မြန်မာတို့၏ ၁၂ လ ရာသီခွင်တွင် တန်ခူးလ သည် ပထမဦးဆုံး လဖြစ်သည်။ ထိုလသည်ပင် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်သည်။
မြန်မာတို့၏ ၁၂ လ ရာသီခွင်တွင် တန်ခူးလ သည် ပထမဦးဆုံး လဖြစ်သည်။ ထိုလသည်ပင်
မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်သည်။
နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ပြည်လုံးကျွတ် နွှဲပျော်လေ့
ရှိကြသည်။
မြန်မာ့သင်္ကြန်ပွဲတော်၏ သင်္ကေတ နိမိတ်ပုံအဖြစ် ရွှေဝါရောင် ပိတောက်ပန်းတို့သည် ပင်လုံးကျွတ်
ပွင့်လျက် မွှေးကြိုင်လှိုင်ကြသည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် ဖွားဖက်တော် ပန်းပိတောက်နှင့် ပတ်သက်၍ ရှေးစာဆိုတော်ကြီး
များက ပျို့မော်ကွန်း ဇာတ်တော်၊ ရတုများဖြင့် ပိတောက်ပန်းဘွဲ့ကို တင်စားဖွဲ့နွှဲ့ ခဲ့ကြဖူးသည်။
၎င်းစာဆိုတော်ကြီးများထဲမှ ဆရာကြီး စုံနံ့သာမြိုင် ဦးကြော့၏ -
* * * * *
လ တန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖန်ဂူထိပ်မှာလ
ပစ္စေက ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း
မြူမင်းလွင် ထန်
ကြူသင်း တာချိန်ယံမတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့
သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းပါဘိ
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
* * * * *
ပန်းတကာ့ ပန်းများထဲတွင် ပိတောက်ပန်းကို မိမိ ရင်နှစ်ပန်းကဲ့သို့ ချစ်သည်။ မိမိတာဝန်
ထမ်းဆောင်ရာ ဗိုလ်အောင်ကျော်လမ်း တစ်လျှောက်တွင် သက်ရင့် ပိတောက်ပင်ကြီးများ
အစီအရီ ရှိနေသည်။
မတ်လကုန်ခါနီး ကတည်းက ပိတောက်ဖူးတွေ ပင်လုံးညွှတ် အိနေသည်။ သင်္ကြန်မိုးကို ငံ့လင့်နေ
ကြသည်။
ထိုကာလသည် တန်ခူး၊ ကဆုန် ဆွေ့ဆွေ့ခုန် ဆိုသကဲ့သို့ အပူဒဏ်က ပြင်းလွန်းသည်။
ထိုအပူဒဏ်ကို ကြံ့ကြံ့ခံ အန်တု၍ သင်္ကြန် မိုးရေအေးကို မျှော်တလျက် ပိတောက်ဖူးငုံတို့
ပွင့်အာရန် တာစူနေကြသော်ငြား သင်္ကြန်မိုးက မရွာ၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိတောက်
ဖူးငုံတို့ နေအကင် ခံနေရရှာသည်။
ပိတောက်ဖူးငုံတို့နှင့်အတူ မိမိသည်လည်း သင်္ကြန်မိုးကို နေ့စဉ် မျှော်တသည်။ မိုးရိပ်၊ မိုးတိမ်
မမြင်ရ၊ မိုးသက်လေ မဝှေ့မသွေး။ တစ်ရက်ပြီး တစ်ပတ်၊ တစ်ပတ်လွန် တစ်လကျော်...
သင်္ကြန်မိုးက လုံးဝမရွာ။ မိုးခေါင်။
ဤသို့ဖြင့် အင်မတန် နူးညံ့လွန်းလှသော ပိတောက် ၀တ်ဆံငုံဖူးအနုတို့သည် ရက်ရှည် ကြာနေ
မီးအမြိှုက်ခံရကာ အပူမီးကျွမ်းပြီး ပိတောက်ဖူးငုံတို့ 'သားလျှောခန်း' ကို မိမိ မြင်ရသောအခါ
သောကလွမ်းနာကျရပါသည်။ ရင်နာမဆုံး ဖြစ်ရပါသည်။
* * * * *
'သင်္ကြန်မင်းသား' ဟု ပြောစမှတ်ပြုခံရသူ ရုပ်ရှင်မင်းသား ကိုဝင်းဦးသည် မန္တလေးသင်္ကြန် ပွဲတော်
ကို မြို့မတေးဂီတအဖွဲ့နှင့် ၁၀ နှစ်ကျော် နွှဲပျော်ပြီးနောက် တပ်မတော်တွင် အမှုထမ်းခဲ့စဉ်က သူနှင့်
သူငယ်ချင်းဖြစ်သူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ်ချစ်ဆွေ ၏ ဖိတ်ကြားချက်
အရ မော်လမြိုင်သင်္ကြန်ကို တက်ကြွရွှင်လန်းစွာ နွှဲပျော်ခဲ့သည်မှာ နှစ်နှစ် ရှိခဲ့ပြီ။
၁၉၈၆ ခုနှစ်၊ သုံးနှစ်မြောက်။ ထိုနှစ်တွင် ဗိုလ်မှူးချုပ်ချစ်ဆွေ နေရာ၌ ဗိုလ်မှူးချုပ် ဉာဏ်လင်းက
တိုင်းမှူးအဖြစ် တာဝန်ယူရသည်။
ထိုနှစ် မော်လမြိုင်သင်္ကြန်သို့ သွားရောက် နွှဲပျော်ရန်အတွက် ဆရာနတ်နွယ် နှင့် မိမိအား
ခေါ်သွားပါသည်။
သို့ဖြင့် မိမိတို့ သုံးဦးသည် ကိုရိုလာ ကားဖြူကလေးနှင့် မော်လမြိုင်သို့ ခရီးနှင်ခဲ့ကြပါသည်။
၎င်းခရီးစဉ်တွင် မော်လမြိုင်မြို့နယ် တစ်ခွင်တစ်ပြင်အနှံ့ သီချင်းဆို၊ ဖျော်ဖြေ၊ ရေကစားရန်
အစီအစဉ် ရှိသည်။
နံနက် ၁၀ နာရီကျော်ခန့်တွင် စစ်တောင်း တံတားတစ်ဖက်ထိပ်၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ
အကြိုထောက်အဖွဲ့က စောင့်ကြိုလျက် ရှေ့လမ်းခရီးကို လမ်းရှင်းဦးဆောင်သွားသည်။
တပ်မ (၄၄) ဌာနချုပ်သို့ ရောက်သော် နေ့လယ်စာစားရန် ခရီးတစ်ထောက် နားကြသည်။
တပ်မ (၄၄) ဧည့်ရိပ်သာအဝင်၌ တပ်မ (၄၄) တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး တင်အေးနှင့် အတူ
တပ်ပျိုဖြူများက စံပယ်၊ ကံ့ကော် ပန်းကုံးများနှင့် ဆီးကြိုနေသည်။
ကိုဝင်းဦးက တပ်မမှူးအား ဆရာနတ်နွယ်နှင့် မိမိတို့ကို သူ၏ သူငယ်ချင်းများဖြစ်ကြောင်း
မိတ်ဆက်ပေးသည်။
မိမိသည် တပ်မမှူးနှင့် ဆုံကြံု ရင်းနှီးဖူးပါသည်။ ၁၉၈၄ ခုနှစ်၊ ကျောက်ကြီး၊ နတ်သံကွင်း
စာပေဟောပြောပွဲသို့ ဆရာမင်းကျော်၊ ဆရာမောင်နေဝင်း၊ ချစ်ဦးညိုတို့နှင့် အတူ မိမိရောက်ခဲ့စဉ်က
ဗိုလ်မှူးကြီးတင်အေးကို ဗျူဟာမှူးအဖြစ် တွေ့ဆုံ ရင်းနှီးခွင့်ရခဲ့ပါသည်။
ယခု ဒုတိယအကြိမ် မိမိတို့နှစ်ဦးပြန်လည် ဆုံစည်းခြင်း ဖြစ်သည်။
တပ်မ (၄၄) က တည်ခင်းဧည့်ခံသော နေ့လယ်စာကို သုံးဆောင်ပြီးနောက် သထုံမှ မုတ္တမ
လမ်းကြောတစ်လျှောက်ရှိ တပ်ရင်း၊ တပ်မ အသီးသီးတို့သို့ ခေတ္တဝင်ရောက်၍ ရွှေမြိုင်သင်္ကြန်
အကြိုပွဲကို နွှဲကြပါသည်။
ညနေ စောင်းသော် မုတ္တမဆိပ်ကမ်းမှ အထူးမော်တော် ဘုတ်ဖြင့် မော်လမြိုင် ဘက်ကမ်းသို့
ကူးသည်။
မော်လမြိုင် ဆိပ်ကမ်းမှတစ်ဆင့် တံခါး လေးပေါက်ပါသော အပြာရောင် မာဇဒါဂျစ်ကားဖြင့်
အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တည်ရာသို့ ဦးတည်သွားကြသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းရှိ တိုင်းမှူးနေထိုင်သော အိမ်ဂေဟာနှင့် မျက်နှာချင်းဆိုင်
နှစ်ထပ်တိုက် အပေါ်ထပ်၌ မိမိတို့ ကို တည်းခိုစေသည်။
တိုင်းစစ်ဌာနချုပ်နေရာသည် တောင်ဆွယ်တောတန်း အခြေ၌ တည်ရှိပြီး ဆိတ်ငြိမ်အေးချမ်း
သာယာသော အသွင်ကို ဆောင်ပါသည်။
ကြည့်လေတိုင်းတွင် ပိတောက် ပင်များ အုံ့ဆိုင်းလျက် ဖူးငုံများ ပင်ယံဖျား၌ ညွှတ်အိဝေဆာ
နေပါသည်။
ညနေ ၅ နာရီ ကျော်သောအခါ အပေါ်ထပ် ၀ရန်တာ၌ မိမိတို့ သုံးဦးအတွက် စားသောက်ဖွယ်ရာ
များ ပြင်ဆင်ပေးထားသော စားပွဲဆီသို့ ကိုဝင်းဦးဦးဆောင်၍ မော်လမြိုင်သင်္ကြန်ကို ၀ိစကီနှင့်
စတင်ကြိုဆိုလိုက်ပါသည်။
မိမိတို့ လိုအပ်သည်များကို အလျင်အမြန် ဆောင်ရွက်ပေးရန် ဗိုလ်ကြီးတစ်ဦးက မိမိတို့နှင့်
လက်တစ် ကမ်းအကွာတွင် မတ်မတ်ရပ်နေပါသည်။
"ကိုနတ်နဲ့ ကိုသွေးရေ၊ ဟိုမှာ ပိတောက်ဖူးတွေ ဝေဆာနေလိုက်တာဗျာ၊ ဟဲ..ဟဲ..ဟဲ
ကျွန်တော်ကလေ ကျွန်တော်က သင်္ကြန်မင်းသားဆိုတော့ ပိတောက်ချစ်သူပေါ့ဗျာ။ မနက်
အိပ်ရာအထမှာ ပိတောက်နံ့ကလေး တသင်းသင်းနဲ့ ၀ီစကီ မောနင်းပက်လိုက်ရရင် ဘယ်လောက်
ကောင်းလိုက်မလဲဗျာ... ဟင်း..ဟင်း..ဟင်း..။" ကိုဝင်းဦးသည် သူ့ဖန်ခွက်ထဲက လက်ကျန်ကို
အပြီးသတ် မော့ချလိုက်ပြီး ဖန်ခွက်ထဲသို့ နောက်ထပ် ၀ီစကီထပ်ငှဲ့နေစဉ် အထက်ပါ စကားကို
မိမိတို့ကို ပြောသည်။
* * * * *
"ဟေ့လူ... ကိုသွေး... လာ... လာ... ထစမ်းပါဦးဗျ။"
ခရီးပန်း၊ ညကလည်း ၀ီစကီဇာတ်ကြမ်းကို ညဉ့်နက်သန်းခေါင်ကျော်အထိ ဖျော်ဖြေမိသည့်အတွက်
အရက်အိပ်မောကျကောင်းနေဆဲ၊ မိမိလက်ကို ကိုဝင်းဦး လှုပ်ယမ်းပြီး နှိုးနေတာကြောင့် မိမိအိပ်ရာ
မှထပြီး ကိုဝင်းဦးဆွဲခေါ်ရာ ၀ရန်တာဆီသို့ လိုက်သွားသည်။
၀ရန်တာမှာ ဆရာနတ်နွယ်က ခါးထောက်လျက်၊ မျက်နှာသွင်ပြင်မှာ မှုန်ကုပ်ကုပ်။
"ဟိုမှာလေ ကြည့်၊ ကြည့်စမ်းပါဦးဗျာ" ကိုဝင်းဦး လက်ညှိုးဝေ့ညွှန်ရာ နေရာများဆီသို့ မိမိလိုက်
ကြည့်သည်။
"အလို... မြတ်စွာဘုရား" မနေ့ညနေတုန်းက တွေ့မြင်ရသည့် နီကျင်ကျင် မြေသားမြေပြင်
အပြန့်နေရာများတွင် ပိတောက်ခက်၊ ပိတောက်ရွက်၊ ပိတောက်ဖူးများ ဖရိုဖရဲ ပြန့်ကျဲလျက်။
မြေသား မြေပြင်ကို မမြင်ရ၊ စိမ်းရင့်ရင့် ပိတောက်ရွက်များ၊ ပိတောက်ဖူးငုံများ ကမ္ဗလာ
ဖြန့်ခင်းထားသလို။
ထိုစဉ် မိမိတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခြင်း ခံထားရသူ
ဗိုလ်ကြီးဆိုသူသည် ၀ရန်တာသို့ ကသုတ်ကရက် ရောက်လာပြီး - "မင်းသားကြီး၊ ဘာများ
အလိုရှိလို့ပါလဲ ခင်ဗျာ"
"ဘယ်လို ဘယ်လို၊ ဘာများ အလိုရှိလို့ပါလဲ၊ ဟုတ်လား၊ ဘာမှ အလိုတော်မရှိပါဘူးဗျာ။
ဟဲ...ဟဲ...ဟဲ... ဒါနဲ့၊ နို့၊ ကျွန်တော် သိချင်တာက ဟောဟို ပိတောက်ခက်တွေဗျာ၊ ပိတောက်ဖူး
တွေဗျာ။ ဘယ်လိုလုပ်ပြီး မြေပြင်ပေါ်ကို ရောက်ကုန်ကြရသလဲဆိုတာတော့ သိချင်သဗျာ"
"ဪ... ဒါက ဒီလိုပါ မင်းသားကြီး၊ မနေ့ညနေက မင်းသားကြီးပြောတဲ့ မနက် မိုးလင်းအိပ်ရာ
အထ၊ ပိတောက်ပန်းနံ့ကလေး တသင်းသင်းနဲ့ ၀ီစကီမောနင်း ပက်လိုက်ရရင် ဘယ်လောက်
ကောင်းလိုက်မလဲဆိုတဲ့ စကားကို ကျွန်တော့် အထက်လူကြီးဆီ တင်ပြ အစီရင်ခံလိုက်တာ..."
"ဘာ၊ ဘယ်လို ဘယ်လို၊ ကျွန်တော်ပြောတဲ့ စကားကို အထက်လူကြီးဆီ ဗိုလ်ကြီးက အစီရင်ခံ
တင်ပြ၊ ဪ... အင်း...အင်း..."
"ဟုတ်ပါတယ်ခင်ဗျာ။ ဒါနဲ့ မင်းသားကြီးတို့ အိပ်မောကျကောင်းတဲ့ ည ၁၂ နာရီကျော်လောက်မှာ
မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ မီးသတ်ကားတွေအားလုံး ရေအပြည့်ဖြည့်ပြီး ပိတောက်ပင်ဖျားတွေကို
အောက်ကနေပင့်ပင့် ပြီး မီးသတ်ပိုက်တွေနဲ့ ရေဖျန်းရမယ်လို့ အမိန့်ပေးတာနဲ့..."
"အိုးဟိုး၊ အိုကေ၊ ဟဲ ဟဲ ဟဲ ကဲ ကဲ ကဲ ဗိုလ်ကြီး လုပ်စရာရှိတာ သွားလုပ်ပါ။ ကျွန်တော်တို့
မောနင်းပက်လိုက်ဦးမယ်" ဗိုလ်ကြီးဆိုသူ ရုတ်ခြည်းထွက်သွားသည်နှင့် ကိုဝင်းဦးသည် 'တောက်'
တစ်ချက်ခေါက်လျက်...
"ဟာ... ဟ ရယ်ရတယ်ဗျနော်... ဟဲ.. ဟဲ..။ အဲဒါသာ ကြည့်ပေတော့ ကိုနတ်နဲ့ ကိုသွေးတို့ရေ၊
ဘယ့်နှယ်ဗျာ ကြံကြီးစည်ရာ သဘာဝ မိုးရေ၊ မိုးစက်၊ မိုးပေါက်ကလေးတွေနဲ့ ထိတွေ့မှ ပွင့်လန်း
လာမယ့် ပိတောက်ဖူး ကလေးတွေကိုမှလေ...၊ ဒင်းတို့က မီးသတ်ပိုက်ခေါင်းကြီးတွေနဲ့
တောမီးငြိှမ်းသတ်သလိုမျိုးဗျာ၊ တရကြမ်း ၀ိုင်းထိုးဖျန်းမှတော့ မွေးခါစ ကလေးငယ်ရဲ့မေးစေ့ကို
၁၀ ပေါင် သံတူနဲ့ အောက်ကနေ ပင့်ရိုက်သလိုမျိုး၊ အင်းလေ အင်မတန် အကိုင်းဆတ်တဲ့
ပိတောက်ကိုင်းတွေ၊ အင်မတန် နူးညံ့တဲ့ ပိတောက်အဖူးအငုံကလေးတွေ ဘယ်လိုလုပ် ခံနိုင်ရည်
ရှိပါတော့မလဲဗျာ။ မန်းသင်္ကြန်ပွဲမှာ တုန်းကလေ ဂျစ်ကားရှေ့ဖုံး ပေါ်တက်ပြီး ရေပက်ခံနေတဲ့
ငနဲသုံးကောင်ကို ကျွန်တော် မီးသတ်ပိုက်ခေါင်းနဲ့ ထိုးပက်လိုက်တာ၊ ဘာပြောကောင်းမလဲဗျာ၊
အဲဒီငနဲ သုံးကောင် ကားဖုံးပေါ်က လွင့်စဉ်ပြီး အောက် ပြုတ်ကျသွားတာဗျ။ မီးသတ်ပိုက်
ရေလုံးအားက အဲဒီလောက် ပြင်းတာကြီးကို...။ ရုပ်ရှင်ရိုက်ကူးသည့်အခါ မျက်ရည်ကျရသည့်
ဇာတ်ဝင်ခန်းများ၌ မျက်စဉ်းဆေး လုံးဝမခတ်ဘဲ ပင်ကို သဘာဝမျက်ရည်ကို တတွေတွေကျအောင်
ပီပြင်စွာ သရုပ်ဆောင်နိုင်သည့် ကိုဝင်းဦးသည် သူ့မျက်စိရှေ့ မြေအပြင်၌ မြင်တွေ့နေရသော
ပိတောက် အခက်၊ အရွက်၊ အဖူးအငုံများကို မျက်ဝန်း၌ မျက်ရည်များ ဝေသီ ရစ်ဝိုင်းစွာဖြင့်
ငေးငေးစိုက်စိုက်ကြည့်ရင်း -
"ကျွန်တော့် နှုတ်ကြောင့်၊ ဟောဒီ ပါးစပ်ကြောင့် တစ်နှစ်မှာ တစ်ကြိမ်တစ်ခါသာ ပွင့်ရှာခွင့်ရကြတဲ့
ပိတောက်ပန်းတွေ ပွင့်ခွင့်၊ မွှေးကြိုင်ခွင့် မရရှာကြတော့ဘူးဗျာ..." ဆရာနတ်နွယ်နှင့် မိမိတို့
သူ့စကားကို ခွန်းတုံ့ပြန်နိုင်ခြင်း အလျဉ်းမရှိ။
"အေးပါဗျာ၊ ကိုနတ်၊ ကိုသွေးတို့ရေ အမိန့်ပေးစေခိုင်းသူ ပုဂ္ဂိုလ်ကြီးရဲ့ သဘာဝကို ဖက်ပြိုင်တုပဝံ့တဲ့
စိတ်ကူးကိုတော့ ချီးမွမ်းလိုက်ကြပါစို့ဗျာ"
* * * * *
၂၀၁၄၊ ဧပြီလဆန်း ဗိုလ်အောင်ကျော်လမ်းတစ်လျှောက် ပိတောက်ပင်အိုများ၏ ပင်ယံဖျား၌
ပိတောက်ဖူးတွေ ညွှတ်အိဝေနေကြပြီ။ တန်ခူးနေအမြိှုက် လှိုက်လောင်ခြင်း ဒဏ်ဆိုးကြောင့်
'ပိတောက်သားလျှော' ခြင်း ကပ်ဘေးက ကင်းပကြပါစေ၊ သင်္ကြန်မိုး ရွာသွန်းပါစေဟု
ဆုတောင်းရုံမှ တစ်ပါး...။

















