မြန်မာ - စင်ကာပူ နှစ်နိုင်ငံ ရက် ၃၀ ဗီဇာကင်း လွတ်ခွင့်ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်
အကောင်အထည်ဖော်နိုင်ပြီဟု စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံစဉ် ဇွန် ၇ ရက်က
ထုတ်ပြန်ကြေညာခဲ့သည်။
"ဗီဇာကင်းလွတ်ခွင့်ကြောင့် နှစ်နိုင်ငံကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီးအထောက် အကူဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဟိုဘက်ဒီဘက်
သွားလာဖို့ ခွင့်ပြုချက်ကို နှစ်နိုင်ငံ သဘောတူညီချက်ရမှ ဆောင်ရွက်လို့ရတာပါ။ နောက်ဆုံး
ကျန်ရှိနေသေးတဲ့ မလေးရှားနိုင်ငံက ဗီဇာကင်းလွတ်ခွင့်အတွက် အခုထိ ကမ်းလှမ်းတာမျိုး
မရှိသေးပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ"ဟု ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန
ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးစိုးက မြန်မာတိုင်း(မ်) ကို ပြောသည်။
မြန်မာနိုင်ငံသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့်
စင်ကာပူ နိုင်ငံများ နှင့် ဗီဇာကင်းလွတ်ခွင့်ရရှိထားပြီး မလေးရှားနိုင်ငံ တစ်နိုင်ငံသာ
ဗီဇာကင်းလွတ်ခွင့်ရရန် ကျန်ရှိနေသည်။






