မတ်လ ၁၄ ရက် မှာ ပြဋ္ဌာန်းလိုက်တဲ့ မီဒီယာ ဥပဒေသစ်နှစ်ခုမှာ လူမျိုး၊ ဘာသာတရား၊ မွေးဖွားရာဇာတိ၊ ယဉ်ကျေးမှု အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပဋိပက္ခ ဖြစ်စေမယ့် မုန်းတီးမှု အရေးအသားတွေကို ပိတ်ပင်တဲ့ ပုဒ်မများ ပါ၀င်ပါတယ်။
မတ်လ ၁၄ ရက် မှာ ပြဋ္ဌာန်းလိုက်တဲ့ မီဒီယာ ဥပဒေသစ်နှစ်ခုမှာ လူမျိုး၊ ဘာသာတရား၊ မွေးဖွားရာ
ဇာတိ၊ ယဉ်ကျေးမှု အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပဋိပက္ခ ဖြစ်စေမယ့် မုန်းတီးမှု
အရေးအသားတွေကို ပိတ်ပင်တဲ့ ပုဒ်မများ ပါ၀င်ပါတယ်။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည်မှုဥပဒေ၊ နည်းဥပဒေ မှာလည်း ဆန္ဒထုတ်ဖော်ပွဲမှာ သုံးမယ့်
ကြွေးကြော်သံ၊ ကိုင်ဆောင်မယ့် စာတန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စကားလုံး အသုံးအနှုန်း
ကအစ စိစစ်ပြီး အမုန်းတရားပွားစေမယ်လို့ ယူဆတဲ့ အသုံးအနှုန်းတွေကို ပိတ်ပင်ပါတယ်။
တစ်ဦးတစ်ယောက် တစ်ဘက်ဘက်ကို မုန်းတီးကြောင်း ဖော်ပြပြီး တစ်ဘက်ရဲ့ တုန့်ပြန် မုန်းတီးမှု
တွေကို ထပ်တိုးစေမယ့် အပြော၊ အရေးတွေကို အထက်ပါအတိုင်း ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး
အစိုးရ အဖွဲ့အစည်းများတင်မက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများရော၊ အများပြည်သူကြားမှာ
ပါ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါတယ်။
ထောက်ခံသူများထဲမှာ တချို့ ကတော့ ဖိနှိပ်ခွဲခြားတတ်တဲ့ အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်အောက်
ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးများနဲ့ ဘာသာတရား
များကြားမှာ အမုန်းတရားတွေ အန္တရာယ်ဖြစ်လောက်အောင် များနေတယ် လို့ ယူဆတာကြောင့်
ပိတ်ပင်သင့်ကြောင်း သုံးသပ်ကြတယ်။
ဒီလို အပြန်အလှန် ဆိုဆဲ ငြင်းခုန်ကား အမုန်းတရားပွားနေကြတာတွေဟာ ဖေ့စ်ဘွတ်ခ် အပါအဝင်
လူမှုမီဒီယာတွေမှာ ပိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အင်တာနက် နည်းပညာနဲ့ ရုပ်လုံးပြစရာလည်း မလိုဘဲ ပြောလို့ ရနေတော့ လူမျိုးရော၊
ဘာသာတရား အကြောင်းရော လွတ်လွတ်လပ်လပ်ကြီး ရန်ဖြစ်၊ ဆဲဆို၊ ငြင်းခုန်ကြပါတယ်။
"လူငယ်တွေက hate speech (မုန်းတီးရေးပြောဆိုမှု)တွေ အပေါ်မှာ အရမ်းကို စိတ်ပါပြီးတော့
လိုက်ပြောနေတာတွေ ရှိတယ်"လို့ အဖွဲ့ဝင် ၅,၀၀၀ ကျော်ရှိ အာဆီယံ အသိုင်းအဝိုင်း မြန်မာ
(Asean Community Myanmar) ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စီမံခန့်ခွဲသူ တစ်ဦးဖြစ်တဲ့
မချိုမေသန်းက နိစ္စဓူဝ သူ့မြင်တွေ့နေရတာကို ပြောတယ်။
"အဲလို ပြောရင်း ပြောရင်းနဲ့ အဆိုးဘက်ကို ရောက်သွားတာမျိုး မဖြစ်စေချင်ဘူး"လို့လည်း
ပြောဆိုတယ်။
ဒီလို မတူကွဲပြားသူ၊ အဖွဲ့အစည်းတွေကြား မုန်းတီးမှုကို လှုံ့ဆော်တဲ့ အပြောအဆို၊ အရေးအသား
တွေဟာ အခြေမကျသေးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အကူးအပြောင်း လုပ်ငန်းစဉ်ကို ထိခိုက်
ပျက်စီးသွားစေနိုင်တယ်လို့ အစိုးရ အဖွဲ့အစည်းများကရော၊ ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးသမား
တွေကပါ ယူဆကြပါတယ်။
အစိုးရ အဖွဲ့အစည်းများဘက်က ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်ကျင့်ထုံးတွေနဲ့
အသားမကျသေးကာ ဒီမိုကရေစီ ယဉ်ကျေးမှု မရင့်ကျက်သေးတဲ့အတွက် ဒီစနစ်အရ ပါလာတဲ့
လွတ်လပ်ခွင့်တွေကို လွဲမှား အသုံးချမှာတွေ ရှိနိုင်တယ်လို့ ယူဆတယ်။
ဒါကြောင့် မတူကွဲပြားမှုတွေကြား အမုန်းပွားစေမယ့် အပြောအဆိုတွေ လွတ်လွတ်လပ်လပ်ကြီး
မပြောဆို ဖြစ်အောင် ထိန်းချုပ်ဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မီဒီယာ
သမားများ ၂၀၁၃ ခုနှစ် တစ်လျှောက်လုံး ဆွေးနွေး ငြင်းခုန်ခဲ့ကြတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ရဲ့ ပြန်ကြားရေးမှူးဖြစ်တဲ့ ဦးသီဟစောက “freedom of
press က freedom of speech နဲ့ မတူဘူး။ freedom of press မှာ သူ့ကျင့်ဝတ်တွေ ရှိတယ်၊
စည်းကမ်းတွေ ရှိတယ်"လို့ ပြောပါတယ်။
"မီဒီယာကို ကိုင်တွယ်မယ်ဆိုတဲ့ မီဒီယာသမားတွေ ကိုယ်၌ကိုယ်က မီဒီယာကျင့်ဝတ်တွေ
စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် မီဒီယာမှာ hate speech က ပြဿနာမရှိဘူး"လို့ ဆိုတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မင်းကိုနိုင်က နိုင်ငံအတွက်
အလှည့်အပြောင်းဖြစ်မယ့် အလွန်အရေးကြီးသော ကိစ္စများဖြစ်ပေါ်နေချိန်မှာ မတူကွဲပြားတဲ့ အဖွဲ့
အသီးသီးကြား အမုန်းတိုးအောင် တမင်လှုံ့ဆော်နေတာတွေ ရှိတယ်လို့ ဆိုတယ်။
"တိုင်းပြည်က ဖွဲ့စည်းပုံပြင်ဖို့ နံပတ်တစ် အရေးကြီးတယ်ဗျာ၊ ပြည်တွင်း ငြိမ်းချမ်းရေး အရေးကြီး
တယ်ဗျာ။ တိုင်းရင်းသားတွေ တန်းတူညီမျှရေးပေါ့။ အဲဒီ နှစ်ခု အရေးအကြီးဆုံး ဖြစ်နေတဲ့
အလှည့်အပြောင်း ကာလမျိုးမှာ တချို့က အမုန်းတရားတွေကို လောင်စာလို စုလိုက်တယ်၊
မီးပွားကျမယ့် ကိစ္စမျိုး လုပ်လိုက်တယ်၊ သိပ်ပြီးတော့ တာဝန်ကြီးတယ်၊ အန္တရာယ်လည်း
သိပ်ကြီးတယ်"လို့ ဆိုတယ်။
အမုန်းတရားတွေကို ဘယ်သူ၊ ဘယ်အဖွဲ့ အစည်းတွေက လှုံ့ဆော် စုဆောင်းနေတယ်ဆိုတာ
အပြောဆိုပေမယ့် မတူကွဲပြားမှုတွေကြား အမုန်းပွားစေမယ့် ပြောနည်း ပြောဟန်တွေ အပါအဝင်
လူတွေရဲ့ လွတ်လပ်စွာ စကားပြောဆို ထုတ်ဖော်မှုများ အားလုံးကို ခွင့်ပြုသင့်တယ်ဆိုတဲ့
အယူအဆကိုတော့ မင်းကိုနိုင်က သဘောမတူပါဘူး။
"အဲဒီတော့ လွှတ်ပေးဖို့ သင့်မသင့်ဆိုတာ ဘယ်လောက် တာဝန်ခံမလဲ၊ ဖြစ်လာရင် ဘယ်သူ
တာဝန်ယူမလဲ။ အဲဒါက အဖြေပါပဲ"လို့ လည်းသူက ဆိုပါတယ်။
တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ Chin World စာစောင်ရဲ့ ထုတ်ဝေသူနဲ့
အယ်ဒီတာ မိုင်ဒီမိုကရေစီက အမုန်းတရားကို ဖော်ပြပြီး အမုန်းတိုးပွား စေမယ့်ရေးသားမှုများဟာ
တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းတွေအတွက် ပြဿနာ တစ်ခုဖြစ်တယ်လို့ သူ့အတွေ့အကြံုကို
ပြောဆိုတယ်။
"hate speech က Chin World ကိုယ်တိုင်လည်း အရမ်းကို သတိထားနေရတဲ့ အပိုင်းပေါ့နော်။
တိုင်းရင်းသားမီဒီယာတချို့ လေးတွေမှာ ကိုယ်နာတဲ့အခါကျတော့ ကိုယ့်ဘက်ကနေ တစ်ဘက်
စောင်းနင်း ရေးလိုက်တဲ့ အရေးအသားမျိုးလေးတွေ တွေ့ မိတယ်"လို့ မိုင်ဒီမိုကရေစီက ဆိုတယ်။
"လွှတ်ပေးလိုက်ရင် hate speech ကနေ ပဋိပက္ခတွေ ဖြစ်သွားမယ်။ ရခိုင်ဘက်က ဖြစ်ရပ်မှာ
ဆိုရင် ဘာသာရေးဘက်ကို ဇောင်းပေးချပြီးတော့ hate speech ပုံစံ ရေးလိုက်တော့ မဖြစ်သင့်တဲ့
ကိစ္စမျိုးတွေ ဖြစ်လာပြီး အခုထိလုံးဝ အဆုံးသတ်လို့ မရတဲ့ ပုံစံတွေအထိ ဖြစ်သွားတယ်"လို့
သူ့သဘောထားကို ပြောတယ်။
သို့သော်လည်း မတူကွဲပြားမှုတွေကြား မုန်းတီးလေအောင် ပြောဆိုရေးသားမှု အားလုံးကို
ပိတ်ပင်သင့်တယ်လို့ မယူဆသူတွေလည်း ရှိပါတယ်။
Yangon School of Political Science က ဆရာတစ်ဦးဖြစ်တဲ့ ဦးမြတ်ကိုက "hate speech
ဆိုတာ လူ့သဘာဝ" လို့ ပြောဆိုတယ်။
"hate speech ဆိုတာ သဘာဝပဲ။ ထွက်မလာအောင် ဘယ်လူ့အဖွဲ့ အစည်းမှာမှ ပိတ်ထားလို့
မရဘူး။ ကိုယ့်လူမျိုး၊ ကိုယ့် identity တစ်ခုခုကို ထိခိုက် စော်ကားခံရတဲ့ hate speech မျိုး
ဖြစ်လာပြီ ဆိုရင်လည်း ဘယ်သူမဆို အနည်းနဲ့အများဆိုသလို ခံစားကြရတာလည်း သဘာဝပါပဲ။
အဲလိုစော်ကားမှုတွေကို မခံနိုင်တဲ့အတွက် ရာဇဝတ်မှု ကျူးလွန်တာလည်း ရှိပါတယ်။ ဒါပေမဲ့
အားလုံးနီးပါးဖြစ်တဲ့ လူအများစုကြီးက သူ့လို မကျူးလွန်ဘူး"လို့ ဦးမြတ်ကိုက ဆိုတယ်။
"hate speech ကို ပိတ်ပင်တာကို ဘယ် ဘက်ကမှ ကျွန်တော်လက်မခံဘူး။ ကျွန်တော့်ရဲ့
identityကို ထိခိုက်စေတဲ့ hate speech ကို ပြောမယ်ဆိုလည်း အဲဒါကို ကန့်သတ်တာကို
မကြိုက်ဘူး။ လွတ်လွတ်လပ်လပ် စကားပြောဆို ရေးသားလို့ ရရမယ့် လူတွေရဲ့ အခွင့်အရေးကို
ချုပ်ချယ် ကန့်သတ်တာကို ကျွန်တော် မကြိုက်ဘူး"လို့သူက ဆိုပါတယ်။
ဒါပေမဲ့ ဦးမြတ်ကိုကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားမှာ မတူကွဲပြားမှုတွေကြား မုန်းတီးမှု
ကို လှုံ့ဆော်တဲ့ အပြောအဆို၊ အရေးအသားတွေအပေါ် လူတွေ ပြင်းပြင်းထန်ထန် တုန့်ပြန်နိုင်တဲ့
အန္တရာယ်ရှိတာကို သဘောတူပါတယ်။
"တချို့ liberal လူ့အဖွဲ့အစည်းတွေမှာ ကျတော့ identity နဲ့ ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံခံရ
တာမျိုးတွေ မရှိသလောက် နည်းတော့ identity ကို မူတည်ပြီး ဖြစ်လာတဲ့ hate speech က
သူတို့မှာ သိပ်ဖြစ်လေ့ ဖြစ်ထလည်း မရှိဘူးပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေတာက
ဘာလဲဆိုတော့ နှစ်ရှည်လများ ခွဲခြားဖိနှိပ် ဆက်ဆံခံရတဲ့ အားနည်းချက်လေးတွေ ရှိနေတဲ့
အတွက်ကြောင့်၊ ဒီလို hate speech နဲ့ ပတ်သက်လို့ ခံစားရတာ ပိုများတာပေါ့"လို့ သူက
ပြောပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ hate speech အပေါ် အထက်ပါအတိုင်း ဒီဂရီအမျိုးမျိုး တုန့်ပြန်မှုတွေထဲမှာ
ရာဇဝတ်မှု ကျူးလွန်လောက်အောင် တုန့်ပြန်သူတွေကိုတော့ တားဆီးရမယ်လို့ ဦးမြတ်ကိုက
ဆိုတယ်။
"ဒီလိုရာဇဝတ်မှု ပုံစံတုန့်ပြန်မှုတွေအတွက် ကျွန်တော်တို့မှာ ရာဇဝတ်မှု ဥပဒေတွေ ရှိပြီးသားပါ။
ဒီဥပဒေတွေကို ပြတ်ပြတ်သားသား ဘက်လိုက်မှုမရှိဘဲ ကိုင်တွယ် ကျင့်သုံးဖို့ကတော့ အစိုးရရဲ့
တာဝန်ပဲ။ "အဲလို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်ဆိုရင် hate speech တွေ ရှိနေပစေ
ဦးတော့ ကိုယ်ထိ လက်ရောက် ကျူးလွန်တာ၊ တခြားသူကို ကိုယ်ထိ လက်ရောက် ထိခိုက်နစ်နာ
စေတာတို့နဲ့ ပတ်သက်ပြီး လူတွေက နှစ်ခါပြန် စဉ်းစားရတော့မယ်" လို့ သူကပြောပါတယ်။
ဒါ့ပြင် လူတွေရဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုမှုကို မချုပ်ချယ်ဘဲ ထားတဲ့အတွက်
မတူကွဲပြားမှုတွေကြား အမုန်းပွားစေတဲ့ အပြောအဆို၊ အရေးအသားတွေတင်မက မတူကွဲပြားတဲ့
သဘောထား အမြင်တွေကို ရှင်းလင်းတာတွေ၊ အမုန်းပွားမယ့် ရေးသားပြောဆိုမှုတွေ၊ စကားတွေနဲ့
ပတ်သက်ပြီး စဉ်းစားတာ၊ ဝေဖန်သုံးသပ်တာ၊ ပြောသင့် မပြောသင့် ဆွေးနွေးညှိနှိုင်းတာ၊ ပညာပေး
တာတွေလည်း လူ့အဖွဲ့အစည်းအတွင်း ပေါ်ပေါက်လာမယ်လို့ ဦးမြတ်ကိုက ဆိုတယ်။
"ဒီဖြစ်စဉ်ကို အားပေးတိုက်တွန်းရင် မတူတဲ့ အဖွဲ့အစည်းတွေကြား နားလည်မှု တိုးလာမယ်။
hate speech ပြောနေသူတွေ ကိုယ်တိုင်လည်း လူပဲ၊ သူ့ဟာသူ ဆင်ခြင်မယ်။ hate speech
ဆိုတာ တစ်စိတ်တစ်ပိုင်းအားဖြင့် နားလည်မှု လွဲတာ၊ သံသယကြီးတာတွေကြောင့်လည်း
ပြောကြတာ ဖြစ်တယ်။ ဒီနည်းနဲ့ပဲ hate speech ပြဿနာ ကို အပြုသဘောနည်းနဲ့ ဖြေရှင်း
နိုင်မယ်" လို့ ဦးမြတ်ကိုက ဆိုပါတယ်။
















