အပစ်ရပ်ထားပြီးနောက် ဘာနိုင်ငံရေး လိုက်လျောမှုမှ မရတာကို ထောက်ပြလေ့ရှိ
ကြပါတယ်။
ဒီအတွက် တချို့ အဖွဲ့တွေဟာ အပစ်ရပ်စာချုပ်ထဲမှာ နိုင်ငံရေး လိုလားချက် ထည့်ချင်ကြတာ
ဖြစ်ပါတယ်။
တတိယတစ်ချက်ကတော့ ပိုအရေးကြီးပါတယ်။ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်
လက်မှတ်ရေးထိုးဖြစ်ရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ပဲ ကမ္ဘာ့အလယ်၊ မြန်မာ့အလယ်မှာ
အကြီးအကျယ် အမြတ်ထွက်သွားမှာပဲ ဆိုတဲ့ စိုးရိမ်ပူပန်စိတ် ဖြစ်ပါတယ်။
ဒီ စိုးရိမ်စိတ်ဟာ အာဏာပိုင်တွေဘက်က တချို့ အင်အားစုတွေမှာရော၊ တချို့ လက်နက်ကိုင်
တိုင်းရင်းသားတွေဘက်မှာပါ ရှိနေပါတယ်။
တကယ့်တကယ် အဲဒီလို တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ခဲ့ရင်၊
နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ စနိုင်ခဲ့ရင် နှစ်ဖက်အင်အားစုတွေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့
အောင်ပွဲ၊ မြန်မာနိုင်ငံရဲ့ အောင်ပွဲပဲဆိုတာ လက်ခံလိုကြပုံ မရပါဘူး။
အဲဒါတွေက အဓိက အခက်အခဲပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တပ် အပါအဝင် အာဏာပိုင်
တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နိုင်ငံရေးအရ ပြေလည်မှု ရဖို့ မလွယ်ကူပါဘူး။
အကြောင်းကတော့ လက်ရှိ မြို့ပေါ်မှာတောင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ပြေလည်မှု
ရသည်အထိ မတည်ဆောက်နိုင်သေးလို့ ဖြစ်ပါတယ်။
ဘယ်အချိန်မှ ပြေလည်မှုရနိုင်မယ်၊ ဘယ်အချိန် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပျော်ပျော်ရွှင်ရွှင်
တည်ဆောက်နိုင်မလဲဆိုတာ စိတ်ကူးယဉ်လို့တောင် မရနိုင်သေးပါဘူး။
ဒီအတွက် တိုင်းပြည်မှာ ပထမတစ်ဆင့် လိုအပ်တာက အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့
ဖြစ်ပါတယ်။ သေနတ်သံ တိတ်သွားဖို့ပါ။
အဲဒီ အပစ်အခတ်ရပ်စဲတာ သေချာအောင် လုပ်ကြဖို့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီဆိုတာနဲ့
တိုင်းရင်းသားပြည်သူတွေရဲ့ အရေးတွေကို အချိန်မဆိုင်းဘဲ ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။
အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ တွေ အပစ်ရပ်ရေးကိုပဲ ဆွေးနွေးဆွေးနွေး၊ နိုင်ငံရေး
မူဘောင်ပဲ ဆွေးနွေးဆွေးနွေး၊ နိုင်ငံရေး ဆွေးနွေးပွဲကြီးပဲ စစ တိုင်းရင်းသားနဲ့ ပြည်သူတွေ
အကျိုးစီးပွားကို ဗဟိုပြုစဉ်းစားမှ လက်ရှိ ပေါ်ပေါက်နေတဲ့ အခက်အခဲအဟန့်အတားတွေကို
ကျော်လွှားနိုင်မှာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

















