ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အရေးပါဆုံး အစိတ်အပိုင်းလို့ ဆိုနိုင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေး
ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနေသလို၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမှုတွေအတွက်
လုပ်ငန်းကော်မတီတွေကိုလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံလုပ်ငန်းကော်မတီများကို ဖွဲ့စည်းကြောင်း
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က
လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လုပ်ငန်းကော်မတီဆိုတာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အရ အမျိုးသားအဆင့် နိုင်ငံရေး
ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို မူဝါဒရေးရာ စာတမ်းအဖြစ် စုစည်းပြီး
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တင်ပြမယ့် ကော်မတီတွေပဲ ဖြစ်ပါတယ်။
နိုင်ငံရေး၊ လုံခြံုရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စစတဲ့
ကဏ္ဍ ငါးခုအတွက် လုပ်ငန်းကော်မတီ ငါးခုကို နိုင်ငံရေးပါတီ၊ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရ (လွှတ်တော်၊ တပ်မတော်) ကိုယ်စားလှယ်တွေနဲ့
ကော်မတီတစ်ခုကို အဖွဲ့ဝင် ၁၅ ဦးစီနဲ့ ဖွဲ့စည်းပါတယ်။
နိုင်ငံရေးနဲ့ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်အတွက် လုပ်ငန်းကော်မတီမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်နဲ့
ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ကိုယ်စားလှယ်တွေပါ၀င်ပြီး၊ အစိုးရဘက်ကတော့ ပါမောက္ခ၊
ညွှန်ကြားရေးမှူးချုပ်တွေ ပါ၀င်ပါတယ်။
ကော်မတီက အကြောင်းအရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်၊ အဆိုပြုချက်တွေကို ရေးဆွဲပြီး၊
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့ကို ပေးပို့ရမယ့်
တာဝန်ရှိပါတယ်။
ပေးပို့တဲ့အခါမှာ 'ရွေးချယ်ရန် နည်းလမ်း သုံးခုထက် မပို' ဆိုတဲ့ မူဝါဒအဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီး၊
အတွင်းရေးမှူးအဖွဲ့ကို ပေးပို့ရမှာ ဖြစ်ပါတယ်။
လုပ်ငန်းကော်မတီအစည်းအဝေးတွေကို မတ်လဆန်းမှာ စတင်မှာဖြစ်ပြီး၊ လာမယ့် ၂၁ ရာစုပင်လုံ
အတွက် ပြင်ဆင်မှုတွေ စတင်မယ်လို့ လုပ်ငန်းကော်မတီမှာ ပါ၀င်တဲ့ နိုင်ငံတော် သမ္မတရုံး
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
"မတ်လဆန်းမှာ နေပြည်တော်မှာ အစည်းအဝေး စထိုင်မယ်။ ပြီးသွားတဲ့ အမျိုးသားအဆင့် နိုင်ငံရေး
ဆွေးနွေးပွဲက ရရှိလာတဲ့ ဆွေးနွေးမှုတွေကို မူဝါဒစာတမ်းဖြစ်အောင် ကျွန်တော်တို့ လုပ်ရမယ်။
အခုလောလောဆယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ရှိနေပေမဲ့၊ နှစ်ခုထက်မနည်း
ပြီးသွားပြီ" လို့ သူကပြောပါတယ်။
ဆွေးနွေးဖို့ ကဏ္ဍ ငါးခုရှိပြီး၊ ကဏ္ဍတစ်ခုမှာ ခေါင်းစဉ် နှစ်ခုစီရှိတာကြောင့် မူဝါဒစာတမ်း ၃၀ ခုလောက်
ထွက်လာမှာဖြစ်တယ်လို့ လုပ်ငန်းကော်မတီမှာ ပါ၀င်သူတွေက ဆိုပါတယ်။
ခေါင်းစဉ်တစ်ခုကို မတူညီတဲ့ စာတမ်း သုံးခု ရွေးချယ်ရမှာဖြစ်ပါတယ်။
စာတမ်း ၃၀ လောက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို ဆက်လက်တင်ပြရမှာ
ဖြစ်ပြီး၊ ပူးတွဲကော်မတီက အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။
ကဏ္ဍငါးခုအနက် ခေါင်းစဉ်အများစုကို လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက်
ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးနိုင်ပေမဲ့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို
အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြံုရေးဆိုင်ရာ
ပေါင်းစည်းရေး စတဲ့ ကိစ္စရပ်တွေကိုတော့ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာပဲ
ဆွေးနွေးဆုံးဖြတ်ခွင့်ရှိပါတယ်။
အဆုံးအဖြတ်ပေးရာမှာတော့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်တွေနဲ့
နိုင်ငံတော်လုံခြံုရေးဆိုင်ရာ ကိစ္စရပ်၊ လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းရေး ကိစ္စရပ်တွေအပါအဝင်
အရေးကြီးတဲ့ ကိစ္စရပ်တွေကို အစုအဖွဲ့တစ်ဖွဲ့ချင်းစီက အနည်းဆုံး ရ၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ
ရရှိရုံမက၊ တက်ရောက်သူ စုစုပေါင်းရဲ့ ရ၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲနဲ့ ဆုံးဖြတ်နိုင်တယ်လို့
ဆိုထားပါတယ်။
ကျန်တဲ့ ကိစ္စတွေကိုတော့ ညီလာခံတက်ရောက်တဲ့ အစုအဖွဲ့တစ်ခုရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်
ထောက်ခံမဲရရှိပြီး၊ တက်ရောက်သူ စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ အထက် ထောက်ခံမဲရရှိမှ
ဆုံးဖြတ်နိုင်မယ်လို့ မူဘောင်က ဆိုထားပါတယ်။
လုပ်ငန်းကော်မတီအဆင့်မှာ အကျေ အလည် ဆွေးနွေးရမှာဖြစ်ပြီး ကော်မတီတစ်ခုအတွင်း၊ သို့မဟုတ်
ကော်မတီ အချင်းချင်းအကြား မဖြေရှင်းနိုင်တဲ့ သဘောထားကွဲလွဲမှုရှိလာရင်တော့ အတွင်းရေးမှူးအဖွဲ့က
တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို တင်ပြပြီး အဆုံးအဖြတ်ရယူရမယ်လို့
ဆိုပါတယ်။
နိုင်ငံရေးပါတီ၊ အပစ်ရပ်အဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ မတူညီတဲ့ အစုအဖွဲ့တွေအကြား
မူဝါဒစာတမ်းနဲ့ ပတ်သက်ပြီး လုပ်ငန်းကော်မတီအဆင့် ဆုံးဖြတ်ချက်ချရာမှာ ဘယ်လိုဆောင်ရွက်ရမယ်
ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
တင်သွင်းရမယ့် စာတမ်းတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းကော်မတီအဆင့်မှာ သဘောတူညီမှု မရနိုင်ရင်
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဆင့်မှာ သဘောတူညီမှုရဖို့ မလွယ်ဘူးလို့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းကျော်ညွှန့်က ဆိုပါတယ်။
"နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်က ပြဿနာရှိတယ်။ ကျွန်တော်တို့ မူဘောင် ပြန်လည်သုံးသပ်ရေး
လုပ်တုန်းကလည်း အဲဒီ ရ၅ ရာခိုင်နှုန်းက ငြင်းခုံရတယ်။ ဒီတစ်ခေါက် ၂၁ ရာစုပင်လုံမှာ
ဖက်ဒရယ်ဆိုင်ရာ အခြေခံတွေ၊ အကုန်လုံး သဘောတူနိုင်မယ့် အချက်တွေကို စုစည်းဖို့ရှိတယ်။
တိုင်းရင်းသားအဖွဲ့ အစည်းတွေလည်း အစုံအလင်ပါ၀င်နိုင်ခြင်း မရှိသေးတဲ့အတွက် ဆုံးဖြတ်ချက်
ချနိုင်တဲ့အဆင့်တော့ မရောက်လောက်သေးဘူး" လို့ စိုင်းကျော်ညွှန့်က ပြောပါတယ်။
ကော်မတီတွေရဲ့ လုပ်ငန်းတာဝန်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကနေ ပေါ်ထွက်လာမယ့်
ကဏ္ဍအလိုက် ဆွေးနွေးမှုတွေကို လုပ်ငန်းကော်မတီအဆင့်မှာ အကျေအလည်
ဆွေးနွေးအဖြေရှာရမယ်လို့ ဆိုထားပြီး၊ လိုအပ်တယ်ဆိုရင်တော့ အစိုးရဌာနအရာရှိတွေ၊
ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းကော်မတီအတွင်း ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ ခွင့်ပြုချက်မရှိပဲ ဘယ်သူ့ကိုမ
ပြောကြားခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။
ဒီတစ်ချက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရဲ့ အခန်း(၉) မှာ ပါရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန်ရမယ်ဆိုတဲ့
အချက်ကို ကန့်သတ်လိုတဲ့ သဘောဖြစ်ပါတယ်။
"ဆွေးနွေးဆဲကာလအတွင်းမှာ ငြင်းကြ၊ ခုံကြတာတွေကိုပဲ အဓိက အပြင်ကို ထုတ်ဖော် ပြောကြားခြင်း
မပြုဖို့ တားမြစ်တာပါ။ ဆုံးဖြတ် ချက်ချပြီးသွားရင်တော့ မထုတ်ပြန်လို့ကို မရဘူး။ ထုတ်ကို
ထုတ်ပြန်ရမှာ။ ဆွေးနွေး နေဆဲကာလမှာအထဲမှာ ဖြစ်နေတာတွေကို ထုတ်ပြန်လိုက်ရင် ပြဿနာက
ပိုကြီးသွားနိုင်တာပေါ့" လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပဖို့ လျာထားခဲ့ပေမဲ့ အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲတွေ မပြီးပြတ်သေးတဲ့အပြင်၊ ကရင်အမျိုးသားအစည်းအရုံးက မတ် ၁၄ ရက်မှာ
ညီလာခံ ကျင်းပပြီး၊ အဖွဲ့အစည်းအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ရှိနေတာကြောင့် မတ် ၁၈ ရက်
ကျင်းပနိုင်ရေး ညှိနှိုင်းနေတယ်လို့ သူကဆိုပါတယ်။ လုပ်ငန်းကော်မတီတွေကိုတော့ မတ်လဆန်းမှာ
အစည်းအဝေးထိုင်ဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
















