ရခိုင်ပြဿနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ရခိုင်ပြဿနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်မှာ မီးတစ်စ တောက်လောင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က အမျိုးသမီးတစ်ယောက် သာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာပြုတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ စစ်တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ရုံးစိုက်ရာ၊ တည်းခိုရာ၊ အထောက်အကူပစ္စည်း သိုလှောင်ရာနေအိမ်တွေ၊ ရုံးခန်းတွေ၊ ဂိုဒေါင်တွေ တိုက်ခိုက်ဖျက်ဆီး ခံရခြင်းပါ။

တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်မှာ မီးတစ်စ တောက်လောင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က အမျိုးသမီးတစ်ယောက် သာသနာ့အလံကို ဖြုတ်ချပြီး
မဖွယ်မရာပြုတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ
စစ်တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ရုံးစိုက်ရာ၊ တည်းခိုရာ၊
အထောက်အကူပစ္စည်း သိုလှောင်ရာနေအိမ်တွေ၊ ရုံးခန်းတွေ၊ ဂိုဒေါင်တွေ တိုက်ခိုက်ဖျက်ဆီး
ခံရခြင်းပါ။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင် နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာ
က ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး အကာအကွယ်ပေးကြရပါတယ်။ ရန်ကုန်ကို လေယာဉ်နဲ့
အသုတ်လိုက် ပြန်ပို့တာမျိုး လုပ်ကြရပါတယ်။

နောက်ဆုံး ဒီကိစ္စ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ဆီကို
တယ်လီဖုန်းဆက် ပြောဆိုရသည်အထိ အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

အဲဒီ အမိန့်ကြော်ငြာစာထဲမှာ စုံစမ်းမှုတွေ မလုပ်ရသေးခင်မှာဘဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို
အပြစ်တင်ထားတာ တွေ့ကြရပါတယ်။

အမိန့်ကြော်ငြာစာ နံပါတ်(၂) (ခ)မှာ "အထက်ပါဖြစ်စဉ် ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်
အုပ်ချုပ်ရေး အပိုင်းမှ အဓိကတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်" ဆိုပြီး ဖော်ပြထားပါ
တယ်။

တကယ်ပဲ ဒီဖြစ်စဉ်မှာ အဓိက လက်သည် တရားခံဟာ ပြည်နယ်အုပ်ချုပ်ရေးပိုင်းကပဲလား၊ အခြား
ဘယ်သူတွေရော ဖြစ်နိုင်ဦးမလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို အကြမ်းဖက်မှု ဖြစ်စဉ်
အကြောင်းပြောရင် သိပ်မကြာလှသေးတဲ့ ရှေ့မှာ ဖြစ်ထားခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုင်တွယ်
ဖြေရှင်းပုံတွေကို ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

အားလုံးသိကြတဲ့အတိုင်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံရမှုနဲ့
တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီသတင်းတွေကို အစိုးရသတင်းစာတွေမှာ ကျူးလွန်သူတွေရဲ့ လူမျိုးဘာသာကိုပါ ထည့်သွင်းပြီး
ဖော်ပြခဲ့ပါတယ်။ အရင်က လုပ်လေ့လုပ်ထမရှိတဲ့ အစဉ်အလာနဲ့ ဖော်ပြခဲ့တာပါ။

နောက်ပိုင်း တိုက်ကြ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ခုခံကြ၊ မီးတွေရှို့ကြ၊ ရွာတွေ ဖျက်ဆီးကြရင်း
နှစ်ဖက် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

အကျိုးဆက်အဖြစ် ဒုက္ခသည် တစ်သိန်းကျော် ဒုက္ခသည်စခန်း ရောက်ကုန်ပါတယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေက ထိထိရောက်ရောက်
အရေးယူမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။

ဥပမာအားဖြင့် အစ္စလာမ်ဘာသာဝင်တွေ အစုလိုက် အပြံုလိုက် တောင်ကုတ်မှာ အသတ်ခံရတဲ့
ကိစ္စ နှစ်ပေါက်သည်အထိ တရားခံ ဖမ်းမမိနိုင်ဖြစ်ခဲ့ပါတယ်။

ပဋိပက္ခ ဖြစ်ပွားတဲ့ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အမုန်းတရား လျော့နည်းပပျောက်ရေး၊ အတူတကွ
ပြန်လည်နေထိုင်နိုင်ရေး၊ တည်ငြိမ်အေးချမ်းလာရေးကို ဘယ်သူမှ ဦးဆောင်လုပ်ကိုင်ပေးတာ
မတွေ့ကြရပါဘူး။

အစိုးရပိုင်းက လုပ်မပေးသလို ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း လုပ်မပေးကြပါဘူး။ ပိုပြီး
ဖြစ်ပွားလာတာက အစ္စလာမ် ဘာသာဝင်တွေနဲ့ ရခိုင်တွေကို သီးခြားစီ ခွဲထုတ်တဲ့ လှုပ်ရှားမှုတွေ၊
မဆက်ဆံရေး လှုပ်ရှားမှုတွေ၊ အမုန်းတရား လှုံ့ဆော်မှုတွေပဲ ပိုပိုပြီး ပျံ့နှံ့လာတာ တွေ့ရပါတယ်။

ဒီလိုနဲ့ နောက်တစ်ကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတွေ
အကြမ်းဖက်မှု ဖြစ်ပွားပြန်ပါတယ်။

လူတချို့သေ၊ ဒုက္ခရောက်သူရောက် ဖြစ်ကြပါတယ်။ ဖြစ်စဉ်ကလည်း စစ်တွေမှာ လတ်တလော
ဖြစ်ခဲ့တုန်းကလိုပါပဲ။ အစ္စလာမ် ဘာသာဝင်တစ်ယောက် ပြုမူ ပြောဆိုပုံကို လူအုပ်စုနဲ့ အပြစ်ပေးဖို့
ကြိုးစားရာကနေ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ရောက်နေချိန်ဖြစ်တော့ ထိထိရောက်ရောက်
အရေးယူမယ်ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။

ရခိုင်တိုင်းရင်းသားတွေကို ဖမ်းဆီးစစ်ဆေးရင် လူအုပ်ကြီးက အဲဒီလူတွေကို ပြန်ထုတ်ပေးဖို့
တောင်းဆိုကြပါတယ်။

ဒီလိုနည်းနဲ့ အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့ကိစ္စ
အဖျားရှူးသွားပါတယ်။

ဒီနောက်ပိုင်းမှာလည်း အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ လှုပ်ရှားမှု လုပ်နေသူတွေကို ထိထိ
ရောက်ရောက် အရေးယူတာ မရှိသလို လူမျိုးစုနှစ်စု၊ ဘာသာနှစ်ခု အမုန်းတရားလျော့နည်း
ပပျောက်အောင်၊ အတူတကွ အဆင်ပြေပြေနေနိုင်အောင် စီမံလုပ်ကိုင်ဆောင်ရွက်ပေးတာမျိုး
မတွေ့ကြရပါဘူး။

ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေဆိုရင် အကြမ်းဖက်သူတွေကပဲ မှန်သယောင် ပြောဆိုခဲ့ပြီး
အစွန်းရောက်တွေရဲ့ ရေစီးကြောင်းထဲ မျောပြီး လိုက်ပါခဲ့ကြပါတယ်။

နောက်ပိုင်း အစွန်းရောက်တွေ ပစ်မှတ် MSF ခေါ် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဘက်လှည့်လာ
ပါတယ်။

တစ်ပြိုင်နက်တည်း အခြားနိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ထွက်သွားအောင်
တောင်းဆိုတာတွေ လုပ်လာပါတယ်။

မြောက်ဦးမှာဆို အင်န်ဂျီအိုအဖွဲ့တွေကို လက်ခံထားသူ ဒေသခံရခိုင်တွေကိုပါ လက်မခံဖို့
အကျပ်ကိုင်တာတွေ လုပ်ခဲ့ပါတယ်။

နောက်ဆုံး အစိုးရက MSF ကို ရခိုင်ပြည်နယ်ထဲမှာ ဆက်လုပ်ကိုင်ခွင့်မပြုတော့ ရခိုင်ပြည်နယ်ထဲ
က ထွက်သွားကြရပါတယ်။ ဒါကို အစွန်းရောက်တွေက အောင်ပွဲခံကြပါတယ်။

နောက်ထပ် ပစ်မှတ်အဖြစ် ကျန်နေသေးတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဆီဘက်
လှည့်ကြပါတယ်။

ရခိုင် နိုင်ငံရေးခေါင်းဆောင်တွေကလည်း MSF ဟာ လွန်တယ်။ နိုင်ငံတကာ အကူအညီပေးရေး
အဖွဲ့တွေကလည်း ဘက်လိုက်တယ် စသဖြင့် ပြောဆိုပြီး အစွန်းရောက် လှုပ်ရှားမှုကို စိတ်ဓာတ်
အားဖြင့် ထောက်ခံခဲ့ကြပါတယ်။

အခုနောက်ဆုံး ကိစ္စမှာလည်း ဒီအတိုင်းပါပဲ။ အလံဖြုတ်ချတဲ့ နိုင်ငံခြားသူကို ပြစ်မှု ကျူးလွန်တယ်
ဆိုရင် တည်ဆဲဥပဒေအရ အရေးယူဖို့ပါပဲ။ ဒါပေမဲ့ လူစုလူဝေးနည်းနဲ့ အပြစ်ပေးဖို့၊ မရရင်
အကြမ်းဖက်ဖို့ ယဉ်ပါးနေပြီဖြစ်တဲ့ အစွန်းရောက်တွေဟာ နိုင်ငံခြားသူကို လူအုပ်စုနဲ့ အပစ်မပေးနိုင်
တဲ့အခါ နေအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးပစ်ကြပါတယ်။

နောက်ပိုင်း အံ့ဩစရာကောင်းလောက်အောင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ နေထိုင်၊
ရုံးဖွင့်တဲ့ နေအိမ်တွေကို တိတိကျကျ လိုက်လံ အကြမ်းဖက် ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး အစိုးရက ပြည်နယ် အစိုးရကို အပြစ်တင်ပါတယ်။ ရခိုင်အမျိုးသားပါတီ
ခေါင်းဆောင် ဦးအေးသာအောင်ကတော့ မတ်လ ၃၀ ရက်နေ့က သမ္မတနဲ့ တွေ့ဆုံပွဲမှာ
ရခိုင်ပြည်နယ်မှာ ပြဿနာပေါ်ခဲ့တဲ့ နိုင်ငံခြားသူကို ရည်ရွယ်ပြီး "ကိုယ်နဲ့ မဆိုင်ဘဲနဲ့ ဒီအလံကို
ဖြုတ်ပြီး မဖွယ်မရာလုပ်တယ်၊ ရခိုင်ပြည်နယ်မှာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အချိန်မှာ ဒီလို
လုပ်လိုက်တော့ ပြဿနာတက်တယ်။ ဒီလိုပြဿနာဖြစ်တိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသား
တွေရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဥပဒေ ချိုးဖောက်ပြီး လူစုလူဝေးနဲ့ အကြမ်းဖက်သူတွေကို အပြစ်တင်စကား လုံးဝ မပြောခဲ့ပါဘူး။
နိုင်ငံခြားသူကြောင့် ဒီလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာဟာ သဘာဝကျသယောင် ပြောဆိုခဲ့တာ
ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရဟာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် လူအုပ်စုနှစ်စု ပြန်ပြီး သင့်မြတ်အောင်၊
ရခိုင်ပြည်နယ် အေးချမ်းအောင် လုပ်ဆောင်တာလည်း ဘာတစ်ခုမှ မတွေ့ရပါဘူး။

ပြဿနာတိုင်းမှာ စပြီး အကြမ်းဖက်သူတွေ၊ နောက်ပိုင်း အကြမ်းဖက်မှု ကျူးလွန်သူတွေကိုလည်း
ထိထိ ရောက်ရောက် အရေးယူတာ မတွေ့ရပါဘူး။

ပြည်နယ်အစိုးရလည်း ထိုနည်းလည်းကောင်းပါပဲ။ အလားတူ ရခိုင်နိုင်ငံရေးခေါင်းဆောင်
တွေကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အေးအေးချမ်းချမ်း အတူ ယှဉ်တွဲ
နေနိုင်အောင် ဘာတစ်ခုမှ အားထုတ်တာ မတွေ့ရပါဘူး။

ပထမတော့ လူမျိုးရေး ဆန့်ကျင်ရေး၊ နောက်တော့ ကိုယ့်နိုင်ငံသား ကမန်တွေအပါအဝင်
အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး၊ နောက်နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ဆန့်ကျင်ရေး
တစ်ခုပြီးတစ်ခု ခြေလှမ်းလာတဲ့၊ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အစွန်းရောက် အုပ်စုတွေရဲ့
လှုပ်ရှားမှုတွေကို ပြစ်တင်ရှုတ်ချ တားဆီးဖို့ နေနေသာသာ အားပေးအားမြှောက်ဖြစ်စေတဲ့
စကားတွေကိုတောင် ပြောလိုက်ကြပါသေးတယ်။

ဒီအတွက် အားလုံးမှာ တာဝန်ရှိ ကြပါတယ်။ ဒီထဲမှာ အပြစ်တင်ခံရခြင်းကနေ ကင်းလွတ်နေတဲ့
အကြမ်းဖက်သမားတွေလည်း အပြစ်ရှိကြပါတယ်။ တာဝန်ရှိသူတွေ၊ အပြစ်ရှိသူတွေကို မမြင်ဘဲ
ရခိုင်ပြည်နယ် အစိုးရလောက်ကိုပဲ တရားခံရှာနေရင်တော့ ပြဿနာတွေ ပြေလည်ပြီး ငြိမ်းသွားဖို့
လမ်းစ မမြင်နိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021