3MDG အဖွဲ့က တည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာန၈၂ ခုကို ဝန်ကြီးဌာနသို့ ယခုနှစ်အတွင်း လွှဲပြောင်းပေးမည်

3MDG အဖွဲ့က တည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာန၈၂ ခုကို ဝန်ကြီးဌာနသို့ ယခုနှစ်အတွင်း လွှဲပြောင်းပေးမည်

ထောင်စုနှစ်ရည်မှန်းချက်သုံးမျိုးရန်ပုံငွေအဖွဲ့ (3MDG) က တည်ဆောက်လျက်ရှိသည့်
ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၈၂ ခုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့
ယခုနှစ်အတွင်း အပြီးသတ်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဖေဖော်ဝါရီ
၂၇ ရက်က သတင်းထုတ်ပြန်သည်။

ဆင်းရဲနွမ်းပါးသည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီစေရန်နှင့်
သွားလာရခက်ခဲသောဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်
လာစေရန် ပံ့ပိုးကူညီမှုအဖြစ် အခြေခံကျန်းမာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်းစီမံချက်ကို
3MDG အဖွဲ့က ၂ဝ၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စီမံချက်အရ ဧရာဝတီ
တိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနငါးခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ဝ ခုကို
တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်ကဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း 3MDG
အဖွဲ့က ထုတ်ပြန်ခဲ့သည်။

''ဒီကျန်းမာရေးဌာနတွေက ကျေးလက်ဒေသတွေက လူတွေအတွက် ပိုမိုကောင်းမွန်တဲ့
ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်''ဟု
UNOPS မှ ဒါရိုက်တာ Mr.Nicholas George က ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်းတည်ဆောက်ခဲ့သည့် ကျန်းမာရေးဌာန ၁၇ ခုကို ၂ဝ၁၆ ခုနှစ်
အတွင်းက ဝန်ကြီးဌာနသို့လွှဲပြောင်းပေးခဲ့ကာ စတင်အသုံးပြုလျက်ရှိကြောင်း၊ ကျန်ရှိနေသည့်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
မန္တလေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်နေသည့် ကျန်းမာရေးဌာနများကို ယခုနှစ် မေလတွင်
အပြီးသတ်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကျေးလက်ဒေသနေပြည်သူများအနေဖြင့် အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုကို
လက်လှမ်းမီလာစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး
ဌာနခွဲများကို နှစ်စဉ် တိုးချဲ့ဖွင့်လှစ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင်က ပြောသည်။

''အစိုးရအနေနဲ့ ကျေးလက်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို
ပိုမိုပံ့ပေးခဲ့ပေမဲ့ ဆက်ပြီး ပံ့ပိုးရမှာတွေ အများကြီးရှိနေပါသေးတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါကျန်းမာရေးဌာနများတွင် မီးဖွားခန်း၊ အရေးပေါ်လူနာခန်း၊ လူနာကြည့်ရှုစစ်ဆေးခန်း၊
ရေသို လှောင်ကန်များ၊ ဆေးသိုလှောင်ခန်း၊ ဝန်ထမ်းအိမ်ရာနှင့် လျှပ်စစ်မီး ရရှိစေရန်
ဆိုလာပြားများ တပ်ဆင်ပေးထားပြီး တစ်နေ့လျှင် လူနာ ၅ဝ ခန့်နှင့် ကျေးလက်ကျန်းမာရေး
ဌာနခွဲများသည် လူနာ ၃ဝ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကြောင်း (3MDG) က
ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး