ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု တင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့
ဥပဒေကြမ်းတစ်ခု တင်ပါတယ်။
တင်ပြီးနောက် ဥပဒေကြမ်းကော်မတီက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို လွှတ်တော်တွင်း
ရှင်းပြပါတယ်။ တစ်ဆက်တည်း အမတ်တွေက ရှုထောင့်အသီးသီးကနေ ဆွေးနွေးကြပါတယ်။
နောက်ပိုင်း ဆွေးနွေးချက်တွေ ဦးတည်သွားတာက White Card ပြဿနာ ဖြစ်လာပါတယ်။
တကယ်တော့ ဒီ White Card ဇာတ်လမ်းကို စခဲ့တာဟာ အရင်အာဏာသိမ်း နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (နဝတ) စစ်အစိုးရဖြစ်ပါတယ်။
White Card တွေကို ၁၉၉၃ ခုနှစ်ကတည်းက စထုတ်ပေးတာကို တွက်ရင် ခုဆို နှစ်ပေါင်း
၂၀ ကျော်ကြာပါပြီ။
အခုတော့ White Card ကိုင်ထားသူ ခုနစ်သိန်းခွဲ လောက်ကို ရခိုင်တိုင်းရင်းသားတွေ ရင်ဆိုင်နေ
ရပါပြီ။
တစ်ပြည်လုံးမှာဆို ရှစ်သိန်းခွဲရှိပါတယ်။ White Card ပြဿနာဟာ ဘယ်လို ပြဿနာလဲ၊ အရင်
စစ်အစိုးရက မြန်မာနိုင်ငံသားတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တမင် ချန်ထားရစ်ခဲ့တဲ့
ပြဿနာကြီးတစ်ခုလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ပြဿနာအကြောင်းပြောရင် ၂၀၁၀ ရွေးကောက်ပွဲကို အရင်အစပြုရပါလိမ့်မယ်။ ၂၀၁၀
ရွေးကောက်ပွဲကာလက ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား နှစ်သန်း ခုနစ်သိန်းနီးပါး ရှိပါတယ်။
အဲဒီအချိန် White Card ကိုင်ထားတဲ့ ဘင်္ဂါလီ (သူတို့ အခေါ်) ရိုဟင်ဂျာ ဦးရေက ခုနစ်သိန်းခွဲ
ရှိပါတယ်။ White Card ကိုင်မထားသူတွေပါ ပေါင်းရင် ဒီထက် အရေအတွက် ပိုများပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အခါ စစ်အစိုးရဟာ ရွေးကောက်ပွဲ ဥပဒေတွေ၊ နိုင်ငံရေး
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေလိုမျိုးတွေကို စိတ်တိုင်းကျ ပြုစုပါတယ်။ နိုင်ငံရေးပါတီ
တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပြုစုတဲ့ အခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မဲပေးခွင့်ကို
အထောက်အထား ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ အားလုံးကို ခွင့်ပြုခဲ့ပါတယ်။
အစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အမျိုးသား မှတ်ပုံတင်ကတ် (အရင်
ကတ်ဟောင်း)၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်နဲ့ ယာယီသက်သေခံလက်မှတ်
(White Card) ကိုင်ဆောင်သူအားလုံး ခွင့်ပြုခဲ့ပါတယ်။ ရွေးကောက်ခံပိုင်ခွင့် တစ်ခုကိုပဲ နိုင်ငံသား
တစ်မျိုးတည်းကို ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန် ရခိုင်ပြည်နယ်မှာ အရင် ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဟာ
ရွေးကောက်ပွဲ မဝင်ပါဘူး။ ဒေါက်တာအေးမောင် ဦးဆောင်ပြီး အသစ်တည်ထောင်လိုက်တဲ့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရွေးကောက်ပွဲ ၀င်ပါတယ်။ ရခိုင်ပြည်နယ်ထဲက
ရခိုင်တိုင်းရင်းသားတွေကို အဓိကထား စည်းရုံးပါတယ်။ စည်းရုံးမှုအားလည်း အလွန်ကောင်းကြ
ပါတယ်။
ထုံးစံအတိုင်း ပြည်ခိုင်ဖြိုးပါတီကတော့ မဲပေးခွင့်ပြုထားတဲ့ White Card ကိုင်ဆောင်သူ ဘင်္ဂါလီ
တွေဘက်ကို စည်းရုံးပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်ပြည်နယ်မှာလည်း မသမာမှုမျိုးစုံ
ပေါ်ပေါက်ခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်သူတွေရဲ့ တွန်းတွန်းတိုက်တိုက်
ကြိုစားမှုကြောင့် အမတ်နေရာ အများစု အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲ ရလဒ်အရ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက
ပြည်ထောင်စုအဆင့် အမတ် ၁၆ ယောက်၊ ပြည်နယ်အဆင့် ၁၈ ယောက် ပေါင်း ၃၄ ယောက်
အရွေးခံရပြီး ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုအဆင့် အမတ် ၁၃ ယောက်၊ ပြည်နယ်အဆင့်
၁၄ ယောက် ပေါင်း ၂၇ ယောက်ပဲ အရွေးခံရပါတယ်။
တကယ်လို့သာ ဘာအဆင့်အတန်းမှန်း မစိစစ်ရေသေးတဲ့ White Card ကိုင်ထားတဲ့ ဘင်္ဂါလီတွေ
သာ မဲပေးခွင့်မရဘူးဆိုရင် ပြည်ခိုင်ဖြိုးပါတီ အဲဒီထက် အခြေအနေဆိုးမှာပါ။ တိုင်းရင်းသားတွေ
အားလုံးမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရွေးကောက်ခံရမှု ရလဒ် အချိုးအစားဟာ အမြင့်ဆုံး
ဖြစ်ခဲ့ပါတယ်။
အခုဆို ၂၀၁၅ ရွေးကောက်ပွဲ နီးလာပါပြီ။ အရင် စစ်အစိုးရက ဥပဒေပြဋ္ဌာန်း ဖန်တီးထားခဲ့တဲ့
ဒီနိုင်ငံသားဖြစ်မှန်း မဖြစ်မှန်း မသိနိုင်သေးသူတွေကို မဲပေးခွင့် ပေးထားတဲ့ကိစ္စ ပြင်ဆင်ဖို့
ကြိုးစားလာကြပါပြီ။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင်က အရင်စစ်အစိုးရ ဖန်တီးသွားတဲ့ နိုင်ငံရေး
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာတင်ပါတယ်။
မကွေးအမတ် ဦးလှဆွေက ကန့်ကွက်ပေမယ့် အများစုက ထောက်ခံတဲ့အတွက် အဲဒီကိစ္စ
ဆွေးနွေးဖို့ ဖြစ်လာပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ ဥပဒေကြမ်းကော်မတီက သူတို့
တွေ့ရှိချက်တွေကို တင်ပြပါတယ်။
အဓိက ဆိုလိုရင်းက မြန်မာနိုင်ငံရဲ့နိုင်ငံရေး ကိစ္စကို နိုင်ငံသားတွေကပဲ ဆောင်ရွက်သင့်တယ်၊
ဒါကြောင့် ရွေးကောက်ခံပိုင်ခွင့်၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မဲပေးခွင့် အားလုံး နိုင်ငံသားတွေ
ကိုပဲ ပေးသင့်တယ်ဆိုပြီး ဖြစ်ပါတယ်။
ဒါကို အားလုံးက သဘောတူကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေရော၊ မွန်အပါအဝင် အခြားဘယ်
တိုင်းရင်းသား အမတ်တွေကမှ မကန့်ကွက်ကြပါဘူး။
ဒါပေမဲ့ ရခိုင်အမှတ်(၇) က ပြည်ခိုင်ဖြိုးအမတ် ဦးဌေးဝင်းခေါ် ဦးဇာယာဒ်က White Card ကိစ္စ
ရှင်းပြပါတယ်။
ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က အရင် စစ်အစိုးရဟာ ၁၉၉၃ ခုနှစ်မှာ သူတို့ ကိုင်ဆောင်တဲ့ အမျိုးသား
မှတ်ပုံတင်တွေကို သိမ်းဆည်းပြီး လက်ရှိ မြင်တွေ့နေရတဲ့ White Card တွေ ထုတ်ပေးခဲ့တဲ့
အကြောင်း၊ ဒီဥပဒေကြမ်းကို အတည်မပြုသေးခင် သူ့လို မှတ်ပုံတင် အသိမ်းခံရပြီး White Card
ကိုင်ထားတဲ့သူတွေကို သက်သေခံလက်မှတ် တစ်မျိုးမျိုး အရင်လုပ်ပေးဖို့ လိုတဲ့အကြောင်း၊ အဲဒီလို
လုပ်ပေးပြီးမှသာ နိုင်ငံသားတွေပဲ ပါတီထောင် မဲပေးနိုင်မယ့် ဥပဒေကြမ်း ပြင်ဆင်မှုကို လုပ်စေ
လိုကြောင်း တင်ပြခဲ့ပါတယ်။
သူက ဥပဒေကြမ်းပြင်ဖို့ကို မကန့်ကွက် ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တင်ပြချက်ဟာလည်း မှန်ကန်
နေတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင် မြင့်က ဒီဥပဒေကြမ်း ပြင်ဆင်ဖို့ ခေတ္တ
ဆိုင်းငံ့လိုက်ပြီး ဥပဒေကြမ်းကော်မတီက အမတ်တွေ ပြောဆိုတာကို ပြန်ကြားနာဖို့ ညွှန်ကြား
လိုက်ပါတယ်။
လွှတ်တော်ထဲမှာ ဦးဌေးဝင်းခေါ် ဦးဇာယာဒ်ဟာ အရင်စစ်အစိုးရနဲ့ လဝကကို အကြီးအကျယ်
ချီးကျူးစကားပြောခဲ့ပေမယ့် ဒီ White Card ထုတ်ပေးတာကိုတော့ နိုင်ငံတော်ရဲ့ ဥပဒေနဲ့ မညီဘူး
ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ခုဆို အရင်စစ်အစိုးရနဲ့ လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ် ရပါတော့မယ်။
၁၉၉၃ က စပြီး အမျိုးသား မှတ်ပုံတင်ကိုင်ထားတဲ့ သူတွေဆီက သူတို့ကတ်တွေကို အတင်း
သိမ်းယူပြီး White Card ထုတ်ပေးခဲ့တာတွေဟာ ဥပဒေနဲ့ ညီညွတ်ပါသလား။
ယာယီကတ်ပြားတွေဆိုရင် အခု အနှစ် ၂၀ ကျော်လာတဲ့တိုင် တခြားကတ်ပြားတစ်ခုခု ထုတ်ပေးဖို့
ဘာလို့ မလုပ်ခဲ့တာလဲ။
ပြဿနာတွေကို ဘာလို့ မဖြေရှင်းဘဲထားခဲ့တာလဲ။ ခုထိ ဘာလို့ မဖြေရှင်းသေးတာလဲ စတာတွပဲ
ဖြစ်ပါတယ်။
အခုဆိုရင် ရခိုင်တိုင်းရင်းသားတွေ ဒီကိစ္စ ပြောဆိုအရေးဆိုလာပါပြီ။
တချို့ ရခိုင်တိုင်းရင်းသားတွေက ဒီပြဿနာဟာ အရင် စစ်အစိုးရက မွှေးပေးသွားတဲ့ မီးအဖြစ်
မမြင်နိုင်ကြဘဲဲ ဘင်္ဂါလီတွေဘက် ခေါင်းတည်နေပါပြီ။
ရခိုင်တိုင်းရင်းသားတင်မက၊ ဘယ်သူကမှ နိုင်ငံသား ဖြစ်မှန်း မဖြစ်မှန်း မသိသူတွေကို နိုင်ငံရေးပါတီ
တည်ထောင်ခွင့်၊ မဲပေးခွင့်ပြုထားတာ မကျေနပ်ကြပါဘူး။
ဒီအတွက် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရအနေနဲ့ ရခိုင်တိုင်းရင်းသားတွေကို
ထိန်းချုပ်နိုင်အောင်၊ ရခိုင်တိုင်းရင်းသားတွေ မူလ နိုင်ငံရေးရည်မှန်းချက်တွေကနေ လမ်းလွဲ
သွားအောင် White Card ပြဿနာကို အသုံးချမနေတော့ဘဲ အမြန်ဆုံး ဖြေရှင်းပါလို့ တိုက်တွန်း
လိုက်ရပါတယ်။
















