ရာထူးမှ နုတ်ထွက်ခဲ့ရသည့် မွန်ဝန်ကြီးချုပ်၏ နောက်ကွယ်က ပြဿနာများ

ရာထူးမှ နုတ်ထွက်ခဲ့ရသည့် မွန်ဝန်ကြီးချုပ်၏ နောက်ကွယ်က ပြဿနာများ

 

''နုတ်ထွက်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ရာ
ဓမ္မတာပါပဲ'' ဟူသောစာသားမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက တာဝန်
ထမ်းဆောင်ပြီး သက်တမ်းရှစ်လအကြာတွင် လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့်
အစိုးရအဖွဲ့မှ နုတ်ထွက်မည့် ၄င်း၏ဆုံးဖြတ်ချက်ကို အသိပေးခြင်းဖြစ်သည်။

ဦးမင်းမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်မပြည့်မီ
အစိုးရအဖွဲ့မှ ထွက်ခွာခဲ့ရသည့် ဒုတိယမြောက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပထမဆုံး
ထွက်ခွာခဲ့ရသူမှာ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးက နုတ်ထွက်လိုက်သည့် အကြောင်းရင်းက
ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု နာမည်ပေးရန် စီစဉ်ခဲ့သည့်အတွက်ဟု
ဆိုကြသော်လည်း နောက်ကွယ် တွင် ပြဿနာများရှိနေသည်။

ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်မဖြစ်ခင်မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌတာဝန်ကို
နှစ်လကြာထမ်းဆောင်ခဲ့သည်။ သမ္မတဦးထင်ကျော်က ဝန်ကြီးချုပ်အဖြစ် သူ့ကိုအမည်
စာရင်းတင်သွင်းလိုက်သည့် အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာတွင်
အစားထိုးရန် ဘီးလင်းမြို့နယ်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကို ဦးမင်းမင်းဦးက
ထောက်ခံခဲ့သည့်အတွက် ပါတီဝင်များအကြား မကျေလည်မှုများ ရှိခဲ့သည်။

''သူ့မဲဆန္ဒနယ်က လူကိုပဲသူပြန်လျာထားတော့ အကုန်လုံးက အံ့သြသွားတယ်။ ဒါပေမဲ့လည်း
ပါတီခေါင်းဆောင်တွေက ပြောထားလို့ ဖြစ်မယ်ဆိုပြီး ကျွန်မတို့ဘာမှမပြောဘူး။
သူလျာထားခဲ့တဲ့ သူက အသက်အရွယ်အားဖြင့်လည်း တော်တော်ငယ်တယ်။ အဲဒါကြောင့်
မဲခွဲတဲ့အခါမှာ မဲတွေကွဲသွားခဲ့ရတယ်'' ဟု အမည်မဖော်လိုသည့် ပါတီဝင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌရာထူးအတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွင်
ဦးမင်းမင်းဦး အဆိုပြုသည့် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာခင်နိုင်ဦး ရှုံးနိမ့်ခဲ့ပြီး
ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အဆိုပြုခဲ့သူ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီက ဒေါက်တာအောင်နိုင်ဦးအနိုင်ရရှိသွားခဲ့ရာ လွှတ်တော်တွင်
အရေးအပါဆုံး နေရာတစ်နေရာကို အင်န်အယ်လ်ဒီဆုံးရှုံးခဲ့ရသည်။

''ဒါက ကျွန်တော်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့ ပြဿနာပေါ့နော်။ အင်န်အယ်လ်ဒီ
ကိုယ်စားလှယ်တွေကတော့ သူ့ကို ပါတီလူကြီးတွေက ခိုင်းလို့ အဲဒီလိုလုပ်ခဲ့တယ်
ထင်နေခဲ့ကြပေမဲ့ နောက်မှပြန်သိတော့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူလုပ်ခဲ့တာ
ဖြစ်နေတယ်'' ဟု လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်လာသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ
ပါတီက ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက အင်န်အယ်လ်ဒီ ကိုယ်စားလှယ်များနှင့်
သဘောထားမတိုက်ဆိုင်မှုများ ရှိခဲ့သည့်အပြင် ဝန်ကြီးချုပ်ဖြစ်ပြီး ရက်ပိုင်းအတွင်း
မွန်ပြည်နယ်၏ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရိုးရိုးလေး
လုပ်ငန်းစုပိုင်ရှင် ဦးသိန်းနိုင်၏ အလှူကို သွားရောက်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်နဲ့
ပြည်နယ်အစိုးရအဖွဲ့အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။

သမ္မတရဲ့ညွှန်ကြားချက်အရ ပြည်နယ်အဆင့် စီးပွားရေးကော်မရှင်ကို ဖွဲ့စည်းရန်
တာဝန်ပေးသည့် အချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များနေရာ၌ ခရိုနီဟု နာမည်ကြီးနေသည့်
ဦးသိန်းနိုင်နှင့် မော်လမြိုင်၏ မြို့မျက်နှာဖုံးဟု တင်စားခံရသူ စုန်ရေ ဆောက်လုပ်ရေး
ကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်ကို ထည့်သွင်းလိုက်သည့်အတွက် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များအကြား ပြင်းထန်သည့် ဝေဖန်မှုများ ရှိခဲ့သည်။

''အဲဒီအချိန်မှာ ရိုးရိုးလေးကလည်း သူ့ဟိုတယ်ကိစ္စနဲ့ ပြဿနာရှုပ်နေတဲ့အချိန်၊ဦးမိုးကျော်
ဆိုတာကလည်း ကမ်းနားလမ်းက စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်က စစ်ဆေးနေတာ။
ဒီနှစ်ယောက်ကိုမှ ဘာလို့ရွေးတာလဲ နားမလည်ဘူး။ တမင်သက်သက် ရွေးတာလားဆိုတာ
မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့နော်'' ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်နယ်အဆင့် စီးပွားရေးကော်မရှင်ကို ပြန်လည်
ဖွဲ့စည်းခဲ့ရာ ကော်မရှင်အသစ်တွင် အထက်ပါစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးစလုံး
ပါဝင်ခြင်း မရှိတော့ပေ။ ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးကပ်သည့် ဆက်ဆံရေး
အပေါ် ဝေဖန်ခံနေရသည့် ဝန်ကြီးချုပ်ဦးမင်းမင်းဦက သူ့အနေဖြင့် ဥပဒေဘောင်အတွင်းက
လုပ်ခဲ့သည့် လုပ်ဆောင်ချက်တွေသာဖြစ်ပြီး လုပ်ငန်းရှင်တွေနှင့် ၄င်း၏ကြားတွင်လည်း
အပေးအယူတစ်စုံတစ်ရာ မရှိခဲ့ ကြောင်း ငြင်းဆိုလိုက်သည်။

''ပထမဦးဆုံးတစ်ချက်က ရိုးရိုးလေးပိုင်ရှင်နဲ့က သူ့အလှူမှာပဲ ဆုံခဲ့ဖူးတာပါ။ တခြား
ဘာကိစ္စမှမရှိပါဘူး။ အလှူ ဖိတ်ထားလို့ သွားရုံလေးပါ။ ခရိုနီ မိုးကျော်နဲ့လည်း
လက်ဖက်ရည်ဆိုင်တစ်ခါမှ မထိုင်ခဲ့ပါဘူး။ အဲဒီကတည်းက ကျွန်တော်ကို စတိုက်ခိုက်နေတာပါ။
အဂတိခြစားတာ ရှိ၊ မရှိကို ထောက်ပြလို့ရတာပဲ။ စီးပွားရေးကော်မရှင်မှာ ထည့်တာ
ကလည်း သမ္မတရုံးရဲ့ ညွှန်ကြားချက်ကိုက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်လို့ ပါနေတဲ့အတွက်
သူတို့ကိုထည့်ခဲ့ရတာပါ။ ဘာအကြောင်း ညာအကြောင်း ရှိလို့မဟုတ်ခဲ့ပါဘူး'' ဟု ဖေဖော်ဝါရီ
၂၁ ရက်တွင် မြန်မာတိုင်း(မ်)နှင့် မော်လမြိုင်မြို့၌ တွေ့ဆုံစဉ် ဦးမင်းမင်းဦးက ပြောကြားသည်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရင်ဆိုင်ရသည့် အခြားသော စွပ်စွဲချက်များလည်း ရှိနေသေးသည်။
ဝန်ကြီးချုပ် တာဝန်ယူနေစဉ်ကာလအတွင်း လွှတ်တော်တွင် ခွင့်မဲ့ပျက်ကွက်တာများခဲ့ပြီး
အစိုးရအဖွဲ့သည် လွှတ်တော်တွင်း ကတိပြုခဲ့သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မှု
မရှိသလောက်ဖြစ်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

လွှတ်တော်က ကန့်ကွက်ထားသည့် ဠှုဏ အဆင့်မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်းကို အစိုးရအဖွဲ့က
ဆက်လက်အကောင်အထည်ဖော်မှုသည်လည်း ဒေါသထွက်စရာဖြစ်ခဲ့သည့်အပြင် လွှတ်တော်ကို
မလေးစားရာရောက်ခဲ့သည်ဟု ဒေါ်တင်အိက ဆိုသည်။

''လွှတ်တော်မှာ ကတိဝင်သွားတဲ့ ကိစ္စတွေကို အစိုးရဘက်က မဖြစ်မနေ ဆောင်ရွက်ရတယ်။
အခု ၁ဝ လအတွင်းမှာ အန်တီတို့မြင်တာက လွှတ်တော်မှာဖြေလိုက်တဲ့ ကတိတွေကို
တာဝန်ကျေပွန်ခြင်းမရှိဘူး။ ရာခိုင်နှုန်းတော်တော်နည်းတယ်။ ဧည့်ရိပ်သာစီမံကိန်းဆိုလည်း
အဲဒီငွေတွေကို တခြားအကျိုးရှိမယ့်နေရာမှာ သုံးဖို့လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမဲ့
မရခဲ့ပါဘူး'' ဟု ဒေါ်တင်အိက ပြောသည်။

အစိုးရအဖွဲ့ ဆောင်ရွက်ချက်နှင့် လွှတ်တော်တွင်း ပျက်ကွက်မှုများအပြင် ဦးမင်းမင်းဦးကို
လက်ညှိးထိုး ဝေဖန်စရာဖြစ်ခဲ့သည့် အခြားအကြောင်းအရာတစ်ခုက ရွေးကောက်ပွဲ မဲဆွယ်
လှုပ်ရှားမှု မန်နေဂျာဖြစ်သူ အမျိုးသမီးနှင့် လူမှုရေးဖောက်ပြန်နေသည်ဆိုသည့် စွတ်စွဲချက်
ဖြစ်သည်။ လူမှုရေးဖောက်ပြန်မှုရှိကြောင်း သတင်းထွက်ခဲ့သည့် မြောင်းမြမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီက ပါတီ၏ တာဝန်အသီးသီးက
ရုပ်သိမ်းလိုက်သည်အထိ အရေးယူခဲ့ဖူးသည်။

''ကိုယ်စားလှယ်လုပ်တုန်းက တောထဲတောင်ထဲ သူလိုက်ကူညီခဲ့တယ်။ ဝန်ကြီးချုပ်ဖြစ်တော့
သူ့ကိုမခိုင်းတော့ဘူးဆိုပြီး ပြောကြတော့ မိန်းကလေးတစ်ယောက်ကို လူကြားထဲမှာ
ဂုဏ်သိက္ခာငဲ့တဲ့အနေနဲ့ စည်ပင်ဝန်ကြီးရုံးမှာ ခန့်လိုက်တယ်။ အနှစ်ချုပ်တွေ ဖတ်ခိုင်းဖို့
ခန့်ထားတာပါ။ လူတွေပြောနေသလို လူမှုရေးဖောက်ပြန်တာလည်း မဟုတ်ပါဘူး'' ဟု
ဝန်ကြီးချုပ်က ငြင်းဆန်သည်။

အဆိုပါ ပြဿနာများကြားတွင် ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် အင်န်အယ်လ်ဒီပါတီ
စုံစမ်းရေးအဖွဲ့၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး သုံးလနီးပါးအကြာတွင် ရာထူးက
နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ နုတ်ထွက်ရသည့် အကြောင်းရင်းကို တရားဝင်
ထုတ်ဖော်မပြောခဲ့သော်လည်း ပါတီကိစ္စတစ်ခုတည်းကြောင့်ဟု ဦးမင်းမင်းဦးက ဆိုသည်။

အဆိုပါ ပြဿနာများကြားတွင် ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် အင်န်အယ်လ်ဒီပါတီ
စုံစမ်းရေးအဖွဲ့၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး သုံးလနီးပါးအကြာတွင် ရာထူးက
နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ နုတ်ထွက်ရသည့် အကြောင်းရင်းကို တရားဝင်
ထုတ်ဖော်မပြောခဲ့သော်လည်း ပါတီကိစ္စတစ်ခုတည်းကြောင့်ဟု ဦးမင်းမင်းဦးက ဆိုသည်။

''ကျွန်တော့်ကို စစ်ဆေးထားတယ်ဆိုတာက ဘာမှပြဿနာမရှိပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးလည်း
ကျွန်တော် အမေ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ပြီးပါပြီ။ အရေးယူခံရလောက်တဲ့
ပြဿနာမရှိပါဘူး။ ကျွန်တော့်ကို ပေးအပ်တဲ့တာဝန်ကို မကျေပွန်ဘူးဆိုရင် လွှတ်တော်မှာ
အဆိုတင်ပြီး ဖြုတ်ချခွင့်ရှိသလို သမ္မတကလည်း ဖြုတ်ခွင့်ရှိပါတယ်။ ဥပဒေချိုးဖောက်ထားတာ
တစ်ခုမှလုပ်မထားပါဘူး။ အခုက ပါတီကိစ္စကြောင့်ပဲ ငြိတာပါ''ဟု ၄င်းက ပြောသည်။

သမ္မတထံ ထွက်စာတင်သည့်အတွက် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ၄င်းကို မဲထည့်ခဲ့သည့်
ပြည်သူများကို သူ၏တာဝန်မကျေမှုအပေါ် ခွင့်လွှတ်ပေးရန်နှင့် နိုင်ငံရေးလောကကနေ
အနားယူသွားတာ မဟုတ်ကြောင်း ဦးမင်းမင်းဦးက ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေတွင် ဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်ပြီးနောက် ကိုယ်စားလှယ်အဖြစ်
ဆက်လက်ရပ်တည်ခွင့် ရှိ၊ မရှိကို အတိအကျ ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အခြေခံ
ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေသေးကြောင်း ဦးမင်းမင်းဦးက ပြောသည်။
သို့ရာတွင် သမ္မတထံက နုတ်ထွက်ခွင့်ပြုကြောင်း တရားဝင်စာ ရရှိပါက လွှတ်တော်
ကိုယ်စားလှယ်နှင့် ပါတီဝင်အဖြစ်ကပါ နုတ်ထွက်ရန် ဦးမင်းမင်းဦးက ဆုံးဖြတ်ထားသည်။

''ကျွန်တော့်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာမို့လို့ လုပ်လိုက်ရတာပါ။ ပါတီကတစ်ခါတည်း
ဘာလို့ထွက်ရလဲဆိုတော့ ဒီပါတီကို မကြိုက်တော့လို့ပါ။ အားလုံးကို အဆက်ဖြတ်ချင်လို့
ပင်နီတိုက်ပုံတောင် မဝတ်တော့ပါဘူး'' ဟု ဦးမင်းမင်းဦးက ပြောသည်။

ဦးမင်းမင်းဦး၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးအောင်မြင့်ခိုင်က ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့က ယနေ့အချိန်ထိ လာဘ်ပေး
လာဘ်ယူ ကင်းရှင်းပြီး ဥပဒေချိုးဖောက်မှုလည်း မရှိခဲ့ဟု ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များ မကျေပွန်ခြင်း၊
အကျင့်သိက္ခာ ပျက်ပြားခြင်း၊ အရည်အချင်းပျက်ယွင်းခြင်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်
ဝန်ကြီးချုပ်ကို ဖြုတ်ချလိုပါက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက်
အနည်းဆုံး လေးပုံတစ်ပုံ၏စွပ်စွဲချက်ဖြင့် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်သည်။ လွှတ်တော်က
စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးပြီးနောက် စစ်ဆေးချက်ကို လွှတ်တာ်အမတ် စုစုပေါင်း
အနည်းဆုံး သုံးပုံ နှစ်ပုံ၏ သဘောတူညီချက်ဖြင့် အတည်ပြုပေးရမည်ဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော်အမတ်များက ပြစ်တင်စွပ်စွဲခြင်းများ မပြုလုပ်ခဲ့ဘဲ သမ္မတနှင့်ပါတီထံ
စာတင်ကာ ဦးမင်းမင်းဦးကို စစ်ဆေးအရေးယူပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ဦးမင်းမင်းဦးကို
ပါတီက စုံစမ်းစစ်ဆေးမှုများ အရင်ပြုလုပ်ခဲ့ပြီး အစီရင်ခံစာကို အစိုးရအဖွဲ့ထံ ပေးပို့ခဲ့သည်။
ထူးခြားချက်မှာ အစီရင်ခံစာနှင့် ပတ်သက်၍ အစိုးရက တစ်စုံတစ်ရာ အရေးမယူခင်
ဦးမင်းမင်းဦးက နုတ်ထွက်စာ အရင်တင်ခဲ့ခြင်းဖြစ်သည်။ နုတ်ထွက်စာတင်ခဲ့သည့်
နောက်ကွယ်၌ ပါတီ၏ ညွှန်ကြားမှုများရှိနေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ ထိုအစီရင်ခံစာနှင့် ပတ်သက်၍
မသိရှိကြောင်း ပြောသည်။ ဦးမင်းမင်းဦး၏ နုတ်ထွက်စာကိုလည်း နိုင်ငံတော် သမ္မတကသာ
ဆုံးဖြတ်ပေးရမည်ဖြစ်သည့်အတွက် ၄င်းအနေဖြင့် မှတ်ချက်တစ်စုံတစ်ရာ မပေးလိုဟု ဆိုသည်။

ပါတီတွင်း ကိစ္စများနှင့် အစိုးရအဖွဲ့၏ စွမ်းရည်များကို အကဲဖြတ်ရန် တာဝန်ယူထားသည့်
ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကမူ မိမိသဘောဖြင့် နုတ်ထွက်သွားသည့်
ဦးမင်းမင်းဦး၏ စိတ်ဓာတ်အတွက် ချီးကျူးစကားပြောဆိုခဲ့သည်။

''ဒီလူဟာ သတိလည်းရှိတယ်။ စိတ်ကောင်းလည်း ရှိတဲ့အတွက်ကြောင့် နုတ်ထွက်တယ်။
နုတ်ထွက်တဲ့အခါမှာလည်း ဘယ်သူ့မှ မပုတ်ခတ်ဘူး၊ အပြစ်မတင်ဘူး။ သူတာဝန်ရှိတယ်၊
နုတ်ထွက်မယ်ဆိုပြီး လုပ်သွားတဲ့ သူ့စိတ်ထားကိုတော့ ချီးကျူးမိတယ်'' ဟု ဦးဝင်းထိန်က
ပြောသည်။

ဦးမင်းမင်းဦး နုတ်ထွက်စာတင်သည့်အပေါ် အစိုးရဘက်က ယနေ့အချိန်အထိ တစ်စုံတစ်ရာ
ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း ပါတီဘက်ကမူ မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်နေရာ
အတွက် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို
ထောက်ခံချက်ပေးထားပြီး ဖြစ်သည်။ ''မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုတော့ ဒေါက်တာအေးဇံကို
ထောက်ခံထားတယ်'' ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါက်တာအေးဇံသည် ဦးမင်းမင်းဦး ဝန်ကြီးချုပ် မဖြစ်ခင်ကပင် ဝန်ကြီးချုပ်ဖြစ်ရန်
ထင်ကြေးပေးခံခဲ့ရသူဖြစ်ပြီး မွန်ပြည်နယ်အတွက် အသင့်တော်ဆုံးလူအဖြစ် အမတ်
အချို့က မှတ်ချက်ပေးကြသည်။

''ဦးမင်းမင်းဦးကို ရွေးချယ်လိုက်တဲ့အချိန်မှာ အင်န်အယ်လ်ဒီကိုယ်စားလှယ်တွေကြား
ထဲမှာလည်း တော်တော်လေးပဋိပက္ခဖြစ်ခဲ့ကြတယ်။ ကျွန်တော်သိတဲ့ ဒေါက်တာအေးဇံဆိုတာက
အင်န်အယ်လ်ဒီအတွက် တော်တော်လေးလုပ်ပေးခဲ့တယ်။ သူ့ကိုဝါရင့်နိုင်ငံရေးသမား
တစ်ယောက်အနေနဲ့ ကျွန်တော်တို့လိုပဲတခြားပါတီကလူတွေလည်း လေးစားကြတယ်။
သူပဲဦးဆောင်သင့်တယ်''ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး