အလုပ်မဖြစ်သေးတဲ့ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း

အလုပ်မဖြစ်သေးတဲ့ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း

နိုင်ငံတည်ဆောက်ရေးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်အနက်
တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးသည်လည်း အဓိကကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်းဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင်
တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်မည်
ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်ရေးနှင့်ပတ်သက်ပြီး တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း
၂ဝ၁၅၁၇ ကို မြန်မာနိုင်ငံပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ထုတ်ပြန် အကောင်အထည်
ဖော်ခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်း ဟူသော လောကပါလ
တရားသုံးပါး ထွန်းကားမှ မြန်မာ့လူ့ဘောင် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မည်ဟု
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီမံကိန်းရည်မှန်းချက်တွင် ထည့်သွင်းထားခဲ့သည်။

ပြည်ထောင်စုတရားစီရင်ရေးတွင် ''မှန်မှန်နှင့်မြန်မြန် စီရင်ပါ။ လုပ်ထုံးညီညီ ဆောင်ရွက်ပါ။
လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါ။ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံးဂုဏ်သိက္ခာကို
ထိန်းသိမ်းပါ'' ဟု ကြွေးကြော်ထားခဲ့သည်။

တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းကို အများပြည်သူတရားမျှတမှုလက်လှမ်းမီရေးကို
ကာကွယ်စောင့်ရှောက်ရန်၊ လူထု၏အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေး၏
လွတ်လပ်မှုနှင့်တာဝန်ယူဆောင်ရွက်မှုကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေး၏သာတူညီမျှမှု၊
မျှတမှုနှင့်ဂုဏ်သိက္ခာကိုအာမခံနိုင်သည့် ကတိကဝတ်ကို ထိန်းသိမ်းရန်၊ အမှုများစစ်ဆေး
စီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှုအားကောင်းလာစေရန်၊ ဆိုသည့်
ဦးစားပေးအဆင့်ငါးရပ်ဖြင့် ၂ဝ၁၅ ခုနှစ်က စတင်ပြီး သတ်မှတ်ဆောင်ရွက်ခဲ့သည်။

အထူးအရေးကြီး ဦးစားပေး အစီအစဉ်များကို နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်တရားရုံး၊ လှိုင်သာယာမြို့နယ်နှင့်
ဘားအံမြို့နယ်တရားရုံးတို့ကို ရှေ့ပြေးတရားရုံးများအဖြစ် ၂ဝ၁၅ ခုနှစ်တွင်
စတင်သတ်မှတ်ခဲ့သည်။

ထိုတရားရုံးများတွင် အများပြည်သူဆိုင်ရာ ခေတ်မီအမှုလက်ခံဌာနများ၊ အများပြည်သူကိုယ်တိုင်
သတင်းရယူနိုင်သည့်ကောင်တာများ၊ ခေတ်မီ အထောက်အပံ့ပစ္စည်းများထားရှိပေးခြင်း၊
တရားသူကြီးနှင့်ရုံးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်ဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှုနှင့်
ပြောဆိုဆက်ဆံမှုဆိုင်ရာသင်တန်းများ၊ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
အကောင်အထည်ဖော်ခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ တရားရေး အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ
ဥပဒေပညာရှင်များအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
အစီအစဉ်စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မဟာဗျူဟာ စီမံကိန်း ဒုတိယနှစ် (၂ဝ၁၆ ခုနှစ်) တွင် မော်လမြိုင်ခရိုင်၊ မုံရွာခရိုင်၊
ပုသိမ်မြို့နယ်၊ မကွေးမြို့နယ် တရားရုံးများကို ရှေ့ပြေးတရားရုံးများအဖြစ်
တိုးချဲ့ဆောင်ရွက်ခဲ့သည်။

''အစိုးရသစ်တက်လာချိန်မှာ ပန်းသစ်ကိုအိုးသစ်မှာ စိုက်ရမယ်လို့ ကြွေးကြော်ထားတယ်။
အဲဒါကို သူတို့ရဲ့ အဟောင်းတွေကိုသစ်ကြောင်း မဟာဗျူဟာစီမံချက်နဲ့ လုပ်နေတာ။
တကယ့်တကယ်မှာ အတွေးအခေါ် စိတ်ဓာတ်မပြင်ဘဲနဲ့ မရဘူး''ဟု တရားလွှတ်တော်ရှေ့နေ
ဦးသိန်းသန်းဦးက ပြောသည်။

လက်ရှိ ပြည်ထောင်စုတရားစီရင်ရေးစနစ်သည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ
ပေါ်ပေါက်လာသည့် တရားစီရင်ရေးစနစ်ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်က
ရေးဆွဲထားခြင်းဖြစ်သည့်အတွက် အာဏာရှင်စနစ် တည်မြဲရေးကိုသာ ကာကွယ်ပေးထားပြီး
ပြည်သူလူထုကို ဗဟိုပြုသော ပြည်သူ့တရားစီရင်ရေးစနစ်ဖြစ်ရန် အလှမ်းဝေးလျက်
ရှိကြောင်း၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီစနစ်ကို ကာကွယ်ပေးနိုင်သော တရားစီရင်ရေး
စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှသာ တရားစီရင်ရေး မဟာဗျူဟာ
အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်လက်ခံထားသည်။

''လက်ရှိ တရားစီရင်ရေးစနစ်က ဘယ်သေနင်္ဂဗျူဟာဖြစ်ဖြစ်၊ အဂ္ဂဗျူဟာပဲ လုပ်လုပ်သူတို့ရဲ့
၂ဝဝ၈ ဖွဲ့စည်းပုံအရ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ တည်ထောင်တဲ့ တရားရုံးတွေ ဖြစ်တယ်။
လက်ရှိတရားသူကြီးတွေကစစ်အာဏာရှင် အစိုးရလက်ထက်မှာ ရွေးချယ်တင်မြှောက်ထားတဲ့
အတွက် သူတို့ရဲ့အမြင်တွေကိုက လူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ဆိုတဲ့
အမြင်ကရှိနေပြီးသား ဖြစ်တယ်။ အဲဒီအမြင်ကနေ မဟာဗျူဟာ ရေးတော့ရော ဘာထူးလာနိုင်မလဲ။
အဓိကတော့ အဲဒီစနစ်ကို ပြင်ရမှာ''ဟု ဦးသိန်းသန်းဦးက ပြောသည်။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂ဝ၁၅-၁၇)တွင် တစ်နိုင်ငံလုံးရှိ
တရားရုံးများတွင် အမှုပြီးပြတ်မှုနှုန်း၊ ပြစ်မှုနှင့်တရားမမှုများကို ရာနှုန်းပြည့်ပြီးပြတ်စေရန်
ရည်မှန်းလျက် လိုအပ်သော ညွှန်ကြားမှုနှင့်ပြင်ဆင်မှုများကို ဘက်ပေါင်းစုံတွင် ချမှတ်
ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုကြန့်ကြာစေသော အကြောင်းအရာများတွင်
ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းခြင်းသည် အဓိက အကြောင်းရင်း ဖြစ်ပြီး ထိုအချက်ကို
တရားစွဲဆိုသူ ရှေ့နေရှေ့ရပ်၊ တရားသူကြီးသူများနှင့် တာဝန်ရှိသူအားလုံးက
ပူးပေါင်းရှာဖွေလုပ်ဆောင်ရန် လိုအပ်ကြောင်း လေ့လာတွေ့ရှိထားသည်ဟု
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် 'သင့်အတွက် တရားရုံး'
စစ်တမ်းတွင် ဖော်ပြထားသည်။

ယနေ့ မြန်မာ့တရားစီရင်ရေးစနစ်သည် အနှေးအမြန် ပြဿနာ မဟုတ်ဘဲ တရားမျှတကို
အခြေခံထားသည် အမှန်အမှား ပြဿနာဖြစ်သည့်အတွက် အခြေခံအကျဆုံးဖြစ်သော
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးမဟာဗျူဟာပြင်ဆင်ချက်စီမံကိန်းကို
ရေးဆွဲရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ထားကြသည်။

ထို့ပြင် အပြန်အလှန် ထိန်းကြောင်းမှုစနစ်တစ်ခုဖြစ်ပြီး ကုလသမဂ္ဂက
တရားရုံးစောင့်ကြည်ရေးဆိုင်ရာ လမ်းညွှန်လက်စွဲကျမ်း ထုတ်ပြန်ထားသကဲ့သို့
ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး တရားစီရင်ရေးစနစ်ကို
မထိခိုက်စေရန် မည်သို့သောစနစ်ဖြင့် ထိန်းကျောင်းပုံကို လမ်းညွှန်ဖော်ပြထားသည့်
တရားရုံးများ စောင့်ကြည့်လေ့လာရေးစနစ်ကို အခြေခံထားသော တရားရုံးများ
စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာတရားရုံးများ၏
လွတ်လပ်သော တရားစီရင်ရေးစနစ်ကို ထိခိုက်စေနိုင်သဖြင့် ဥပဒေကြောင်းအရ
ပြည်ထောင်စု တရားစီရင်ရေးအသိုင်းအဝိုင်းက ကန့်ကွက်လျက်ရှိသည်။

''တရားစီရင်ရေး စောင့်ကြည်မှုစနစ်ကို သွားဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သောင်းသောင်းဖျဖျ
ကန့်ကွက်နေတာတွေ ရှိတယ်။ ကုလ လက်စွဲစာတမ်းမှာ တရားစီရင်ရေးစောင့်ကြည့်မှုနဲ့
ပတ်သက်တဲ့အပိုင်းတွေ၊ ဒါတွေက တရားစီရင်ရေးကို ဝင်စွက်ဖက်တာ မဟုတ်ဘူးနော်။
အခုသူတို့ ပြောနေတာ မှားတယ်။ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၁၁(က) အရ ဝင်မစွက်ရဘူးလို့၊
ဒါက ဝင်စွက်ဖက်စရာမလိုဘူး။ အပြန်အလှန်ထိန်းကျောင်းရမယ့် အခွင့်အရေး ရှိတယ်၊ ဝင်ပြီး
ဆုံးဖြတ်မိန့်မပေးတာပဲ ရှိတယ်။ တကယ်တော့ ဒီမှာ လုပ်နေတာတွေကို အပြစ်မြင်နေတာတော့
မဟုတ်ပါဘူး။တရားစီရင်ရေးစနစ်ကို ပြင်ချင်တာပါ''ဟုဦးသိန်းသန်းဦးက ပြောသည်။

အရပ်သားအစိုးရသစ်လက်ထက်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့တွင် ပြုပြင်ပြောင်းလဲ
တိုးတက်မှုများ တွေ့ရှိရသော်လည်း ပြည်ထောင်စု တရားစီရင်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ
မတွေ့ရဘဲ ပြည်သူလူထု၏ယုံကြည်ကိုးစားမှု လျော့ကျမြဲဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

အလားတူ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သက်တမ်းတစ်နှစ်ကျော် ကာလအတွင်း
တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ထိရောက်သည့် အဆိုပြုချက်နှင့်
ဆွေးနွေးမှုများ မတွေ့ရှိရသေးကြောင်း၊ တရားစီရင်ရေးတွင် ပြည်သူလူထုယုံကြည်မှု အားနည်း
နေသည်ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သို့ကိုင်တွယ်ဆောင်ရွက်ကြမည်ကို
ပြည်သူ့လွှတ်တော်တွင် တင်သွင်းဆွေးနွေးသွားရန် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်
ဦးခင်မောင်ဝင်းက ပြောသည်။

''သေချာတာတော့ တရားသူကြီးအချို့က မှန်မှန်ကန်ကန် မျှမျှတတ မစီရင်ကြဘူး။ လာဘ်ယူတယ်
မယူဘူးကတော့ ကျွန်တော်တို့မမြင်ရဘူး၊ ဆုံးဖြတ်ချက်အမိန့်တွေကလည်း မယုံကြည်ရဘူး။
တရားတယ်လို့ မထင်ဘူး။ အဲဒီလိုစီရင်ချက်တွေကတော့ အများကြီးပဲ။ ဥပမာ ငြိမ်းစုစီလို
ပုဒ်မမျိုးမှာ အမိန့်တွေကမြို့နယ်အလိုက် ပြစ်ဒဏ်ကျခံရပေမဲ့အခြားပြစ်မှုကြီးတွေမှာကျတော့
တစ်ပေါင်းတည်း ကျခံတာမျိုးတွေက မတရားဘူး''ဟု ၄င်းက ဆိုသည်။

ပြည်ထောင်စုတရားစီရင်ရေးစနစ်နှင့် ပတ်သက်ပြီး လက်ရှိ ပြည်သူတွေ အဓိက ရင်ဆိုင်နေရသော
ပြဿနာများမှာ အမှုများတွင် အဓိကပါဝင်ပတ်သက်နေသော ရဲအရာရှိများနှင့် ဥပဒေအရာရှိများ၏
အခန်းကဏ္ဍများမှာမေးခွန်း ထုတ်စရာ အခြေအနေများ ကြုံတွေ့နေရကြောင်း တရားလွှတ်တော်
ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားစီရင်ရေးစနစ်တွင် ဥပဒေဌာနပိုင်းဆိုင်ရာတာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေအရ
မှားယွင်းဆောင်ရွက်ချက်များအပေါ် တရားသူကြီးအချို့က ငြင်းပယ်မှုမရှိဘဲ လျစ်လျူရှုလျက်ရှိခြင်း၊
ရည်ရွယ်ချက်ရှိရှိ အမှုမှားယွင်း တည်ဆောက်သူ ရဲအရာရှိများအပေါ် ရဲစည်းကမ်းထိန်းသိမ်းရေး
ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိခြင်း၊ ဥပဒေပိုင်းဆိုင်ရာအဆင့်ဆင့်
ထိန်းကွပ်မှု အားနည်းနေခြင်းတို့ကြောင့် အများပြည်သူယုံကြည်ကိုးစားသော တရားစီရင်ရေး
စနစ်ကို ရောက်ရှိရန်ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ်နေသေးကြောင်း၄င်းက ပြောသည်။

''ပြည်သူက မတရားခံရတယ်။ မတရားတာက တရားသလို တံဆိပ်ကပ်ခံနေရတယ်။ တောအရက်ကို
ဝီစကီတံဆိပ် ကပ်ပြီးတိုက်သလိုပဲ။ အားလုံးက ဒုံရင်းဒုံရင်းပါပဲ'' ဟု ဦးရောဘတ်စန်းအောင်က
ပြောသည်။

တရားစီရင်မှု နှောင့်နှေးခြင်းနှင့် အမှုများ မြန်မြန်ဆန်ဆန် စစ်ဆေးပြီးပြတ်မှုမရှိခြင်းသည်
အမှန်တရားကို သွေဖည်စေနိုင်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို အချိန်ကုန်
လူပင်ပန်းမဖြစ်စေရန်နှင့် တရားရုံးများအပေါ် ပြည်သူတို့၏ အားကိုးယုံကြည်မှုမလျော့ကျစေရန်၊
တရားရုံးများနှင့် တရားသူကြီးများက ဆောင်ရွက်လျက်ရှိကြောင်း တရားစီရင်ရေးဆိုင်ရာ
'သင့်အတွက်' အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရပ်သားအစိုးရသက်တမ်း တစ်နှစ်နီးပါးအကြာတွင် ပြည်ထောင်စုတရားစီရင်ရေးကဏ္ဍသည်
မျှော်မှန်းထားသကဲ့သို့ အကျင့်ပျက်ခြစားမှုများ လျော့ပါးသွားခြင်း မရှိသေးခြင်းကြောင့်
တရားစီရင်ရေးဆိုင်ရာအကျင့်ပျက် ဝန်ထမ်းများကို အရေးယူသွားရန် ရှိကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီ ၂ဝ ရက်က
ပြောသည်။

ပြည်သူလူထု၏ စီးပွားရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ကြရန် ပြည်ထောင်စု
အစိုးရနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က
တိုက်တွန်းထားပြီး တရားစီရင်ရေးကဏ္ဍတွင် အဂတိတရား လျော့ကျလာစေရန် ရန်ကုန်၊
မန္တလေး၊ တောင်ကြီးနှင့် မြစ်ကြီးနား မြို့များတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ကာ
သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ပြောသည်။

ပြဋ္ဌာန်းထားသော ပြည်ထောင်စုတရားစီရင်ရေးဥပဒေစနစ်တွင် ကောင်းမွန်သည့် အချက်များ
ပါဝင်သော်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရသစ်
လက်ထက်တွင် ဒီမိုကရေစီတရားစီရင်ရေးစနစ်ကို ရောက်ရှိရန် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ရမည်ဖြစ်သည်။

တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်းတွင် ပါဝင်သော တရားရုံးများသည်လည်း မူလတရားရုံးများ
လက်စွဲနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး တရားခွင်တွင်
တရားစွဲဆိုခံရသူက မိမိရပိုင်ခွင့်ကို အပြည့်အဝခုခံပိုင်ခွင့် ရရှိနိုင်မှသာလျှင် ပြည်သူ
အားကိုးသော တရားစီရင်ရေးစနစ်ကို မျှော်လင့်နိုင်မည်ဖြစ်သည်။

'တရားမျှတရေး အတူတကွ မြှင့်တင်ပေး' ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ချမှတ်ဆောင်ရွက်ခဲ့သည့်
မြန်မာ့တရားစီရင်ရေး၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ၂ဝ၁၅-၁၇ သည် စီမံကိန်း
နောက်ဆုံးနှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး စီမံကိန်း ပြီးဆုံးပြီးနောက် နောက်ထပ်
ကာလအပိုင်းအခြား တစ်ခုအတွက် ပိုမိုသင့်လျော်ကောင်းမွန်သည့် တရားစီရင်ရေး
ဆိုင်ရာ မဟာဗျူဟာစီမံကိန်း အသစ်တစ်ရပ်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရည်မှန်းထားခြင်းဖြစ်သည်။

''တကယ်တမ်းက ဒါက ငါတို့ ပြည်သူတွေပဲ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်ရမယ်။ တရားမျှတမှု ရစေရမယ်။ ဒါမျိုး စဉ်းစားကြရမှာ။ ဒါတွေ မပြင်နိုင်ရင်
ဘာမှမရဘူး။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်တဲ့ တရားစီရင်ရေး မဖြစ်သမျှ ဘယ်ဗျူဟာ
စီမံချက်မှ အကျုံးဝင်မှာ မဟုတ်ဘူး'' ဟု ဦးသိန်းသန်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး