မဲဆန္ဒရှင်များ စိတ်ဝင်စားမှု နည်းသဖြင့့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းများ အခက်ကြံု

မဲဆန္ဒရှင်များ စိတ်ဝင်စားမှု နည်းသဖြင့့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းများ အခက်ကြံု

ကြားဖြတ်ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ဝင်စားမှုအခြေအနေ
နည်းပါးနေခြင်းကြောင့် ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု လုပ်ငန်းစဉ်များ
အတွက် အခက်အခဲအချို့ကြံုတွေ့ရလျက်ရှိကြောင်း အောက်ချင်းလူမှုအဖွဲ့အစည်း
စီမံကိန်းမန်နေဂျာ ဆလိုင်းဘွေးရိုးဆန်က ပြောသည်။

''တချို့ အချက်အလက်တွေက မဲဆန္ဒရှင်တွေဆီကနေ ရယူရတာမျိုး ရှိတယ်။ အခုက
မဲဆန္ဒရှင်တွေက စိတ်ဝင်စားမှုနည်းပါးတော့ ကျွန်တော်တို့ရဲ့ အချက်အလက်ကောက်ယူတဲ့
လုပ်ငန်းစဉ်တွေ ကျွန်တော်တို့နဲ့ ဆက်ဆံ တဲ့ နေရာတွေမှာ ပူးပေါင်းပါဝင်မှု နည်းပါးနေတယ်''
ဟု ၄င်းက ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ရွေးကောက်ပွဲ
စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိပြီးမဲဆန္ဒရှင်များအပေါ်
ပညာပေးမှု စည်းရုံးလှုံ့ဆော်မှုအားနည်းလျက်ရှိကြောင်း ဒါနရှေ့ဆောင်မြန်မာဥက္ကဋ္ဌဖြစ်သူ
ကိုချမ်းငြိမ်းအောင်က ပြောသည်။

''ကျွန်တော်တို့တွေကလည်း အချက်အလက်ရရှိတာ နောက်ကျတော့ လုပ်ငန်းစဉ်ပိုင်းကိုပဲ
အာရုံစိုက်မိပြီး မဲဆန္ဒရှင်တွေကို လှုံ့ဆော်မှုအပိုင်းမှာ အားနည်းသွားတယ်။ ရွေးကောက်ပွဲ
ဆိုတာ ဒီမိုကရေစီရဲ့ တံခါးပေါက်ဆိုတာ ပြည်သူလူထုက မေ့မေ့သွားတတ်ပါတယ်'' ဟု
၄င်းက ပြောသည်။

လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို
ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ဒါနရှေ့ဆောင်မြန်မာ၊ ငြိမ်းချမ်းမျှတ
လူမှုအဖွဲ့အစည်းနှင့် အောက်ချင်းလူမှုအဖွဲ့အစည်းသုံးခုတို့ ပူးပေါင်းပြီး လုပ်ဆောင်
သွားရန်ရှိကြောင်း၊ ထိုလူမှုအဖွဲ့အစည်းသုံးခုပူးပါင်းပြီး မဲဆွယ်စည်းရုံးရေးကာလ၊
မဲဆန္ဒရှင်စာရင်း ကြေညာခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ ဥပဒေမူဘောင်နှင့် ရွေးကောက်ပွဲ
အငြင်းပွားမှုများ တိုင်တန်းခြင်းနှင့် အယူခံဝင်ခြင်း စသည့် ရွေးကောက်ပွဲဖြစ်စဉ်များကို
လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဝင်များက ပြောသည်။

ပြည်တွင်းအခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်
ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့
(PACE) ၏ ဖေဖော်ဝါရီလအစောပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ရွေးကောက်ပွဲ
ကျင်းပမည့် မြို့နယ်များရှိ လူဦးရေ၏ သုံးပုံတစ်ပုံသည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ကို
မသိရှိကြောင်း ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို ယခုလ ၁ ရက်မှ ၁၄ ရက်အထိ ပထမအကြိမ်
ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းလာရောက်ကြည့်ရှုသူ အရေအတွက်နည်းပါးခဲ့ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုမှု စာရင်းရလဒ်များအရ
သိရသည်။ မဲဆန္ဒရှင်စာရင်းများကို မတ် ၁၇ ရက်မှ ၂၄ ရက်အထိ ဒုတိယအကြိမ် ထုတ်ပြန်
ကြေညာပေးသွားမည်ဖြစ်ပြီး ထိုကာလအတွင်း ပြင်ဆင် ဖြည့်စွက်မှုများကို ထပ်မံပြုလုပ်နိုင်ကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၏ လစ်လပ်မဲဆန္ဒနယ် ကိုးနေရာ၊ အမျိုးသား
လွှတ်တော်၏ လစ်လပ်မဲဆန္ဒနယ် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်၏လစ်လပ်မဲဆန္ဒနယ်
ခုနစ်နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဲပေးမှုစနစ်ကို ယခင်အထွေထွေရွေးကောက်ပွဲတွင်
ကျင့်သုံးခဲ့သည့် တံဆိပ်တုံးခတ်နှိပ် မဲပေးခြင်းစနစ်ကိုသာ အသုံးပြုသွားမည်ဖြစ်ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး