ကျောင်းပြင်ပရောက်ကလေးတွေနဲ့ စာမတတ်သူတွေ ပညာသင်ကြားခွင့်ရနိုင်မယ့် ပညာရေးအစီအစဉ်
တစ်ခုကို အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အဆိုပါ ပညာရေးစနစ်ဟာ ကျောင်းပညာ တက်ရောက်
သင်ကြားနိုင်ခြင်း မရှိသူတွေအတွက် ဘဝတစ်သက်တာ လိုအပ်တဲ့ ဗဟုသုတ၊ အသိပညာ၊
ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်တွေကို ဖြည့်ဆည်းပေးမယ့် စနစ်တစ်ခု ဖြစ်ပါတယ်။
အဆိုပါပညာရေးစနစ်ကို ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာပညာရေးအစီအစဉ် (Alternative
Education) လို့ အမည်ပေးထားပြီး ၂၀၁၆ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဖို့ အစိုးရက
ကြိုးစားနေတာပါ။
ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာလည်း ထိုပညာရေးအစီအစဉ်
အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို ထည့်သွင်း ရေးဆွဲခဲ့ပြီး လာမယ့် ဧပြီလကုန်မှာ
အဆိုပါစနစ်ဆိုင်ရာ မူဝါဒ အညွှန်းဘောင်မူကြမ်းတစ်ခုကို အပြီးသတ်ရေးဆွဲနိုင်ဖို့
လုပ်ဆောင်နေတယ်လို့ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက
ပြောပါတယ်။
"Alternative Education က အများကြီး ကျယ်ဝန်းတယ်။ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေ၊
စာမတတ်တဲ့ သက်ကြီးတွေ၊ နယ်စပ်ရောက်နေတဲ့ သက်ကြီးတွေ၊ ပဋိပက္ခဖြစ်နေတဲ့ နယ်စပ်က
ကလေးတွေရော၊ မသန်စွမ်းကလေးတွေရော၊ ကျောင်းနေဖူးသည်ဖြစ်စေ ကျောင်းမနေဖူးသည်ဖြစ်စေ
အသက်မွေးဝမ်းကျောင်းပညာရေးကို မချိတ်ဆက်နိုင်တဲ့ လူငယ်တွေ အားလုံးပါ၀င်တဲ့
ပညာရေးအစီအစဉ်တစ်ခုပေါ့" လို့ ဒေါက်တာ ခိုင်မြဲက ပြောပါတယ်။
ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာ ပညာရေးစနစ် မူဝါဒဆိုင်ရာ ဗဟိုအဆင့် တတိယအကြိမ်
ညှိနှိုင်းဆွေးနွေးပွဲကို ယခုလ ရ ရက်နဲ့ ၈ ရက်တွေက နေပြည်တော်မှာပြုလုပ်ခဲ့ပြီး ဗဟိုအဆင့်
ဆွေးနွေးပွဲတွေက ရရှိလာတဲ့ မဟာဗျူဟာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ပြည်သူတွေကို
ချပြပေးသွားမှဖြစ်ပြီး မူဝါဒရေးဆွဲနိုင်ဖို့ ယမန်နှစ်ကုန်ပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့တာ
ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
"ကျောင်းပညာရေးက လွဲပြီး ကျောင်းပြင်ပ ကိုရောက်နေတဲ့လူတွေရဲ့ ဘဝတစ်သက်တာမှာ လိုအပ်တဲ့
ကျွမ်းကျင်ပညာတွေကို ရရှိနိုင်မယ့် မူဝါဒမျိုးပါ" လို့ ဒေါက်တာခိုင်မြဲက ပြောပါတယ်။
အဆိုပါ မူဝါဒအညွှန်းဘောင်မူကြမ်း ရေးဆွဲပြီးပါက အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ထံ
တင်ပြသွားမည်မှာဖြစ်ပြီး ကော်မရှင်က အတည်ပြုတာနဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
အတည်ပြု ပြဋ္ဌာန်းဖို့ ရေးဆွဲနေတဲ့ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာပညာရေး
မူဝါဒအညွှန်းဘောင်ဟာ ရွှေ့ပြောင်းကလေးတွေအတွက် ပညာရေး၊ လုပ်ငန်းခွင်မှာရှိနေတဲ့
ကလေးတွေအတွက် ပညာရေး၊ လူငယ်တွေအတွက် ဘဝတစ်သက်တာ ပညာရေး၊ သက်ကြီးစာ
တတ်မြောက်ရေး၊ လမ်းပေါ်ရောက် ကလေးတွေ အပါအဝင် ကူညီဖြည့်ဆည်း ပေးဖို့ လိုအပ်နေတဲ့
ကလေးတွေအတွက်ပညာရေး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးတွေအတွက် ပညာရေး၊
မသန်စွမ်း ကလေးတွေအတွက် ပညာရေး စတဲ့ ကဏ္ဍတွေ အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။
အဆိုပါ ပညာရေး အစီအစဉ်အတွက် ကျပ် တစ်ဘီလျံကို သုံးစွဲသွားမှာဖြစ်တယ်လို့ နေပြည်တော်မှာ
ကျင်းပခဲ့တဲ့ တတိယအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းပညာရေးကနေ ထွက်ခွာသွားရတဲ့ ကလေးငယ် ၂ ဒသမ ရ သန်းကျော်ရှိနေပြီး
စာမတတ်မြောက်တဲ့ ကလေးငယ် သုံးသန်းခွဲခန့် ရှိနေတာဖြစ်ပါတယ်။
စာမတတ်သူတွေ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာစေဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းမတက်နိုင်သူတွေ၊ ကျောင်းပညာမပြီးဆုံးမီ ကျောင်းထွက်သွားရသူတွေ အားလုံး
ပညာသင်ကြားခွင့်ရနိုင်မယ့် အဆိုပါ ပညာရေးအစီအစဉ်တစ်ခုလိုအပ်နေတာဖြစ်တယ်လို့
ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
"တစ်သက်တာ သင်ယူမှုလုပ်ငန်းတွေ အလေးပေး ဆောင်ရွက်နိုင်ဖို့အတွက် ကျောင်းပြင်ပနဲ့
တစ်သက်တာ ပညာရေး ဦးစီးဌာနကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။
ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာနဟာ အစိုးရသစ်လက်ထက် ပညာရေး ၀န်ကြီးဌာန
လက်အောက်မှာ ဖွဲ့စည်းလိုက်တဲ့ ဦးစီးဌာနအသစ်တစ်ခုဖြစ်ပြီး ထိုဦးစီးဌာနရဲ့ဦးဆောင်မှုနဲ့ ပညာရေး
အစီအစဉ်သစ်ဆိုင်ရာ မူဝါဒအညွှန်းဘောင်ကို ရေးဆွဲနေတာ ဖြစ်ပါတယ်။
အဆိုပါ အညွှန်းဘောင်အရ အမှန်တကယ် အကောင်အထည်ပေါ်လာပါက နယ်စပ်ဒေသမှာရှိတဲ့
မြန်မာရွှေ့ပြောင်းမိသားစုတွေရဲ့ ကလေးငယ်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ပညာသင်ယူနိုင်မှာ
ဖြစ်သလို ရွှေ့ပြောင်း ကျောင်းတွေမှာ တက်ရောက်ပြီး ရရှိလာတဲ့ အောင်လက်မှတ်တွေဟာလည်း
တရားဝင်အသိအမှတ်ပြုခံရမယ့် အကျိုးကျေးဇူးရရှိလာမှာဖြစ်တယ်လို့ အဆိုပါ ပညာရေးအစီအစဉ်နဲ့
ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ BEAM EDUCATION ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းထွဋ်က
ပြောပါတယ်။
"ဆရာတို့ကတော့ မျှော်လင့်တယ်။ ဒီလို (ကျောင်းပြင်ပရောက်)ကလေးတွေအတွက် နည်းပေါင်းစုံနဲ့
ပေးမှ သူတို့ရဲ့ ဘဝလေးတွေက ပြည့်စုံလာမှာပေါ့။ ကြိုးစားခွင့် မရကြတဲ့ ကလေးတွေအတွက်
နိုင်ငံတကာမှာ စီစဉ်ပေးသလိုပဲ စီစဉ်ပေးတယ်ဆိုတော့ ဆရာတို့ရဲ့ ကလေးတွေအတွက်တော့
အားရပါတယ်" လို့ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဥက္ကဋ္ဌ
ဒေါက်တာတင်ညိုက ပြောပါတယ်။
ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာ ပညာရေးအစီအစဉ် မူဝါဒအညွှန်းဘောင် မူကြမ်း
ထွက်ပေါ်ရေးအတွက် ကျောင်းပြင်ပ ရောက်ကလေးငယ်များအားလုံးကို လွှမ်းခြံု နိုင်မယ့်ခေါင်းစဉ်
အားလုံးအပေါ် အခြေခံဆွေးနွေးနေပြီး ထိုအစီအစဉ် အကောင်အထည်ပေါ်ပေါက်လာပါက
ကျောင်းပြင်ပ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ လုပ်ဆောင်မှုအစီအစဉ် အကုန်လုံးကို
အသိအမှတ်ပြုပြီး ကလေးငယ်တွေရဲ့ လေ့လာမှု ရပ်တန့်မသွားအောင် တစ်ဆင့်ပြီးတစ်ဆင့်
ဆောင်ရွက်နိုင်မယ့် လမ်းကြောင်းကို အားလုံးက မျှော်လင့်နေတာဖြစ်တယ်လို့ သက်မွေးမှုအကြို
သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ထက်ထက်ရဲဝင်းက ပြောပါတယ်။
"အခုလောလောဆယ်က မဟာဗျူဟာအဆင့်ပဲ ရှိသေးတော့ မဟာဗျူဟာအဆင့်ပြီးသွားတော့မှ
အဲဒါတွေကို ပေါ်လစီလုပ်မယ်။ ပေါ်လစီပြီးသွားတော့မှ အဲဒီပေါ်လစီတွေကို လွှတ်တော်တင်ရမယ်။
လွတ်တော်က ကျပြီဆိုမှ ဒီအဆင့်တွေက ဆက်သွားလို့ရမှာဆိုတော့ ကြားမှာ အဆင့်တွေက
အများကြီး လိုသေးတာပေါ့" လို့ သူက ပြောပါတယ်။
















