ရခိုင်ပြည်နယ်အရေး ရှုပ်ထွေးနေဆဲ

ရခိုင်ပြည်နယ်အရေး ရှုပ်ထွေးနေဆဲ

ရခိုင်ပြည်နယ်မောင်တောခရိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် တတိယအကြိမ်မြောက် ရှစ်ရက်ကြာ
မြေပြင်ကွင်းဆင်း လေ့လာမှုပြုလုပ်ခဲ့ပြီးနောက် ယခုလ ၂၀ ရက်တွင် ခရီးစဉ်နှင့် ပတ်သက်သည့်
ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ခဲ့သော
မောင်တောခရိုင်ဒေသနှင့် ပတ်သက်သည့် အစီရင်ခံစာပါ ထိခိုက်နစ်နာမှုရှိသည့် ကျေးရွာပေါင်း
၂၀ ကျော်ကို သွားရောက် လေ့လာခဲ့ပြီး၊ သိုသိပ်စွာ တွေ့ဆုံမေးမြန်းခြင်းနည်းလမ်းနှင့် နိုင်ငံတကာ
လုပ်ထုံးလုပ်နည်းများပေါ် အခြေခံသည့် နည်းလမ်းများအသုံးပြု၍ အသေးစိတ်လေ့လာခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ကျွန်တော်တို့ လေ့လာစုံစမ်းတဲ့အခါမှာ OHCHR ရဲ့ အစီရင်ခံစာဟာ လွန်လွန်ကျူးကျူး
ချဲ့ကားပြောတယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ ကျွန်တော့်အမြင်တော့ (အစီရင်ခံစာဟာ)
အဖြစ်မှန်နဲ့ တော်တော်လေး ဝေးကွာတဲ့ အနေအထားလို့ မြင်ပါတယ်။ ဒီလိုမျိုးပြောတာဟာ
လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝမရှိဘူးလို့ ကျွန်တော်တို့ ကာကွယ်နေတာ မဟုတ်ပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှု အပိုင်းတွေ ရှိတယ်။ ဒါတွေကို ဥပဒေကြောင်းအရ ဖြစ်ဖို့အတွက်
ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ပေးထားပါတယ်" ဟု ရခိုင်ပြည်နယ် မောင်တောစုံစမ်းစစ်ဆေးရေး
ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်က ယမန်နေ့တွင် ပြောသည်။

OHCHR ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့ ကိစ္စရပ်သည်
လက်တွေ့မြေပြင်အခြေအနေတွင် လေ့လာစုံစမ်းမှုအရ မည်သို့မျှ ဖြစ်နိုင်ခြေ မရှိကြောင်း
၎င်းက ပြောသည်။

မြေပြင်ကွင်းဆင်းလေ့လာမှုအရ မီးလောင်ဆုံးရှုံးမှု၊ ရိုက်နှက်စစ်ဆေးမှု၊ ပစ္စည်းပျောက်ရှမှု၊
စားသောက်ရန် ကြက်ငှက် လုယူမှုများနှင့် ဥပဒေနဲ့ မညီတဲ့ စစ်ဆေးနည်းများ အသုံးပြုခြင်းမျိုးကို
တွေ့ရှိရသဖြင့် သမ္မတထံ တင်သွင်းမည့်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း
ဦးအောင်ကြည်က ပြောသည်။

"အစီရင်ခံစာက သမ္မတဆီတိုက်ရိုက်တင်မှာ ဖြစ်တဲ့အတွက် ထုတ်ပြန်မလား၊ မထုတ်ပြန်ဘူးလား
ဆိုတာတော့ ပြောလို့မရသေးပါဘူး" ဟု ၎င်းက ပြောသည်။

လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လူ့အခွင့်အရေးနှင့် မှုခင်းစုံစမ်း
စစ်ဆေးသူတွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါ၀င်မှုမရှိသည့် အစိုးရ စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အခြေအနေပေါ် စိတ်ချယုံကြည်မှု မရှိကြောင်း၊ ကော်မရှင်၏
တွေ့ရှိမှုများသည် ခိုင်လုံတိကျမှု မရှိနိုင်ကြောင်း ယခုလ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

"မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်
စုံစမ်းခွင့်ပြုဖို့ လိုအပ်နေပါတယ်" ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှု ခရီးစဉ်တိုင်းတွင် ဒေသအာဏာပိုင်များပါ၀င်နေခြင်းက ဒေသခံများအတွက်
ရခိုင်ပြည်နယ် မောင်တောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို တွေ့ဆုံစကားပြောရန် ကြောက်ရွံ့မှုကို
ဖြစ်ပေါ်စေခြင်းကြောင့် ကော်မရှင်၏ မြေပြင်ကွင်းဆင်းလေ့လာမှုတွင် လူ့အခွင့်အရေးချိုးဖောက်မှု
တော်တော်များများ၏ ဖြစ်စဉ်ကို သိရှိနိုင်မည် မဟုတ်ကြောင်း၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မစ္စတာ ဖိလစ်ရောဘတ်ဆန်က ယမန်နေ့တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

"ဒါက တွေးကြည့်စရာကိုမလိုတဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ဒေသအာဏာပိုင်တွေ ဘေးမှာ
ရပ်နားထောင်နေတဲ့အခါမျိုးမှာ ဒေသခံတွေက ကော်မရှင်ကို စကားပြောဖို့ တော်တော်ကြောက်ရွံ့မှာ
အမှန်ပါပဲ" ဟု မစ္စတာ ဖိလစ်ရောဘတ်ဆန်က ပြောသည်။

မောင်တောခရိုင် အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း တပ်မတော်၏ နယ်မြေရှင်းလင်းရေး
လုပ်ငန်းစဉ်များကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ
မွတ်စလင် ရ၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက
ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည်
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်သို့ မတ် ၁၃ ရက်တွင် တင်သွင်းရမည့် မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အစီရင်ခံစာအတွက် ယခုလ ၂၀ ရက်မှ ၂၃ ရက်အထိ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ
ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် ဒုက္ခသည်များနှင့် ပတ်သက်ပြီး
နိုင်ငံတကာက ၀ိုင်းဝန်းဖြေရှင်းပေရန် မစ္စယန်ဟီးလီကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ မာမွတ်အလီက တိုက်တွန်းခဲ့ကြောင်း ဗွီအိုအေသတင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယခုလ ၂၁ ရက်က
မောင်တောခရိုင် လူဖမ်းပြင် ရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည့်
အမျိုးသားအလောင်း တစ်လောင်း နှင့် အမျိုးသမီးအလောင်း သုံးလောင်းကို သတင်းအရ
ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း ပြန်လည် ဖြုတ်ချခဲ့သည်။

တပ်မတော်အနေဖြင့် မောင်တောဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
မရှိတော့ဘဲ နယ်မြေဒေသ လုံခြံုရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ရေးကော်မတီက ယခုလ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

"နယ်မြေရှင်းလင်းရေး မလုပ်တော့တာ အမှန်ပါပဲ။ ဒါပေမဲ့ စစ်ဆင်ရေးနယ်မြေအဖြစ်က ရုပ်သိမ်းပြီးလား၊
မပြီးသေးလားတော့ ကျွန်တော်လည်း မသိဘူး။ ခုအခြေအနေကတော့ အားလုံးပုံမှန်ပါပဲ။
ကျီးကန်ပြင်အထက် ၀ါးပိတ်၊ ပြောင်ပိုက်၊ ငါးခူရ ဒေသတွေ အားလုံးကိုလည်း
ပုံမှန်သွားလာခွင့်ပြုထားပါတယ်" ဟု မောင်တောခရိုင်ဒေသ မောင်တောမြို့နယ် ရဲမှူးကျော်မြဝင်းက
ယမန်နေ့တွင် ပြောသည်။

မောင်တောခရိုင်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီးဖြစ်သလို
ညမထွက်ရအမိန့်ကို ဖြေလျော့ပြီးဖြစ်သော်လည်း တခြားထုတ်ပြန်ထားသည့် ဒေသဆိုင်ရာအမိန့်များကို
လက်ရှိအချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့
အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး