ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို သက်သေခံကတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို သက်သေခံကတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံရောက် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ်) ရှိ အထောက်အထားမဲ့
မြန်မာရွှေ့ပြောင်းလုပ်သားများကို မတ် ၃ ရက်က စတင်၍ မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးမည်ဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ယခုလ ၁၈ ရက်တွင်
သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို၂၀၁၄ ခုနှစ်က စတင်ပြီး
သက်သေခံလက်မှတ် ထုတ်ပေးရန် မြန်မာ - ထိုင်းနှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသော်လည်း
နှစ်နိုင်ငံကြား အလုပ်သမားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်တချို့ တွင် သဘောတူညီမှု မရရှိခဲ့ခြင်းကြောင့်
သက်သေခံလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်သည် သုံးနှစ်ကြော်ကာလထိ ကြန့်ကြာခဲ့ခြင်း
ဖြစ်သည်။

"ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ထိုင်းအစိုးရဘက်က စီအိုင်ထုတ်ပေးဖို့ ကိစ္စကို
သဘောတူခဲ့တာပါ။ ကျွန်တော်တို့ဘက်က စီအိုင်ထုတ်ပေးမဲ့ အဖွဲ့ကိုလည်း အားလုံးသင်တန်း
ပေးထားပြီး ဖြစ်ပါတယ်။ ငွေပေးသွင်းနိုင်မယ့် ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ သဘောတူညီအတွက်
ဆောင်ရွက်နေရလို့ ခုမှ စတင်နိုင်တာဖြစ်ပါတယ်"ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက
ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယခင်က မြန်မာအစိုးရက ထုတ်ပေးသော
ယာယီပတ်စ်ပို့ဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာသက်တမ်းတိုးကာ နေထိုင်အလုပ်
လုပ်ကိုင်ရခြင်းဖြစ်သော်လည်း ၂၀၁၃ ခုနှစ်ကစတင်ပြီး ထိုင်း အစိုးရက အလုပ်သမားရေးဆိုင်ရာ
မူဝါဒအသစ်တစ်ခုကို ချမှတ်ခဲ့ပြီး ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
အတွက် ဗီဇာသက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို ကန့်သတ်လိုက်ပြီး ပန်းရောင်ကတ်
ပြောင်းလဲလျှောက်ထားရန် ညွှန်ကြားခဲ့သည်။

ထိုင်းအစိုးရက ပြောင်းလဲလိုက်သည့် မူဝါဒကြောင့် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသော
မြန်မာရွှေ့ပြောင်းလုပ်သားများ အပါအဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား
ခြောက်သိန်းကျော်သည် ယမန်နှစ်အထိ ပန်းရောက်ကတ်ပြောင်းလဲလျှောက်ထားခြင်းနှင့်
သက်တမ်းတိုးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏
ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့်
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၀န်ဆောင်မှုကောင်တာများတွင်
မတ်လ ၁ ရက်က စတင် ငွေပေးသွင်းပြီးနောက် ထိုင်းနိုင်ငံ မဟာချိုင်၊ စမုပရာကန်၊ မယ်ဆိုင်၊
မဲဆောင်နှင့် ရနောင်းမြို့များတွင် ဖွင့်လှစ်မည့် သက်သေခံလက်မှတ်ထုတ်ပေးရေး စခန်းခြောက်ခုတွင်
မတ်လ ၃ ရက်စတင်ပြီး သက်သေခံ လက်မှတ် ထုတ်ယူနိုင်မည်ဖြစ်သည်။

"ပွဲစားတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ၀န်ဆောင်မှုကောင်တာတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်တာ
ဖြစ်ပါတယ်။ အလုပ်သမားတွေအတွက်လည်း ၀န်ဆောင်မှုစင်တာမှာ ငွေပေးသွင်းပြီး ရလာတဲ့
စလစ်မှာပါတဲ့ ဘယ်နေရာမှာ စီအိုင်ထုတ်ရမလဲဆိုတဲ့ ထုတ်ပေးရေးနေရာအတိုင်းသွားပြီး
ထုတ်ရုံပါပဲ" ဟု ဦးသိန်းဝင်းက ပြောသည်။

ပန်းရောင်ကတ်ကိုင်ဆောင်ထားပြီး နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စု စာရင်းရှိသည့်
မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် သာမန်နိုင်ငံကူးလက်မှတ်
လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်သေခံလက်မှတ်ထုတ်ပေးရန် မြန်မာအစိုးရ၏ စီစဉ်မှုသည် ကြိုဆိုရမည်ဖြစ်သော်လည်း
သက်သေခံလက်မှတ်ထုတ်ပေးပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ဗီဇာတံဆိပ်တုံးထု
လုပ်ငန်းများတွင်ပါ လွယ်ကူ မြန်ဆန်စေရန်နှင့် ပွဲစားပပျောက်ရန် နှစ်နိုင်ငံ စီစဉ်ဆောင်ရွက်နိုင်မည်
ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းလုပ်သား
အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

"အခုက စီအိုင်ထုတ်ပေးရုံတင် မပြီးဘူး။ ဗီဇာထုဖို့ ထိုင်းလဝက ကျန်သေးတော့ အဲဒီမှာ ပွဲစားတွေ
ကျန်နေဦးမှာပဲ။ ဒါကို မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ သေချာညှိဖို့တော့ လိုမယ်" ဟု
၎င်းက ပြောသည်။

မြန်မာအစိုးရ၏ စီစဉ်ထားမှုအရ ပန်းရောင် ကတ်ကိုင်ဆောင်ထားသော အထောက်အထားမဲ့
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံကတ်လျှောက်ထားမှုသည်
လွယ်ကူသော်လည်း ဗီဇာတုံးထုရာတွင် လွယ်ကူမှုရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း
ထိုင်းနိုင်ငံတွင် ၁၀ နှစ်နီးပါး အလုပ်လုပ်ကိုင်လျက်ရှိသူ ကိုဖိုးဇော်က ပြောသည်။

"ဗီဇာတုံးထုတာက ခက်ခဲလို့ ပွဲစားတွေနဲ့ လုပ်ရရင်တော့ သတ်မှတ်ထားတဲ့ ဘတ် ၅၀၀ ထက်
ပိုပေးနေရဦးမှာပဲ။ သက်သေခံလက် မှတ်ထုတ်ပေးတဲ့နေရာမှာပဲ ဗီဇာတုံး တစ်ခါတည်း ထုပေးနိုင်ဖို့
မြန်မာဘက်က ထိုင်း လဝကနဲ့ ညှိပြီးဆောင်ရွက်နိုင်ရန် အကောင်းဆုံးပါပဲ"ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ ထုတ်ပြန်ထားသည့် အလုပ်သမားမူဝါဒသစ်အရ ပန်းရောင်ကတ်ကိုင် ဆောင်ထားသည့်
ရွှေ့ပြောင်းအလုပ်သမားများသည် နယ်ကျော်ခရီးသွားခြင်း၊ လုပ်ငန်းပြောင်းရွှေ့နိုင်ခြင်း မရှိဘဲ
သွားလာပြောင်းရွှေ့ မည်ဆိုပါက သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်ပါမှသာ သွားလာ
ရွှေ့ပြောင်းခွင့်ရခြင်း ဖြစ်သည်။

လူမှုဖူလုံရေးထည့်ဝင်ခွင့် ရရှိသော်လည်း လူမှုဖူလုံရေးခံစားခွင့် အပြည့်အဝရရှိခြင်း မရှိချေ။
သက်သေခံလက်မှတ် ရရှိပြီးနောက် ဗီဇာတုံးထုပြီးစီးပါက နယ်ကျော်သွားလာခြင်း၊
လုပ်ငန်းပြောင်းရွှေ့ခြင်းနှင့် လူမှုဖူလုံရေး ခံစားခွင့်များကို အပြည့်အဝ ပြန်လည်ခံစားခွင့်
ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က
ပြောသည်။

"သာမန်နိုင်ငံကူး လက်မှတ်အတွက် ဘတ် ၁,၀၅၀၊ စီအိုင်(သက်သေခံလက်မှတ်)အတွက်
ဘတ် ၃၀၀ သာ ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီ ထက်ပိုပြီးတော့ မကုန်အောင်၊ ပွဲစားတွေကို
ရှောင်လွှဲနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ပန်းရောက်ကတ်ထက်စာလျှင် သက်သေခံလက်မှတ်က အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေကြောင်း၊
လက်ရှိ အနေအထားတွင် ထိုင်းလဝကအပါအဝင် မြန်မာသံရုံး၌ ဗီဇာတုံးထုခြင်း၊
ပတ်စ်ပို့လျှောက်ထားခြင်းများသည် ခက်ခဲနေဆဲဖြစ်ပြီး ပွဲစားများဖြင့်သာ
ဆောင်ရွက်နေရဆဲဖြစ်ကြောင်း မဟာချိုင်ရှိ အအေးခန်းစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်
ကိုအောင်ကြီး ကပြောသည်။

"စီအိုင်က အလုပ်သမားတွေအတွက် အိုကေတယ်။ ဒါပေမဲ့ ဗီဇာကတော့ ပွဲစားတွေနဲ့မှ
ချက်ချင်းရတယ်။ ပတ်စ်ပို့လျှောက်တာကတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းရှိရင် အရင်ကလည်း
လျှောက်လို့ ရပါတယ်။ ဒါပေမဲ့ မြန်မာပြည်ပြန်ပြီးလျှောက်ရင် ၁၀ ရက်ပဲကြာတယ်။ ဒီမှာလျှောက်ရင်
အနည်းဆုံး သုံးလေးလလောက်ကြာတယ်။ အဲဒါက ခုထိပဲ" ဟု ကိုအောင်ကြီးက ပြောသည်။

သက်သေခံလက်မှတ်၊ ပတ်စ်ပို့ ရရှိပြီးနောက် ဗီဇာတုံးထုခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရန်
မြန်မာအစိုးရက ထိုင်းအစိုးရနှင့် ဖိဖိစီးစီးညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သံရုံးတွင် ၀န်ဆောင်မှု
လုပ်ငန်းအဖွဲ့ဟုဆိုကာ ဓာတ်ပုံရိုက်ခကောက်ခံခြင်း၊ ပတ်စ်ပို့ကာဗာရောင်းစားခြင်း၊ တိုကင်လက်မှတ်
ကြန့်ကြာခြင်းများအပေါ် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ပတ်စ်ပို့လျှောက်ထားရာတွင် ကြန့်ကြာခြင်းသည် နိုင်ငံသားစိစစ်မှုလုပ်ငန်းများကို စနစ်တကျ
အဆင့်ဆင့်ဆောင်ရွက်ရခြင်းကြောင့်ဖြစ်ကြောင်း၊ လွယ်ကူမြန်ဆန်စွာ ထုတ်ပေးနိုင်ရန်
အကောင်အထည်ဖော်လျက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးသိန်းဝင်းက ပြောသည်။

"နိုင်ငံသားစိစစ်တာက အဆင့်ဆင့်အတည်ပြုရတာဆိုတော့ တစ်ခါတလေမှာ ကြန့်ကြာသွားတာ
ဖြစ်ပါတယ်။ အမြန်ဆုံးထုတ်ပေးနိုင်အောင်တော့ အတတ်နိုင်ဆုံး ကျွန်တော်တို့
ဆောင်ရွက်ပေးနေပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး