ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များက တရားမဝင် ရေမဆေးကျောက်
ရှာဖွေသူအချို့ကို နောက်ကွယ်က အကာအကွယ်ပေးနေမှုကို တပ်မတော်နှင့် ပူးပေါင်းပြီး
တားဆီးသွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
ဖားကန့်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များက ဖောက်ခွဲဖျက်ဆီးနေမှုနှင့် တရားမဝင်
ကျောက်သမားများကို အကာအကွယ်ပေးနေမှုကို တားဆီးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဌာနများ၊
ပြည်နယ်အစိုးရ အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု
ဩဂုတ် ၁၅ ရက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များတွင် ဥပဒေမဲ့ အုပ်စုဖွဲ့ကျူးကျော်နေမှု၊
တရားမဝင် ကျောက်စိမ်းရိုင်း ရှာဖွေခြင်း၊ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ ဖျက်ဆီးလုယက်ခြင်းများကို
ကာကွယ်ပေးရန် လိုအပ်သည်ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်၊
ဇန်နဝါရီလမှ ၂၀၁၆ ခုနှစ်၊ ဇွန်လထိ ဖားကန့်ဒေသကျောက်စိမ်း လုပ်ကွက်များအတွင်းသို့
ရေမဆေးကျောက် ရှာဖွေသူများက ကျူးကျော်ဝင်ရောက်မှုအကြိမ် ၄၀ ကျော်နှင့် ကျူးကျော်တဲများ
တည်ဆောက်၍ မြေနေရာဦးမှု ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။
ဖားကန့်ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက် လှုပ်ရှားမှု အပါအဝင်
ရေမဆေးကျောက် ရှာဖွေသူများ၏ ဥပဒေမဲ့ လုပ်ဆောင်မှုများကို တားဆီးနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်
အင်အားကို ပိုမိုတိုးမြှင့်ကာ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေးအတွက်
အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဦးအုန်းဝင်းက ပြောသည်။






