မင်းလှခံတပ်က ၀ိညာဉ်များ နားခိုရာ

မင်းလှခံတပ်က ၀ိညာဉ်များ နားခိုရာ

အချိန်ကား ခရစ်သက္ကရစ် ၁၈၈၅ ခုနှစ်၊ နို၀င်ဘာလ ၁၇ ရက်နေ့။ နေရာကား ဧရာဝတီမြစ် ဖြတ်သန်း စီးဆင်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မင်းလှအရပ်။ မြန်မာဘုရင်၏ ဒေါင်းအလံ တလူလူလွင့်နေသည့် မင်းလှခံတပ်ကြီးကား တိတ်ဆိတ်စွာ။

အချိန်ကား ခရစ်သက္ကရစ် ၁၈၈၅ ခုနှစ်၊ နို၀င်ဘာလ ၁၇ ရက်နေ့။ နေရာကား ဧရာဝတီမြစ်
ဖြတ်သန်း စီးဆင်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မင်းလှအရပ်။ မြန်မာဘုရင်၏ ဒေါင်းအလံ
တလူလူလွင့်နေသည့် မင်းလှခံတပ်ကြီးကား တိတ်ဆိတ်စွာ။ စစ်သည်ရဲမက်တို့ ရဲစိတ်ရဲမာန်
တက်ကြွလျက်၊ တိုင်းတစ်ပါးနယ်ချဲ့ရန်ကို လက်တု့ံမနှေး ခုံခံတိုက်ခိုက်ရန် ခွန်အားဖြည့်တင်းလျက်
ရှိကြသည်။

မကြာမီအချိန်တွင် မင်းလှခံတပ်တစ်ဝိုက် အမြောက်သံ၊ မီးပေါက်သေနတ်သံ၊ ဓား၊ လှံ တို့ဖြင့်
ထိုးခုတ်တိုက်ခိုက်နေသံတို့ ဘဝဂ်ညံလျက်ရှိတော့သည်။ တတိယ အင်္ဂလိပ်ျွမြန်မာစစ်ပွဲအတွင်း
အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ရာ မင်းလှခံတပ်ကို စိတ်ကူးဖြင့် ပုံဖော်ကြည့်မိခြင်းဖြစ်သည်။

ညနေခင်း အလင်းရောင်အောက်တွင် ငြိမ်သက် အေးချမ်းနေသည့် မင်းလှခံတပ်နှင့်
ဧရာဝတီမြစ်ပြင်သည် အတိတ်သမိုင်းကြောင်းကို မေ့ဖျောက်ထားအ့ံ မထင်။

မင်းလှခံတပ်တိုက်ပွဲတွင် ကျဆုံးခဲ့ကြသည့် သူရဲကောင်း စစ်သည်ရဲမက်တို့၏ ၀ိညာဉ်သည်
အနီးအနားတစ်ဝိုက် ခိုနားလျက်ရှိမည်။

မင်းလှခံတပ်အုတ်ရိုးပေါ်က သွေးစက်များ ခြောက်သွေ့သွားလင့်ကစား စစ်သည်ရဲမက်တို့၏
အားမာန်အပြည့် တိုက်ပွဲ ခေါ်သံများသည် ခံတပ်နံရံများတွင် စွဲဝင်လျက် ရှိပေမည်။

အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲအကြောင်း ပြန်ပြောင်းသတိရစေမည့် မင်းလှခံတပ်သည်ကား
ဧရာဝတီမြစ် အနောက်ဘက်ကမ်း မင်းလှမြို့၌ တည်ရှိလေသည်။

အင်္ဂလိပ်တို့အား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည့် သမိုင်းပြယုဂ် တစ်ခုလည်းဖြစ်သည့် မင်းလှခံတပ်
သည် မူလ အရွယ်အစားအတိုင်း မပျက်မယွင်းရှိနေသည်တော့ မဟုတ်ပေ။ ယနေ့အချိန်တွင်
တိုက်ပွဲ၏ ဒဏ်ရာဒဏ်ချက်များကြောင့် မဟုတ်ပါဘဲ မင်းလှခံတပ်ကြီးက တစ်ပိုင်းတစ်စပြိုပျက်
နေခဲ့ပြီဖြစ်သည်။

ခံတပ်၏ အတွင်းဘက်နံရံများနှင့် အခြား မျက်နှာစာများသည် ကောင်းမွန်သည့်အနေအထား
ရှိသော်လည်း မြစ်ဘက်ခြမ်းရှိ ခံတပ် မျက်နှာစာမူကား ယိုယွင်းလျက်ရှိပြီဖြစ်သည်။

အပိုင်းပိုင်း အစစပြိုကျထားသော အုတ်ရိုးများသည် မြစ်ကမ်းပါးတစ်လျှောက် တွဲလောင်းကျလျက်၊
အချို့အုတ်ရိုး အပိုင်းအစများသည် မြစ်တွင်းသို့ ထိုးကျလျက်ရှိသည်။

ဧရာဝတီမြစ်ကို မျက်နှာမူလျက်ရှိသည့် ခံတပ်မျက်နှာစာသည် အုတ်ရိုးပုံဟောင်း တစ်ခုနှယ်
ရုပ်ဆင်းအင်္ဂါ ပျက်စီးနေပြီဖြစ်သည်။

"အရင်တုန်းကတော့ ခံတပ်က မြစ်ကမ်းကနေ သုံးလေးငါးဖာလုံလောက် ဝေးတယ်။ တဖြည်းဖြည်း
ကမ်းပါးပြိုပြီး ခုမြင်ရတဲ့အတိုင်း ခံတပ်ခြေအထိ မြစ်ကမ်းပါးရောက်လာတာပဲ။ ခံတပ်ရဲ့ သုံးပုံ
တစ်ပုံလောက်က ပြိုကျထားပြီ"ဟု မင်းလှမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာ တောသားကြီး
လူနိုင်တစ်ဖြစ်လဲ အဘဦးချစ်လွင်က ဆိုသည်။

မင်းလှခံတပ်ကို ၁၈၆၀ - ၆၁ ခုနှစ်တွင် ပြင်သစ်နှင့် အီတာလျံအင်ဂျင်နီယာများ အကူအညီဖြင့်
နိုင်ငံခြားပညာတော်သင် မြန်မာအင်ဂျင်နီယာလူငယ်များ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ခံတပ်တည်ဆောက်သည့်နှစ်အား မြန်မာသက္ကရာဇ်အားဖြင့် 'အချောင်ကြံစည် ခံတည်တည်' ဟု
အလွယ်မှတ်သားခဲ့ကြသည်။

ခံတပ်အလျားမှာ အရှေ့အနောက် ၁၈၄ ပေ၊ တောင်မြောက် ၁၇၁ ပေနှင့် အမြင့် ၂၆ ပေရှိပြီး၊
မြေသားနှင့် အုတ်ရိုးထုထည်ဖြင့် တည်ဆောက်ထားသည်။

ခံတပ်အောက်ပိုင်းတွင် စစ်သည်များနေထိုင်ရန်နှင့် ရိက္ခာများသိုလှောင်ရန် အခန်းပေါင်း ၂၁ ခန်း
ပါရှိသည်။

၁၈၈၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မင်းလှခံတပ်တိုက်ပွဲတွင် မြန်မာဘက်မှ မင်းထင်မင်းလှ
ရဲခေါင်သူရိန်နှင့် တပ်သား ၅၀၀ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက်
တို့ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်ဟု မင်းလှခံတပ်မှတ်တမ်း ကျောက်စာတိုင်တွင် ဖော်ပြထားသည်။

မင်းလှခံတပ်တိုက်ပွဲ မှတ်တမ်းတင် ဓာတ်ပုံ။

စတုရန်းပုံ တည်ဆောက်ထားသည့် မင်းလှခံ တပ်အတွင်းပိုင်းတွင် မြေကွက်လပ်ကျယ်ရှိသည်။

မြေကွက်လပ် တစ်ဖက်တစ်ချက်စီတွင် ခံတပ်ပေါ်တက်ရောက်ရန် အုတ်လှေကားတစ်ခုစီ
ရှိလေသည်။

အုတ်ရိုးလှေကားသည် အနည်းငယ်ခြေလှမ်းစိပ်သယောင်ရှိသည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်အချိန်က အင်္ဂလိပ် အမြောက်ဆန်များ အဆက်မပြတ်ကျရောက်
ပေါက်ကွဲနေချိန်တွင် မြန်မာစစ်သည်ရဲမက်တို့ ဤလှေကားထစ်များအတိုင်း တက်ကာ ဆင်းကာ
ရှိကြပေလိမ့်မည်။

မြန်မာစစ်သည် ရဲမက်တို့ ပြေးလွှားခြေချခဲ့ရာ ခံတပ်အုတ်ရိုးများပေါ် ခပ်ဖွဖွလမ်းလျှောက်ရင်း
ဧရာဝတီမြစ်ပြင်ကို လှမ်းမျှော်ကြည့်မိသည်။

တပို့တွဲလဆန်းမို့ ဆောင်းလည်းမပီ နွေလည်းမမည်သော ရာသီဥတုရပ်ဝန်းနှင့်အတူ ဧရာဝတီမြစ်
ရေသည် ကြည်လင်အေးမြစွာ။ ရေလယ်တွင် ကျောက်ချ ရပ်နားထားသည့် သင်္ဘောသည်
ငြိမ်သက်လျက်၊ မြစ်ကမ်းနှင့် မနီးမဝေး ရေပြင်ထက်တွင် တံငါလှေ အချို့မျောလျက်၊ ငါးဖမ်းပိုက်
ချပြီးသောအချိန် ကိုတံငါတို့အေးဆေးစွာ စကားဖောင်ဖွဲ့ နေကြသည်။

မြစ်တစ်ဖက်ကမ်းတွင် သောင်ပြင်ဖြူနှင့် စိမ်းမြမြ ကိုင်းတောစပ်ကိုလှမ်းမြင် နိုင်သည်။

မြူမှုန်မှုန်နေ့ခင်း အလင်းရောင်အောက်တွင် မြစ်တစ်ဖက်ကမ်း တောင်ကုန်းပေါ်က ဂွေးချောင်း
ခံတပ်ဆိုင်းဘုတ်ကို မသဲမကွဲ လှမ်းမြင်ရသည်။

မင်းလှခံတပ်နှင့် ဓားလွယ်ခုတ်အနေအထားတွင် ဂွေးချောင်းခံတပ်ကို တည်ဆောက်ထားခြင်း
ဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာမည့် အင်္ဂလိပ်စစ်သင်္ဘောများကို အပေါ်စီးမှ
ခုခံတိုက်ခိုက်ရန်အလို့ငှာ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တို့ကို တစ်ချိန်တည်း တည်ဆောက်ခဲ့
ခြင်းဖြစ်သည်။

မြစ်တစ်ဖက်တစ်ချက်ရှိ ခံတပ်များမှနေ၍ နယ်ချဲ့အင်္ဂလိပ်များကို ခုခံတိုက်ခိုက်ရန် မြန်မာဘက်မှ
ရည်ရွယ်ခဲ့သော်လည်း အင်္ဂလိပ်စစ်တပ်များသည် စစ်သင်္ဘောများနှင့်သာမက ကမ်းတက်တပ်ဖွဲ့
များနှင့်ပါ စစ်မျက်နှာဖွင့်၍ ၀ုိင်းဝန်းတိုက် ခိုက်ခဲ့ကြလေသည်။

အင်္ဂလိပ်တို့သည် ဂွေးချောင်းခံတပ်ကို အလွယ်တကူ ရရှိခဲ့သော်လည်း မင်းလှခံတပ်ကိုကား
ခက်ခဲပင်ပန်းစွာ တိုက်ခဲ့ရသည်ဟုု သမိုင်းမှတ်တမ်းများက ဆိုသည်။

မြန်မာဘက်မှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် မင်းလှခံတပ်တိုက်ပွဲသည် တတိယ
အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်ဟု အိန္ဒိယအခြေစိုက် အင်္ဂလိပ်
စစ်ဌာနချုပ်ကပြုစုခဲ့သော 'နယ်စပ်နှင့် ပင်လယ်ရပ်ခြား စစ်ဆင်းရေးများ' ဆိုသည့် စစ်သမိုင်း
မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

မင်းလှခံတပ်တိုက်ပွဲတွင် အင်္ဂလိပ်ဘက်မှ ကျဆုံး ရှစ်ယောက်၊ ဒဏ်ရာရ ၂၃ ယောက်နှင့်
မြန်မာဘက်မှ ၁၇၀ ကျဆုံးပြီး ၂၇၆ ယောက်ကို စစ်သုံးပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည့်အပြင်
အင်္ဂလိပ်တပ်များရောက်ရှိ မလာမီ မြန်မာဘက်မှ ကျဆုံးစစ်သားအလောင်းများကို ဖျောက်ဖျက်ခဲ့
ကြသည်ဟုလည်း ၎င်းသမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာ့စွယ်စုံကျမ်းအတွဲ (၉) တွင်လည်း မင်းလှခံတပ်တိုက်ပွဲအတွင်း ရတနာပုံနေပြည်တော်ရှိ
မြန်မာဘုရင့်လွှတ်တော်၏ "အင်္ဂလိပ်ကို ခုခံလျှင် သူပုန်" ဟူသော အမိန့်တော်ကိုပင်
အလေးမမူဘဲ အောက်မြစ်စဉ်ဝန်ကြီးဖြစ်သော ဗိုလ်ချုပ်မင်းကြီး မဟာသမိန်ဘရမ်း
(မင်းလက်ဝါးကြီး)နှင့် မင်းလှခံတပ်ဦးစီး လက်ရွေးကြီး လှေသင်းဗိုလ် မင်းထင်မင်းလှရဲခေါင်တို့က
မြန်မာတပ်များအား အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံခုံခံတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု
ဖော်ပြထားလေသည်။

မင်းလှခံတပ်ကို သိမ်းပိုက်နိုင်ရန် အင်္ဂလိပ်စစ်တပ်များသည် မင်းလှအောက်ဘက် မလွန်အရပ်မှ
စတင်ချီ တက်တိုက်ခိုက်ခဲ့ကြသည်။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ တိုက်ပွဲများ အပြင်းအထန်
ဖြစ်ပွားခဲ့ရာ ညနေ ၃ နာရီအချိန်တွင် မင်းလှခံတပ် ကျဆုံးခဲ့သည်ဟု စာရေးဆရာ နတ်မောက်
ဘုန်းကျော်၏ အင်္ဂလိပ် မြန်မာစစ်ပွဲနှင့် မင်းလှခံ တပ်စာအုပ်တွင်လည်း ဖော်ပြထားလေသည်။

မင်းလှခံတပ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်ဗိုလ် ရောဘတ်အက်ရှ်တန်သီရိုဒေါဂျူရီအား
မင်းလှမြို့တွင် မြှုပ်နှံခဲ့သည်။

မင်းလှမြို့ သမဝါယမဌာနဝင်းအတွင်းရှိ သံဆူးကြိုးယိုင်နဲ့နဲ့ဖြင့် ကာရံထားသော အင်္ဂလိပ်စစ်ဗိုလ်၏
အုတ်ဂူအား ယနေ့တိုင်တွေ့မြင်နိုင်သည်။

မင်းလှခံတပ်တိုက်ပွဲ၌ ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်ဗိုလ်၏ အုတ်ဂူအား တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အုတ်ဂူအား ဖုံးအုပ်ထားသည့် စကျင်ကျောက်ဖြူပြားပေါ်တွင် နှင်းဆီပန်းပွင့်ဖောင်း ကြွများ ထုလုပ်
ထားသည့်အပြင် 'အမှတ် (၁၁) ဘင်္ဂေါတပ်ခြေလျင်တပ်ရင်းတွင် ပါ၀င်တိုက်ခိုက်ခဲ့သည့် ဒုဗိုလ်
ဂျူရီအား အောက်မေ့သောအားဖြင့် ၎င်း၏ ရောင်းရင်းအရာရှိများမှ တည်သည်'ဟုလည်း
မှတ်တမ်းရေးထိုးထားလေသည်။

"ဂျူရီအုတ်ဂူဘေးမှာ ရှိတာကတော့ ခရစ်ယာန်ဘာသာဝင်ချင်း စစ်သားတစ်ယောက်ရဲ့ အုတ်ဂူပါ။
နာမည်ဘယ်သူဘယ်ဝါ မသိရဘူး။ ၁၉၆၀ ပြည့်နှစ်လောက်က မြှုပ်ခဲ့တာလို့ သိရတယ်" ဟု
အသက် ၈၆ နှစ်ရှိပြီဖြစ်သည့် အဘဦးချစ်လွင်က ဆိုလေသည်။

အင်္ဂလိပ်စစ် ဗိုလ်၏ အုတ်ဂူအကြောင်း၊ မင်းလှခံတပ်နှင့် အင်္ဂလိပ် - မြန်မာတိုက်ပွဲအကြောင်း
ကြုံဖူးသမျှ၊ မှတ်သားထားသမျှတို့ကို ပြောပြနေသည့် အဘ ဦးချစ်လွင်၏ "ဟိုတလောတုန်းက
ခံတပ်မှာ ကျဆုံးခဲ့တဲ့လူတွေ ကျွတ်လွတ်အောင်ဆိုပြီး သပိတ်သွတ်ပွဲ လုပ်ခဲ့သေးတယ်" ဟူသော
စကားသံနားထောင်ရင်း ဧရာဝတီမြစ်ကမ်းပါးယံ အထက်က မင်းလှခံတပ်ကို မြင်ယောင်မိလေ
သည်။

ဒူးမထောက် လက်မမြှောက်စတမ်း တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းဝိညာဉ်တို့ ဧရာဝတီမြစ်
ကမ်းပါးတွင် ရှိနေကြလိမ့်မည်။

နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် မင်းလှခံတပ်က နယ်ချဲ့စစ်ပွဲအကြောင်း ပြောပြခဲ့ပြီးဖြစ်သည်။

နီရဲရဲ အုတ်ရိုးပုံဟောင်းတစ်ခုသာ မဟုတ်သည့် မင်းလှခံတပ်က ၀ိညာဉ်များ နားခိုရာသည်ကား...။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021