မြန်မာနိုင်ငံက တရားဝင်ထုတ်လုပ်သောသစ်ဖြစ်ကြောင်းအာမခံစနစ် (MTLAS) ပိုမိုခိုင်မာရန်
လုပ်ဆောင်ရာတွင် တရားဝင်သစ်ဖြစ်ကြောင်း အာမခံစနစ် မှားယွင်းခြင်းကြောင့် မဟုတ်ဘဲ
ထိုစနစ်အတွင်း ပါဝင်သူများ၏ မှားယွင်းမှုများကြောင့်သာဖြစ်ကြောင်း သစ်တောဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံက တရားဝင်ထုတ်လုပ်သော သစ်ဖြစ်ကြောင်း အာမခံစနစ်နှင့်ပတ်သက်ပြီး သစ်ကို
စတင်ခုတ်လှဲမှုလုပ်ငန်းစဉ်ကနေ ပြည်ပသို့ တင်ပို့ချိန်ထိ လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်
အာမခံစနစ်ဆိုင်ရာလစ်ဟာမှုကွင်းဆက်များကို လေ့လာစစ်တမ်းကောက်ယူခဲ့ရာတွင်
သစ်လုံးပေါ်တွင် ရိုက်နှိပ်ထားသော သစ်တောဌာန၏ တံဆိပ်တုံးများနှင့် သစ်ထုတ်လုပ်ရေးဌာန၏
တံဆိပ်တုံးများ မသဲကွဲခြင်း၊ ရောထွေးနေခြင်း၊ ဌာနတွင်းချိတ်ဆက်မှုများအားနည်းခြင်း၊ သစ်လုံးပေါ်ရှိ
သစ်ထုတ်ရေးဌာန၏ တံဆိပ်တုံးများကို သစ်ထုတ်ရေးဝန်ထမ်းများသာဖတ်နိုင်ပြီး သစ်တောဌာန
ဝန်ထမ်းများ မဖတ်နိုင်ခြင်းနှင့် တံဆိပ်တုံးအမှတ်အသားများ မထင်ရှားခြင်းတို့ကို တွေ့ရှိခဲ့သဖြင့်
တံဆိပ်တုံးအမှတ်သားများ ထင်ရှားစွာ ရိုက်နှိပ်ရန်နှင့် စာရင်းများနှင့်စာရွက်စာတမ်းများအစား ိ
digital စနစ်ဖြင့် အချက်အလက်များ သိမ်းဆည်းခြင်းစနစ်တစ်ခု လိုအပ်နေကြောင်း
ပညာရှင်များက ထောက်ပြခဲ့သည်။
''MTLAS ကို မြန်မာနိုင်ငံက ခိုင်မာအောင်ချဉ်းကပ်တဲ့ပုံစံဟာ လက်ရှိစနစ်ရဲ့အားနည်းချက်ကြောင့်လား
စနစ်ကိုအကောင်အထည်ဖော်မှုပိုင်းအားနည်းကြောင့်လား ဒါမှမဟုတ် ပြည်ပနိုင်ငံများရဲ့ အခင်းအကျင်း
သက်ရောက်မှု ကြောင့်လား ဆိုတာ စဉ်းစားဖို့လိုတယ်'' ဟု MTLAS ဆိုင်ရာ ကျွမ်းကျင်သူ
ဆလိုင်းကျုံးလျန်ထောင်းက ပြောသည်။
မြန်မာနိုင်ငံ၏ တရားဝင်ထုတ်လုပ်သည့် သစ်ဖြစ်ကြောင်း အာမခံစနစ် ခိုင်မာစေရန်ဖော်ဆောင်ရေး
အစီရင်ခံစာမူကြမ်းကို ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာမူကြမ်းတွင် သစ်ထောက်ပံ့မှု
ကွင်းဆက် ယန္တရားများကို ရိုးရှင်းခိုင်မာအောင်ပြုလုပ်ခြင်း၊ MTLAS ကိုစောင့်ကြည့်ရန် လွတ်လပ်သော
ယန္တရားတစ်ခုဖော်ဆောင်ခြင်း၊ မြင်သာစွာထုတ်ပြန်ပေးနိုင်သော ယန္တရားတစ်ခု ဖော်ဆောင်ခြင်း၊
စာရွက်စာတမ်းပြုစုခြင်းနှင့် စနစ်လုပ်ငန်းစဉ်များကို အလွယ်တကူရရှိစေနိုင်ခြင်းလုပ်ငန်းစဉ်များကို
ထည့်သွင်းဖော်ပြခဲ့သည်။
''အစိုးရကနေ တည်ဆဲ သစ်တောဥပဒေတွေအရ ပိုပြီးခိုင်မာတဲ့ စာရွက်စာတမ်းတွေနဲ့ထောက်ခံပေးဖို့
လိုတယ်။ MTLAS က အားနည်းချက်တွေရှိနေတဲ့အတွက် ဒါကိုပိုမိုကောင်းမွန်လာအောင်လုပ်ပေးဖို့နဲ့
ဒီလိုလုပ်ဆောင်နေတဲ့အချိန်မှာလည်း ကုန်သွယ်မှုကိုရပ်တန့် မသွားအောင်လုပ်ပေးဖို့လိုတယ်'' ဟု
မြန်မာနိုင်ငံ သစ်တောထွက် လုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ဦးမျိုးမင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ (MFCC) သည် MTLAS ကို ရေးဆွဲခဲ့ပြီး
၂ဝ၁၆ခုနှစ်တွင် အဆိုပါစနစ်ကို နိုင်ငံတကာသစ်စျေးကွက် လိုအပ်ချက်များနှင့်နှိုင်းယှဉ်၍
ပိုမိုခိုင်မာသည့်စနစ်တစ်ခုဖြစ်ရန် ရည်ရွယ်ပြီး စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ကျော်လွန်၍ ဥရောပစျေးကွက်သို့
သစ်တင်ပို့ရာတွင် အဆိုပါ အာမခံစနစ်များ လိုအပ်နေသဖြင့် သစ်ရောင်းဝယ်ရေးလုပ်ငန်းစဉ်တွင်
ကြန့်ကြာမှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း Center for People and Forests ဌာနေ
အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်မောင်သန်းက ပြောသည်။
အမေရိကန်နှင့် ဥရောပစျေးကွက်များသို့ သစ်တင်ပို့ရာတွင် ချောချောမွေ့မွေ့နှင့်
အဆက်မပြတ်ကုန်သွယ်ခွင့် ရရှိရန် ပိုမိုခိုင်မာသည့် အချက်အလက်စာရွက်စာတမ်းများဖြင့်
MTLAS က ထောက်ခံချက်ပေးရန်နှင့် သစ်ကွင်းဆက်နောက်ကြောင်း ပြန်စစ်ဆေးရာတွင်
လွတ်လပ်သော ကြားနေ အဖွဲ့အစည်းတစ်ခု ပါဝင်လာစေရေး ဖြည့်စွက်ပေးရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ
အစုအဖွဲ့က တောင်းဆိုထားသည်။
''ရေရှည်အတွက် သွားမယ်ဆိုရင် လက်ရှိဥပဒေတွေကိုလည်း ပြင်ဆင်၊ဖြည့်စွက်၊ဖြုတ်ထုတ်ဖို့တွေ
လိုလာပြီ။ ပြည်သူလူထုနဲ့ နိုင်ငံတကာကအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုရရှိဖို့က ဒီသစ်
တရားဝင်ဖြစ်မဖြစ် သက်သေပြရာမှာ အရမ်းကိုအရေးပါပါတယ်'' ဟု ဆလိုင်းကျံုးလျန်ထောင်းက
ပြောသည်။
သစ်တောသယံဇာတများရေရှည်တည်တံ့စွာအသုံးချနိုင်ရေးအတွက် သစ်ရောင်းချသည့်နိုင်ငံများနှင့်
ဝယ်ယူသည့်နိုင်ငံများအကြား သစ်ကုန်သွယ်ရေးမူဝါဒများချမှတ်ခြင်း၊ တရားဝင်သစ်ဖြစ်ကြောင်း
အာမခံသည့် စနစ်များဖော်ထုတ်ခြင်း၊ တရားဝင်သစ်ကို လိုလားသည့် စျေးကွက်များနှင့်
ချိတ်ဆက်ခြင်းနှင့်သစ်တောဆိုင်ရာ တရားဥပဒေမြှင့်တင်ရေးသည် တရားမဝင်သစ်ခိုးယူခြင်းနှင့်
ကုန်သွယ်ခြင်းကိုတိုက်ဖျက်ရန် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် နှစ်လကျော်ကာလအတွင်း တရားမဝင်သစ်တန်ပေါင်း ၅,ဝဝဝ နီးပါး
ဖမ်းဆီးရမိခဲ့သည်။
















