မြောက်ဦးဒေသတွင် နိုင်ငံတကာခရီးသွားဧည့်သည်များကို သက်ဆိုင်ရာဌာနများ၏
ခွင့်ပြုချက်မပါရှိဘဲ လက်ခံခြင်းမပြုရန် ၂ဝ၁၂ ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် ညွှန်ကြားချက်ကို
ပြန်လည်ရုပ်သိမ်းပေးရန် ဟိုတယ်လုပ်ငန်းရှင်များက ယခုရက်သတ္တပတ်အတွင်း
တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် နိုင်ငံတကာခရီးသွား
ဧည့်သည်များ ဘေးကင်းလုံခြံုရေးအတွက် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မပါရှိဘဲ
လာရောက်ကြသည့် ခရီးသည်များ ကို လက်ခံခြင်းမပြုရန် မြောက်ဦးရှိ ဟိုတယ်များကို
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ၂ဝ၁၂ ခုနှစ်အတွင်း
တရားဝင်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
''မြောက်ဦးဒေသက အေးချမ်းတယ်၊ လုံခြံုစိတ်ချစွာ ခရီးသွားလို့ရတယ်ဆိုတာကို အစိုးရက
ထုတ်ပြန်ပေးစေချင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေကလည်း အစိုးရက ၂ဝ၁၂ ခုနှစ် ညွှန်ကြားချက်ကို
အခုထိ ပိတ်ထားဆဲဖြစ်တဲ့အတွက် မြောက်ဦးခရီးသွား စျေးကွက်မြှင့်တင်ရေးကို မလုပ်ရဲကြဘူး။
အဲဲဒါကြောင့် မြောက်ဦးကို ဝင်ရောက်တဲ့ ဧည့်သည်အရေအတွက် တိုးတက်လာတာမရှိဘူး'' ဟု
မြောက်ဦးဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလှိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံခြားသားဧည့်သည်သွားရောက်မှု
ခွင့်ပြုချက်တောင်းခံရမည့် ကန့်သတ်နယ်မြေစာရင်းတွင် မြောက်ဦးဒေသ ပါဝင်ခြင်းမရှိဟု
သိရသည်။ နိုင်ငံခြားခရီးသွားဧည့်သည်များသည်မြောက်ဦးဒေသတွင် ခွင့်ပြုချက်ရှိမှ
တည်းခိုခွင့်ရရှိမည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ဟိုတယ်နှင့် ခရီးသွား
ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။
မြောက်ဦးဒေသတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန လိုင်စင်ရ
ဟိုတယ်ခြောက်လုံးနှင့် မြို့နယ်စည်ပင်လိုင်စင်ရ တည်းခိုရိပ်သာ ၁၃ လုံးရှိပြီး
အဆိုပါဒေသသို့ ကားနှင့်ဖြစ်စေ၊ သင်္ဘောနှင့်ဖြစ်စေ သွားရောက်နိုင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသသို့ ၂ဝ၁၂ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၃,၆ဝဝ
ကျော်ဝင်ရောက်ခဲ့ရာမှ ပဋိပက္ခဖြစ်စဉ်များကြောင့် ၂ဝ၁၃ ခုနှစ်တွင် ခရီးသည် ၁,၉ဝဝ
ကျော်အထိကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ခုနှစ်အတွင်း
ဧည့်သည်ဝင်ရောက်မှုမှာ၄,ဝဝဝ ကျော်သာရှိသည်ဟု ဦးသန်းလှိုင်က ပြောသည်။
''မြောက်ဦးမှာ ဟိုတယ်လုပ်ငန်းက ခြောက်လပဲလုပ်ရပြီး ကျန်တဲ့ခြောက်လက ဧည့်သည်
မလာဘူး။ အဲဒီ ခြောက်လအတွင်းမှာ ဧည့်သည်ဝင်နှုန်းက တစ်နှစ်ကို လူ ၄,ဝဝဝ ကျော်ပဲ
ဝင်တယ်ဆိုတော့ ပြောဖို့ရာ ရှက်ဖို့ ကောင်းတယ်'' ဟု မြောက်ဦးမင်းသမီးဟိုတယ်
တည်ထောင်သူ ဦးလှမြင့်က ပြောသည်။
မြောက်ဦးတွင် ခရီးသွားများ လုံခြံုအေးချမ်းစွာ လည်ပတ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့်
မြို့တွင်းသန့်ရှင်းရေးမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာသောကြောင့် ဝန်ကြီးဌာနကို
တရားဝင်ပြန်လည်ဖွင့်ပေး စေချင်သည်ဟု ၄င်းက ပြောသည်။
မြောက်ဦးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် သတင်းအမှားများ
မပြန့်ပွားစေရန် အရေးကြီးပြီး ဥရောပစျေးကွက်တစ်ခုတည်းကို စောင့်မျှော်နေမည့်အစား
ပြည်တွင်းစျေးကွက်ရရှိရန် အရောင်းမြှင့်တင်ရေးလုပ်ရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ်
ဟိုတယ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဒေါ်ဥမ္မာခင်က ပြောသည်။
















