မော်လမြိုင်မြို့က ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု

မော်လမြိုင်မြို့က ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု

 

''သမီးတို့ကို နှိပ်စက်ခဲ့သလို ပြစ်ဒဏ်မျိုး သူတို့ကို ပြန်လည်ခံစားစေချင်ပါတယ်'' ဟု
အသက် ၁၄နှစ်အရွယ်ရှိပြီ ဖြစ်သည့် မခင်ခင်ထွန်းက သူနှိပ်စက်ခံခဲ့ရသော နေ့ရက်များကို
ပြန်လည်တွေးမောရင်း ပြောပြပါသည်။

ဖခင်ဆေးကုသရန်အတွက် မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်အဆောင်တွင် ထမင်းချိုင့်
ဝန်ဆောင်မှုပေးသူ ဒေါ်တင်ပြံုးထံသို့ မခင်ခင်ထွန်းနှင့် အသက်၁၂နှစ်အရွယ်ရှိ ညီမဖြစ်သူ
မသဇင်အောင်တို့ အလုပ်လုပ်ရန် ၂ဝ၁၄ခုနှစ်ကတည်းက ရောက်ရှိခဲ့ကြခြင်းဖြစ်ပြီး
သုံးနှစ်တာကာလအတွင်း ညီအစ်မနှစ်ဦးစလုံးကို ဒေါ်တင်ပြံုး၏ သမီးဖြစ်သူ ဒေါ်အေးအေးစိုးက
လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည့်သတင်းက မွန်ပြည်နယ်တစ်ခုလုံး ပျံ့နှံ့ခဲ့သည်။

တက္ကသိုလ်ကျောင်းဖွင့်သည့်ကာလတွင် အဆောင်များ၌ ဒေါ်တင်ပြံုးတို့နှင့်အတူ နေထိုင်ခဲ့ကြရပြီး
ဟင်းခိုးစားသည်ဟူသော စွပ်စွဲချက်များဖြင့် မခင်ခင်ထွန်းတို့ ညီအစ်မနှစ်ဦး ရံဖန်ရံခါ
ရိုက်နှက်ခံခဲ့ရပြီး ပစ္စည်းများကိုင်တွယ်မိ၍ ပျက်စီးသွားပါကလည်း ရိုက်နှက်ခံရသည့်အပြင်
ပစ္စည်းတန်ဖိုးကိုလည်း ပေးလျော်ကြရသည်ဟု မခင်ခင်ထွန်းက မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

''ကျောင်းပိတ်တဲ့ကာလဆိုရင် ဒေါ်အေးအေးစိုးက အထည်ဆိုင်ဖွင့်ထားတော့ သူ့ဆိုင်မှာ
သွားလုပ်ပေးရတယ်။ ပစ္စည်းတွေကိုင်မိလို့ ပြဲသွားတယ်ဆိုရင် လျော်လည်းလျော်ပေးရတယ်။
အရိုက်လည်းခံရတယ်။ ကျောင်းပိတ်တိုင်းသွားလုပ်ပေးရတယ်။ သမီးတို့ကိုရိုက်ရင်လည်း
ကြိုးတုပ်ပြီးကို ရိုက်တယ်'' ဟု အရွယ်နှင့် မလိုက်အောင် နှိပ်စက်ခံခဲ့ရသော မခင်ခင်ထွန်းက
သူဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ရှင်းပြသည်။

လုပ်ခလစာအဖြစ် တစ်လလျှင် ငွေကျပ်၃ဝ,ဝဝဝ သာ ရရှိသော မခင်ခင်ထွန်းတို့ညီအစ်မနှစ်ယောက်
အတွက် ကံဆိုးမိုးမှောင်ကျသည့်ရက်တစ်ရက် ဒီဇင်ဘာ ၁၆ ရက်၌ဖြစ်ပေါ်ခဲ့ပြီး ထိုနေ့ရက်သည်
ဒေါ်တင်ပြံုးထံမှ ညီအစ်မနှစ်ဦးလုံး ထွက်ပြေးစေရန် အကြောင်းဖန်ပေးသည့် ရက်တစ်ရက်လည်း
ဖြစ်ခဲ့သည်။

ဒေါ်တင်ပြံုးနေထိုင်ရာ အဆောင်၌ ဒီဇင်ဘာ ၁၆ ရက်တွင် လိမ္မော်သီးနှစ်လုံးပျောက်ဆုံးခြင်းကြောင့်
မခင်ခင်ထွန်းတို့ ညီအစ်မနှစ်ဦး စွပ်စွဲခံရပြီး ညီအစ်မနှစ်ဦးစလုံး ခိုးမစားကြောင်း ငြင်းဆန်ခဲ့သောကြောင့်
ဒေါ်တင်ပြံုးက သူတို့ညီအစ်မနှစ်ဦးစလုံးကို ရိုက်နှက်ခဲ့ရာ မသဇင်အောင်၏ လက်ကောက်ဝတ်၌
ပြတ်ရှဒဏ်ရာ ရရှိသွားခဲ့သည်။

နောက်ဆုံးတွင် ညီမဖြစ်သူ မသဇင်အောင်က မစားကြောင်း အကြိမ်ကြိမ်ငြင်းဆန်ခဲ့သောကြောင့်
ဒေါ်တင်ပြံုး၏ ဒေါသများသည် အစ်မဖြစ်သူ မခင်ခင်ထွန်းအပေါ် ပုံကျသွားခဲ့ပြီး လိမ္မော်သီးနှစ်လုံးကို
ခိုးစားကြောင်း ဝန်မခံမချင်း ရိုက်နှက်မေးမြန်းခဲ့သည်ဟု မခင်ခင်ထွန်းက ပြောသည်။

''သမီးကမစားဘူးလို့ပြောတော့ သမီးကိုတွန်းချပြီးတော့လည်ပင်းကို တက်နင်းတယ်။ နောက်ပြီး
သူ့သမီး ဒေါ်အေးအေးစိုးက ရေနွေးဓာတ်ဘူးသွားယူလာပြီး မေးမေးပြီးတော့ လောင်းတယ်။
သူကဘယ်ဘက်အခြမ်း၊ သူ့အမေက ညာဘက်အခြမ်းမှာနေပြီး အသားအနာမခံချင်ရင်
ပြောဆိုပြီးပြောတယ်။ သမီးက ပူတယ်လို့ ပြောတော့ သမီးခေါင်းကို နှစ်ချက်ရိုက်တယ်။ ခေါင်းလည်း
ကွဲသွားတယ်''ဟု သူက ဆိုသည်။

ထိုသို့ နှိပ်စက်ပြီးနောက်တွင် မခင်ခင်ထွန်းကို ရေချိုးပေးမည်ဟုဆိုကာ ဒေါ်တင်ပြံုးက ရေချိုးသည့်
နေရာသို့ ခေါ်ဆောင်သွားပြီး ရေနွေးပူလောင် ဒဏ်ရာများအတွက် မည်သည့်ဆေးထည့်သင့်သည်ကို
အလုပ်သမားတစ်ဦးဖြစ်သည့် ဒေါ်သေးဆိုသူအား မေးမြန်းခဲ့ကြောင်း မခင်ခင်ထွန်းမှတစ်ဆင့်
သိရသည်။

''အဝတ်အစားလဲပြီးတော့ စားဖိုဆောင်အနောက်မှာထိုင်နေတာ။ ဒေါ်တင်ပြံုးက နင်လိမ္မော်သီး
စားရင် အခွံကိုဘယ်နားမှာထားလဲဆိုပြီးမေးပြန်တယ်။ သမီးလည်း စိတ်ညစ်လာတာနဲ့ ဘုရားစင်
နောက်မှာ ပစ်ထားတယ်လို့ပြောလိုက်တယ်။ သမီးကလည်းသွားမရှာဘူးထင်ပြီးပြောလိုက်တာ။
အဲဒါကို သမီးညီမလေးကို သွားရှာခိုင်းတာမတွေ့ဘူး။ သူကထပ်မေးတော့ အိမ်သာ
အနောက်ဘက်မှာလို့ထပ်ဖြေလိုက်တယ်''ဟု မခင်ခင်ထွန်းက ပြောသည်။

အဆိုပါ အိမ်သာအနောက်သို့ ညီမဖြစ်သူမသဇင်အောင်ကို ထပ်မံသွားရောက်ရှာဖွေခိုင်းရာ
တက္ကသိုလ်ကျောင်းသားများ စားပြီးပစ်ထားသော လိမ္မော်သီးအခွံခြောက်များရှိနေပြီး ယင်းလိမ္မော်သီး
အခွံအခြောက်များသည်လည်း မခင်ခင်ထွန်းစားထားခြင်းဖြစ်သည်ဟု ထပ်မံစွပ်စွဲကာ အခွံများကို
အတင်းအကျပ်စားခိုင်းခဲ့သည်ဟု မသဇင်အောင်က ပြောသည်။

''အစ်မကို နင်တော်တော်လိမ္မော်သီးစားချင်တယ်မဟုတ်လားဆိုပြီး အခွံခြောက်ကိုပေး
ဝါးစားခိုင်းတယ်''ဟု သူက ဆိုသည်။

ထိုသို့ ညှဉ်းပန်းနှိပ်စက်ခံရသည့် မခင်ခင်ထွန်းသည် နောက်တစ်ရက်တွင် ဒဏ်ရာ
အရှိန်ကြောင့် အလုပ်မလုပ်နိုင်ဖြစ်နေသည်ကို ဒေါ်အေးအေးစိုးက ထိုင်၊ ထ လုပ်ခိုင်းကာ
အပြစ်ထပ်ပေးခဲ့ပြီးနောက် သုံးရက်တွင် မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တွင်
နေထိုင်နေသည့် အဒေါ်ဖြစ်သူထံ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

အဒေါ်ဖြစ်သူထံ ထွက်ပြေးနေစဉ် တက္ကသိုလ်ဝင်းအတွင်းက လူကြီးနှစ်ဦးနှင့် တွေ့ခဲ့ရာ
အကူအညီထပ်မံတောင်းခံပြီးနောက် အဆိုပါလူနှစ်ဦးက တက္ကသိုလ်ကတာဝန်ရှိသူထံ
သွားရောက်ပို့ဆောင်ပေးခဲ့ပြီး အဒေါ်ဖြစ်သူကိုပါ ယင်းတာဝန်ရှိသူ၏ ရုံးခန်းသို့
လာရောက်ပေးရန် အကြောင်းကြားခဲ့သည်။

''ဒေါ်အေးအေးစိုးက သမီးရတဲ့ဒဏ်ရာတွေက ချော်လဲတာလို့ ပြောတယ်။ ပြီးတော့သမီးကိုလည်း
ဦးနှောက်မကောင်းဘူးလို့ ပြောတယ်။ သမီးအဒေါ်ကတော့ သမီးကိုအမှန်အတိုင်းပြောခိုင်းတယ်။
ကိုယ့်ဘာသာချော်လဲတာဆိုရင် ဘာလို့ဆေးခန်းမပို့လဲလို့မေးတော့ ညနေကျရင်သွားပြမယ်။
ဆေးလက်မှတ်ထုတ်ပေးပါလို့ ဒေါ်အေးအေးစိုးက ပြောတယ်''ဟု မခင်ခင်ထွန်းက ပြောသည်။

အပြင်ဆေးခန်း သွားရောက်ပြသသော်လည်း ကုသပေးနိုင်ခြင်းမရှိသည့်အတွက်ခရစ်ယာန်
အရေပြားဆေးရုံသို့ သွားရောက်ကုသရာ ဒေါ်အေးအေးစိုးက ဆေးရုံမတင်လိုဘဲ နေ့စဉ်သာ
ဆေးလာထည့်ပေးမည်ဟု ဆရာဝန်ကို ပြောဆိုခဲ့ရာ ဆရာဝန်ကလက်မခံဘဲ ဆေးရုံ၌သာ
တင်ထားရန် ပြောသဖြင့် ဆေးရုံတွင် ကုသမှုခံခဲ့ရသည်။

''သမီးခွဲစိတ်ခန်းထဲကို သုံးခါဝင်ခဲ့ရတယ်။ မေတ္တာဆုံစည်းအသင်းက ဆရာမတွေနဲ့တွေ့တော့
သူတို့ကသမီးတို့ကို ဆက်ကူညီပေးခဲ့တာ။ အဒေါ်ကိုလည်း သမီးဆေးရုံတင်နေရတယ်ဆိုတာကို
အကြောင်းကြားပေးခဲ့တယ်''ဟု မခင်ခင်ထွန်းကဆိုသည်။

အရေပြားဆေးရုံက ဆင်းသည့်အခါတွင် မေတ္တာဆုံစည်း အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က
မခင်ခင်ထွန်းတို့ ညီအစ်မနှစ်ဦးကို အသင်းနေအိမ်တွင် ယနေ့တိုင်စောင့်ရှောက်ပေးထားလျက်
ရှိနေပြီး အဒေါ်ဖြစ်သူနှင့် အသင်းတို့တိုင်ပင်ကာ ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခဲ့သော
ဒေါ်အေးအေးစိုးကို မုပွန်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

''အဒေါ်ဖြစ်သူကို ဒေါ်အေးအေးစိုးတို့ဘက်က ကျေအေးဖို့သွားညှိပါသေးတယ်။ သူ့အဒေါ်က
လက်မခံဘဲ ကိုယ်တိုင်တရားလိုလုပ်ပြီးတော့ကို ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ အဲဒီတုန်းကတော့
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ နဲ့ပဲ ဖွင့်လို့ရခဲ့တယ်။ အခုတော့ လူကုန်ကူးရဲတပ်ဖွဲ့ဘက်ကလည်း
ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့စွဲနိုင်ဖို့ ပြည်နယ်အစိုးရဘက်က ညှိနှိုင်းပေးထားပါတယ်''ဟု
မေတ္တာဆုံစည်းအဖွဲ့က ဒေါ်သီသီနွယ်က ပြောသည်။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပါအမှုအတွက် လိုက်လံပါဝင်ဆောင်ရွက်ပေးလျက်
ရှိပြီး အမှုရုံးချိန်းမှာလည်း တရားလိုပြသက်သေများကို စစ်ဆေးမေးမြန်းနေသည့်အခြေအနေကို
ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က လက်ရှိတွင် အဆိုပါ
အမှုအတွက် ကလေး သူငယ်ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ထပ်မံတရားစွဲဆိုရန် အစီအစဉ်မရှိ
သေးသော်လည်း ဥပဒေအကြံပေးများနှင့် လူမှုရေးအသင်း အဖွဲ့များက တင်ပြတောင်းဆိုလာပါက
တရားစွဲဆိုရန် စီစဉ်မည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် တရားရုံးချိန်းသို့ လာရောက် သည့် တရားလိုနှင့် တရားလိုပြသက်သေများကို
တရားစွဲဆိုခံရသူများဘက်က ခြိမ်းခြောက် ခြင်းများ ပြုလုပ်နေပြီး လူမှုဝန်ထမ်းဦးစီးဌာနဘက်က
လည်း ခြိမ်းခြောက်မှုကာကွယ်ရေးကိစ္စကို ဆောင်ရွက်ပေးရန် စီစဉ်နေသည် ဟု ၄င်းက ဆိုသည်။

ယခုအမှုသည် ရန်ကုန်မြို့တွင် ဖြစ်ခဲ့ဘူးသည့် အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်
မိန်းကလေးနှစ်ဦးနှိပ်စက်ခံရသည့် ဖြစ်စဉ်နှင့် တူညီနေသော်လည်း အများပြည်သူစိတ်ဝင်စားမှု
နည်းပါးနေခြင်းကြောင့် အရေးယူခံရမည့်ပြစ်ဒဏ်လျော့ပေါ့သွားမည်ကို နှိပ်စက်ခံရသည့်
မိန်းကလေးငယ်နှစ်ဦးအပြင် မေတ္တာဆုံစည်းအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က စိုးရိမ်လျက်
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး