ထိုင်းသံရုံးက မြန်မာတွေကို ဒုက္ခရောက်စေသလား

ထိုင်းသံရုံးက မြန်မာတွေကို ဒုက္ခရောက်စေသလား

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ညကစလို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့ကို သွားကြည့်ရင် ဗီဇာရဖို့အတွက် ညအိပ်စောင့်နေကြတဲ့သူ အများအပြား တွေ့ကြရမယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ညကစလို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့ကို
သွားကြည့်ရင် ဗီဇာရဖို့အတွက် ညအိပ်စောင့်နေကြတဲ့သူ အများအပြား တွေ့ကြရမယ် ဖြစ်ပါတယ်။

ပလတ်စတစ် ထိုင်ခုံတွေ၊ ဖျာတွေ၊ သတင်းစာ စက္ကူတွေ ခင်းပြီး ထိုင်သူထိုင်၊ အိပ်သူအိပ် ညအိပ်
တန်းစီစောင့်ဆိုင်းကြတာမျိုးပါ။

ပိုဆိုးတာက တချို့ဆို တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ ဆက်တိုက် စောင့်ဆိုင်းနေ
ကြသူတွေတောင် တွေ့ရပါတယ်။

တကယ့်ကို စစ်ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်က လူတွေ နိုင်ငံခြား ထွက်ပြေးဖို့ အလုအယက်
ဗီဇာလာဝင်နေကြသလိုပါပဲ။

မိုးလင်းပိုင်း ဗီဇာပေးတဲ့ အချိန်ကျတော့လည်း တန်းစီကြ၊ တိုးဝှေ့ကြ၊ ဆဲဆိုကြ၊ ခိုက်ရန်ဖြစ်ပွားကြ
နဲ့ စုံနေတာပါပဲ။

တကယ်တော့ အဲဒီလူတွေဟာ လူဆင်းရဲတွေ၊ လမ်းဘေးကလူတွေ မဟုတ်ကြပါဘူး။

လေယာဉ်စီးပြီး နိုင်ငံခြားထွက်ကြမယ့် မြန်မာပြည်က လူလတ်တန်းစား အများစု ပါ၀င်တဲ့
ခရီးသည်တွေပါ။

ဒီလို ဘာကြောင့်ဖြစ်ရတာပါသလဲ၊ သံရုံးတစ်ရုံးက ဗီဇာဘယ်ပုံစံပေးနေလို့ မြန်မာပြည်သူတွေ
ဘယ်လို ဖြစ်ပျက်နေကြရတာပါသလဲ၊ ထိုင်းသံရုံးရဲ့ ဗီဇာကိုင်တွယ်ပုံဟာ မြန်မာတွေကို
ဒုက္ခရောက်စေသလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇာတ်လမ်းအစကတော့ ထိုင်းသံရုံး သင်္ကြန်ပိတ်ရက်များတာကြောင့် ဗီဇာယူသူများလို့ ခုလို
ဖြစ်ရတာပါ။

ထိုင်းသံရုံးဟာ ဧပြီလအတွက် စုစုပေါင်း ပိတ်ရက် ၅ ရက်သတ်မှတ်ထားပါတယ်။ ကြားခံ စနေ၊
တနင်္ဂနွေတွေပါ ထည့်ပေါင်းရင် ပိတ်ရက် မနည်းပါဘူး။

နောက် ထိုင်းဗီဇာပေးတဲ့ ပုံစံက ပထမနေ့မှာ ဗီဇာတင်၊ ငွေသွင်းခဲ့ရပြီး နောက်တစ်နေ့ ညနေမှ
ဗီဇာ ထုတ်ပေးတာပါ။

ဒီအတွက် သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၁၃ ရက်နေ့ မှာလည်း ဗီဇာ သွားလုပ်လို့ မရပါဘူး။
ဒီအတွက် ပိတ်ရက်များတယ်လို့ ဆိုရမှာပါ။

ဒါကြောင့်လည်း ဧပြီလဆန်းကစ ထိုင်းသံရုံးမှာ ဗီဇာယူသူ ကြိတ်ကြိတ် တိုးပြီးနောက်ပိုင်း
ညအိပ်စောင့်ဆိုင်းရသည် အထိဖြစ်လာခဲ့တာပါ။

ဗီဇာသွားယူတဲ့ မြန်မာပြည်သူတွေကို ဒုက္ခပေးတဲ့ ကိစ္စတစ်ခုကတော့ အကြိမ်ကြိမ် သွားဖူးသူတွေ
ကိုတောင် လေယာဉ် လက်မှတ်တင်ပြခိုင်းတဲ့ ကိစ္စပါ။

ဒီမတိုင်ခင် လွန်ခဲ့တဲ့ သုံးလေးနှစ်ရှေ့ပိုင်းမှာ အနည်းဆုံးတစ်ကြိမ် သွားဖူးသူတွေကို ပတ်စ်ပို့၊
ဓာတ်ပုံနှစ်ပုံ၊ ဗီဇာလျှောက်လွှာ တင်ပြရုံနဲ့ ဗီဇာထုတ်ပေးပါတယ်။

နောက်ပိုင်းတော့ ဘာအကြောင်းကြောင့်ရယ် မသိ၊ သွားဖူးသူတွေကိုပါ လေယာဉ် လက်မှတ်
တင်ပြခိုင်းတာ လုပ်လာပါတယ်။

လေယာဉ်လက်မှတ် တင်ပြရတာဟာ ဗီဇာကို ပုံမှန်လျှောက်နိုင်တဲ့ အခြေအနေမျိုးမှာဆို
ဘာပြဿနာမှမရှိပါဘူး။

အခုလို တစ်ရက်သွားလျှောက်လည်း မသေချာ၊ နောက်တစ်ရက်မှာလည်း ဗီဇာရဖို့ မရေမရာ
ဖြစ်နေတဲ့ အနေအထားမျိုးမှာ မြန်မာအတော်များများ လေယာဉ်လက်မှတ် ရက်လွန်ပြီး
လေယာဉ်ခဆုံးကုန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာအများစုဟာ ဈေးနှုန်းချိုသာတဲ့ Air Asia လို ဈေးချို လေကြောင်း
လိုင်းတွေကို စီးကြပါတယ်။

တစ်ဖက်က ဈေးချိုပေမယ့် ကိုယ်ဝယ်ထားတဲ့ ရက်မှာ မသွားဖြစ်ရင် လက်မှတ်ဖိုး ရှုံးသလောက်
နီးနီး ငွေကုန်ပါတယ်။

အခု ရက်ပိုင်းမှာ အဲလို အဲအေးရှား လေယာဉ်လက်မှတ် ၀ယ်ထားပြီး ကိုယ်သွားမယ့်ရက်
ဗီဇာမရလို့ ဆုံးရှုံးကုန်သူ အတော်များများ တွေ့ရပါတယ်။ ဒါဟာ ထိုင်းသံရုံးက ဒုက္ခပေးလို့
ဖြစ်ရတာပါ။

နောက်ပြဿနာကြီးတစ်ခုက သံရုံးအပြင်ဘက်မှာ နေ့စဉ် ညစဉ် ရာနဲ့ချီတဲ့ လူအုပ်ကြီး
တန်းစီနေတဲ့ကိစ္စ စနစ်တကျရှိအောင် ဘာမှ ကောင်းကောင်း မစီစဉ်ပေးတာပါ။

ဗီဇာလာစောင့်တဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို စနစ်တကျ စီမံခန့်ခွဲ၊ ကွပ်ကဲသူ မရှိပါ။
ကိုယ့်အချင်းချင်း ပြန်ကွပ်ကဲ၊ ပြန်ကြီးကြပ်ရတဲ့အခါ အဆင်မပြေပါ။

ကြားဖြတ်တယ် ဆိုပြီး စကားများတာတွေ၊ ရန်ဖြစ် ထိုးကြိတ်ကြတာတွေအထိ ဖြစ်ခဲ့ရပါတယ်။
တကယ်ဆို ထိုင်းသံရုံးဟာ ဒီလူတွေကို စနစ်တကျဖြစ်အောင် လွယ်လွယ်လေး စီစဉ်ပေးလို့ရပါ
တယ်။

ဥပမာအားဖြင့် ဗီဇာလာလျှောက်သူတွေ အားလုံးကို နာမည်၊ ပတ်စ်ပို့နံပါတ် မှတ်သား၊
အထောက်အထား တစ်ခုခု ယူထားပြီး တိုကင်တွေ အားလုံး ထုတ်ပေးထားတဲ့နည်းပါ။

အဲဒီနည်းနဲ့ ထုတ်ပေးထားလိုက်ရင် ဘယ်နံပါတ်ကနေ ဘယ်နံပါတ်အကြား လူဘယ်နှစ်ယောက်၊
ဘယ်နေ့၊ ဗီဇာ လာလျှောက်နိုင်တယ်၊ တိတိကျကျ သတ်မှတ် ပေးနိုင်ပါတယ်။

နေ့စဉ်အသစ်အသစ်လာသူတွေကိုလည်း အဲဒီနည်းအတိုင်း စာရင်းကောက်၊ အကြမ်းဖျင်း
ရက်သတ်မှတ်ပေးလိုက်ရင် ပြဿနာ အတော်ပြေလည်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး တိုကင်ထုတ်ပေးတဲ့ အရေအတွက် သံရုံးဖွင့်ရက် ကုန်ပြီဆိုရင် လုံးဝဗီဇာ လက်ခံ
မပေးနိုင်တော့ဘူးဆိုပြီး ကြေညာလိုက်ရုံပါပဲ။

ခုလို နေ့နေ့ညည တန်းစီနေရတာမျိုး၊ အချင်းချင်းပြဿနာတွေတက်၊ အငြင်းပွားရတာမျိုး၊
အဓိပ္ပာယ်မရှိတဲ့ နှစ်ရက် သုံးရက်မက သံရုံးရှေ့ လာစောင့်ရတာမျိုး ကြံုရမှာ မဟုတ်ပါဘူး။

ပြောရရင် ထိုင်းသံရုံးရဲ့ မြန်မာပြည်သူတွေအပေါ် သဘောထားကြောင့် ခုလို ဒုက္ခရောက်ကြရတာ
လို့ သုံးသပ်နိုင်ပါတယ်။

ဗီဇာကိစ္စ ပြောရရင် မြန်မာအာဏာပိုင်တွေရဲ့ တာဝန်လည်း မကင်းပါဘူး။ လက်ရှိ ပြည်သူတွေကို
ဗီဇာ ထုတ်ပေးမှုစနစ်၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ တန်းတူညီမျှမှု မရှိပါဘူး။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ နှစ်က ဘန်ကောက် မြန်မာသံရုံးကနေ ဗီဇာ ရယူထားတဲ့ ထိုင်းနဲ့
နိုင်ငံခြားသားတွေကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း နယ်စပ်ဂိတ်တွေကနေ တရားဝင်
၀င်ရောက်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာတွေကတော့ အဲဒီနယ်စပ်ဂိတ်တွေကနေ ထိုင်းနိုင်ငံထဲ ၀င်လို့ မရပါဘူး။
အကြောင်းကတော့ ရန်ကုန် ထိုင်းသံရုံးဟာ မြန်မာတွေကို လေယာဉ်လက်မှတ် မတင်ပြနိုင်ရင်
ဗီဇာ ထုတ်မပေးလို့ ဖြစ်ပါတယ်။

မြန်မာတွေ အားလုံး နယ်စပ်ကနေ ၀င်မလာနဲ့၊ လေယာဉ်နဲ့ပဲ ၀င်ဆိုတဲ့ သဘောပါပဲ။
ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား မျှတမှု မရှိတာပါ။

မျှတအောင်လည်း သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေဘက်က အရေးမဆိုပေးနိုင်လို့ပါ။ ထိုင်းတွေ
ဘာကြောင့် အဲလို လုပ်ရသလဲ အကြောင်းရှိပါတယ်။

ပြီးခဲ့တဲ့နှစ် တစ်နှစ်စာ ရန်ကုန်လေဆိပ်ကနေ ခရီးသည် ၀င်ထွက်မှု သုံးသန်း တစ်သိန်းလောက်
ရှိပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား အဝင်အထွက်က တစ်သန်းနှစ်သိန်း ရှိနေပါတယ်။

အများစုဟာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ရန်ကုန် အသွားအပြန် ခရီးစဉ်ကပါ။ လောလောဆယ်
ရန်ကုန် ဘန်ကောက် လေကြောင်းလိုင်း ခြောက်လိုင်းပြေးဆွဲနေပြီး လေးလိုင်းဟာ ထိုင်းအခြေစိုက်
လေကြောင်းလိုင်းတွေပါ။

ရန်ကုန် ဘန်ကောက် ခရီးစဉ် တစ်နေ့ (၁၂) ကြိမ်မှာ (၉) ကြိမ်ဟာ ထိုင်းအခြေစိုက်
လေကြောင်းလိုင်းတွေ ပြေးဆွဲနေတာပါ။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ လေကြောင်းခရီးစဉ်တွေအတွက် မြန်မာနိုင်ငံသားတွေ သုံးတာ တစ်နှစ်
တစ်နှစ် ဒေါ်လာ သန်း ရ၀ နဲ့ အထက်ရှိတယ်လို့ တွက်ချက်ခန့်မှန်းရပြီး အဲဒီငွေအများစုကို
ထိုင်းအခြေစိုက် လေကြောင်းလိုင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်လည်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေ တရားဝင် ပတ်စ်ပို့နဲ့ နယ်စပ်က သွားဖို့
ရန်ကုန် ထိုင်းသံရုံးက ဗီဇာထုတ်မပေးတာ ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ထိုင်းသွားမယ့် မြန်မာတွေ အမြဲတမ်းလိုလို လေယာဉ်လက်မှတ် တင်ပြရတဲ့ ကိစ္စ
တစ်ခု ပိုလာပြီး ခုလို ဗီဇာခက်ချိန်မှာတော့ ဒုက္ခရောက်ကြရတာဖြစ်ပါတယ်။

တကယ်ဆို ရန်ကုန် ထိုင်းသံရုံးဟာ မြန်မာနိုင်ငံသားတွေဆီကနေ ဗီဇာကြေး တစ်ယောက်
ဒေါ်လာ ၄၀ နဲ့ တွက်ရင်တောင် နှစ်စဉ် ဗီဇာကြေးကရငွေ ဒေါ်လာ သန်းနဲ့ချီ ရှိနေပါတယ်။

ဒီအတွက် ထိုင်းသံရုံးဟာ မြန်မာနိုင်ငံသားတွေကို အိမ်နီးချင်းကောင်း ပီသစွာ ကောင်းကောင်း
မွန်မွန် ဆက်ဆံသင့်ပါတယ်။

အခုလက်ရှိ ထိုင်းသံရုံးရှေ့မှာ ဒုက္ခရောက်နေကြတာမျိုး လျစ်လျူရှု မထားသင့်သလို
ဗီဇာထုတ်ပေးရေး ကိစ္စမှာ အကြိမ်ကြိမ်သွားဖူးသူတွေကို လေယာဉ်လက်မှတ် ကြိုတင်
တင်ပြခိုင်းတာမျိုး အကျပ် မကိုင်သင့်ပါဘူး။

ဒါ့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး တခြား ကိစ္စတွေမှာလည်း မြန်မာနိုင်ငံသားတွေကို
အဆင်ပြေပြေ ဆောင်ရွက်ပေးသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021