မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး၊ ခရီးသွား၊ ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ကျွမ်းကျင်လုပ်သား
လိုအပ်နေပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း ဖော်ဆောင်လာချိန်တွင် အလုပ်သမားဈေးကွက်၌
မြန်မာအလုပ်သမားထု ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် ရန်ပုံငွေတစ်ရပ်
တည်ထောင်ထားရန် လိုအပ်ပြီး အစိုးရသို့နိုင်ငံတော်ဘတ်ဂျက်၏ ထိုက်သင့်သည့် ပမာဏကို
မတည်ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ယခုလ ၂၂ ရက်နေ့တွင်ပြောသည်။
"ဒီလိုလိုအပ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနက ဦးဆောင်ပြီး
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု 'စံ' သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standards
Authority - NSSA)ကို၂၀၀၇ မှာစတင်ဖွဲ့စည်းခဲ့တယ်။ အလုပ်အကိုင် 'စံ' သတ်မှတ်ရေးနဲ့
လေ့ကျင့်ရေးကော်မတီဆိုပြီးတော့ ၁၅ ခုဖွဲ့စည်းထားတယ်။ အဲဒီကော်မတီတွေမှာ သက်ဆိုင်ရာ
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူတွေပါပါတယ်" ဟု ဦးမျိုးအောင်က ပြောသည်။
မြန်မာလုပ်သားများအတွက် ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအား
အခြေခံ၍ အလုပ်သမားများ၏ အသိပညာမြှင့်တင့်ရေး လုပ်ငန်းများနှင့် ကျွမ်းကျင်မှုမြှင့်တင့်ရေး
လုပ်ငန်းများကို NSSA အနေဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်
ရှိကြောင်း ယင်းအဖွဲ့ကို ထောက်ပံ့ကူညီပေးနေသည့် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GIZ) မှ
အကြံပေး ဦးကိုနိုင်က ပြောသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံက အလုပ်သမားတွေမှာ သူတို့လုပ်ငန်းခွင်အလိုက် ထိုက်သင့်သလောက်
ကျွမ်းကျင်မှု ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာက အသိအမှတ်ပြုလက်မှတ်တွေ မရှိကြပါဘူး။ နိုင်ငံခြား
ရင်းနှီးမှုတွေ ၀င်လာတဲ့အခါ သူတို့က အသိအမှတ်ပြုလက်မှတ်တွေ တောင်းပါတယ်။ တချို့ကလည်း
ကျွမ်းကျင်မှု ရှိလာတယ်ဆိုရင် ပြောင်းရွှေ့လုပ်ကိုင်ကြတာတွေ ရှိတယ်။ အဲဒီတော့ ပြည်တွင်းမှာက
ကျွမ်းကျင်အလုပ်သမားရှားပါးမှုက ပြဿနာတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ဒါကလည်း ရေရှည်စီမံချက်ချ
ဆောင်ရွက်ရမယ့် ကိစ္စမျိုးပါ" ဟု ဦးကိုနိုင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများ ကျွမ်းကျင်မှု 'စံ' သတ်မှတ်ပြဌာန်းရေးအဖွဲ့က ကျွမ်းကျင်လုပ်သားများ
အတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းကို ကျွမ်းကျင်မှုအဆင့်လေးဆင့်ဖြင့် သတ်မှတ်၍
အလုပ်အကိုင် ၁၉ မျိုးအတွက် ကျွမ်းကျင်လုပ်သား ရ၉၈ ဦးကို ထုတ်ပေးပြီဖြစ်ကာ ယခုနှစ်အတွင်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွမ်းကျင်လုပ်သား ၅,၀၀၀ ကို လက်မှတ်ထုတ်ပေးသွားမည်ဖြစ်သည်။
NSSA အဖွဲ့သည် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု 'စံ' နှင့် သင်ရိုးညွှန်တမ်းများ ရေးဆွဲခြင်း၊
သင်တန်းကျောင်းများ မှတ်ပုံတင်ခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးရေး အကဲဖြတ်ခြင်းနှင့် လေ့ကျင့်ရေး
နည်းပြများနှင့် စစ်ဆေးရေးမှူးများအား အသိအမှတ်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိပြီး
လုပ်ငန်းစဉ်တိုင်းတွင် နည်းပညာ လိုအပ်ချက်များ ရှိနေသေးကြောင်း ဦးမျိုးအောင်က ပြောသည်။
"ဒီအဖွဲ့ကနေ အာဆီယံကျွမ်းကျင်မှု အရည်အသွေးမူဘောင် သတ်မှတ်ချက်နဲ့အညီ အလုပ်အကိုင်
ကျွမ်းကျင်မှု 'စံ' ၁၇၃ မျိုးကို ရေးဆွဲသတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ လုပ်ငန်းစဉ်တိုင်းမှာတော့ နည်းပညာ
လိုအပ်ချက် အနည်းနဲ့အများရှိပါတယ်။ အလုပ်ရှင်တွေ၊ အလုပ်သမားတွေနဲ့ အလုပ်သမား
သင်တန်းကျောင်းတွေရဲ့ အကြံပေးမှုတွေ အများကြီး လိုအပ်နေပါသေးတယ်" ဟု ၎င်းကပြောသည်။















