အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ခရိုင်ရုံးခွဲ ၃၁ ရုံးထိ တိုးမြှင့်ဖွင့်လှစ်

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ခရိုင်ရုံးခွဲ ၃၁ ရုံးထိ တိုးမြှင့်ဖွင့်လှစ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခရိုင်ရုံးခွဲ ၃၁ ခုကို ယခုလ
အတွင်း တိုးမြှင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

''ကျွန်တော်တို့ရုံးများက ဌာနချူပ်ရှိတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာဖွဲ့ထားတာရှိပါတယ်။
ဒီနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်မှာ ခရိုင်ရုံးတွေကိုစပြီးဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ခရိုင်ရုံး ၂၇ ခုကို ဖွင့်လှစ်ပြီးဖြစ်ပါတယ်။
နောက်ထပ်ရုံးခွဲလေးခုကို မတ်လ ၃၁ မတိုင်ခင်မှာဖွင့်ဖို့ရှိတဲ့အတွက် စုစုပေါင်း ၃၁
ခုဖွင့်နိုင်မှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လုပ်ငန်းစဉ်များကို ၂ဝ၁၆ ခုနှစ်တွင်
အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး အန္တရာယ်ရှိသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊
လူသုံးကုန်များ ရှာဖွေဖော်ထုတ်ခြင်း၊ အရေးယူခြင်းများ ဆက်လက်ဆောင်ရွက်မည်
ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်အထိ ဝန်ထမ်းအင်အား ၆ဝဝ ခန့်ဖြင့်
စစ်ဆေးမှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဝန်ထမ်းအင်အား ၁,ဝဝဝ ကျော်ဖြင့်
စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ပြောသည်။

''ကျွန်တော်တို့က risk based နဲ့ သွားပါတယ်။ ရှာဖွေမယ်၊ ဖော်ထုတ်မယ်၊ ကြေညာပေးမယ်။
စျေးကွက်မှာ ကျွန်တော်တို့ ကြေညာပေးတဲ့ ပစ္စည်းတွေ ပြန်ရောက်နေတာရှိပါတယ်။
ဆက်လက်ပြီးစျေးကွက်မှာ မရောင်းချဖို့ကတော့ အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးဖို့
မေတ္တာရပ်ခံလိုပါတယ်''ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကို ၁၉၉၅ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏
ဌာနခွဲတစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ဦးစီးဌာနအနေဖြင့် ပြောင်းလဲ
ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၆ ခုနှစ်အတွင်း စျေးကွက် အတွင်းရှိ ဆေးဝါးများစစ်ဆေးခြင်းကို ၄၁၂ ကြိမ်ခန့်
ဆောင်ရွက်ခဲ့ပြီး အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၉၂ ခု
ရှိကြောင်း ဆေးဝါးဌာနခွဲက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး