လယ်ယာမြေ မှတ်ပုံတင်ခွင့်ရဲ့ နောက်ကွယ်

လယ်ယာမြေ မှတ်ပုံတင်ခွင့်ရဲ့ နောက်ကွယ်

မြန်မာနိုင်ငံက တောင်သူလယ်သမားအများစုဟာ စိုက်ပျိုးရေးနည်းပညာအခက်အခဲ၊
စိုက်ပျိုးစရိတ်အခက်အခဲ၊ သိမ်းဆည်းခံလယ်ယာမြေ အကျပ်အတည်းတွေအပြင်
သူတို့စိုက်ပျိုးလုပ်ကိုင်နေတဲ့လယ်ယာမြေတွေကို တရားဝင်မှတ်ပုံတင်ခွင့်ရရှိအောင်
ဘယ်လိုကြိုးစားရမလဲဆိုတဲ့စိန်ခေါ်မှုကိုပါကြံုတွေ့နေရပါတယ်။

လယ်ယာမြေမှတ်ပုံတင်ခွင့် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့မေးခွန်းက
တောင်သူလယ်သမားအများစုကိုစိန်ခေါ်နေပါတယ်။ မကွေးတိုင်းဒေသကြီးမှာ လယ်ယာမြေ
မှတ်ပုံတင်ဖို့အခက်အခဲဖြစ်နေတဲ့ တောင်သူများစွာရှိနေပါတယ်။ အောင်လံမြို့နယ်
တစ်ခုတည်းမှာပဲ မပြည့်စုံတဲ့ လယ်ယာမြေမှတ်ပုံတင်လျှောက်ထားမှု ၁,ဝ၅၂ ခုကို
တောင်သူတွေ ဒါမှမဟုတ်ရပ်ကွက်နဲ့ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေဆီကို
ပြန်လည်ပေးပို့ခဲ့ရတယ်လို့မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဇော်ခင်ထွန်းက ဆိုပါတယ်။

''ပုံစံ(၇) (လယ်ယာမြေမှတ်ပုံတင်ခွင့်)လျှောက်တယ် ဆိုတာမှာ မိမိ(တောင်သူ)ကိုယ်တိုင်က
ကိုယ့်ယာမြေနေရာ ဘယ်နေရာလဲ၊ မှန်သလား၊ မှားသလား၊ သေချာပြပြီးလုပ်မှရတဲ့
ကိစ္စပေါ့။ လုပ်ထုံးလုပ်နည်းအရ ပြည့်စုံအောင်လုပ်မှ ကာယကံရှင်ကိုယ်တိုင်က
လုပ်ထုံးလုပ်နည်းတွေနားလည်မှ လျှောက်ရင် ပုံစံ(၇) ရအောင် တန်းထုတ်ပေးလို့ရတာ
မဟုတ်ဘူး''လို့ ဦးဇော်ခင်ထွန်းက ပြောပါတယ်။

တောင်သူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ရပ်ကွက်နဲ့ကျေးရွာ
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မြေစာရင်းဌာနက နယ်မြေခံအရာရှိ တို့ ပူးပေါင်းပြီး
မြေပုံဆွဲတိုင်းတာပြီးမှ အဆင့်ဆင့်တင်ပြရမှာဖြစ်တယ်လို့ ဥပဒေကဖော်ပြထားပါတယ်။

လယ်ယာမြေ အငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ဖို့၊ အခွန်ကောက်ခံဖို့၊ လယ်မြေ၊
ယာမြေနဲ့သစ်တောမြေတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ကို ရည်ရွယ်ခဲ့တဲ့
လယ်ယာမြေမှတ်ပုံတင်ခွင့်ဥပဒေကို၂ဝ၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

''ဦးသိန်းစိန်အစိုးရကပုံစံ (၇) မှတ်ပုံတင်ခွင့်ကာလကို တစ်နှစ်ပဲခွင့်ပြုခဲ့တယ်''လို့
မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂအကြံပေး ဦးအောင်ကျော်ကျော်က
ထောက်ပြပါတယ်။

ယခင်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးက လယ်ယာမြေတွေကို၂ဝ၁၄ ခုနှစ်၊
ဖေဖော်ဝါရီကနေ ၂ဝ၁၅ ခုနှစ်၊ဖေဖော်ဝါရီလအထိ တစ်နှစ်တာကာလအတွင်း အပြီးသတ်
မှတ်ပုံတင်ဖို့ကြိုးစားခဲ့တာကြောင့် မြေစာရင်းဦးစီးဌာနအပေါ် ဖိအားအများဆုံး
သက်ရောက်စေခဲ့ပြီး လယ်ယာမြေ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာ လွဲချော်မှုများ
ဖြစ်ပွားခဲ့တယ်လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

''ပုံစံ(၇)လုပ်ရမယ်ဆိုလို့ တင်ထားတာသုံးနှစ်လောက်ရှိပြီ အခုထိမရသေးဘူး။ တင်ထား
တာကလည်း နှစ်ခါသုံးခါရှိပြီ။အဓိကကတော့ ချေးငွေမရတာပေါ့''လို့မကွေးတိုင်းဒေသကြီး
အောင်လံမြို့နယ်ဗျန်ဒီကျေးရွာမှ တောင်သူဦးဘိုလေးက ပြောပါတယ်။

ဒေသခံတောင်သူတွေက လယ်ယာလုပ်ငန်းတွေလုပ်ကိုင်တာကလွဲလို့ အခြားကိစ္စရပ်တွေ
ပေါ်မှာအသိပညာနည်းပါးမှုတွေရှိနေပါတယ်။အဆင့်ဆင့်ဖြတ်သန်းရပြီးရှုပ်ထွေးတဲ့
လယ်ယာမြေမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကိုနားလည်နိုင်ဖို့အတွက် အခက်အခဲများစွာ
ကြံုနေကြရဆဲပါ။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်မှာသူ့ရဲ့ယာမြေတွေကို လယ်မြေတွေအဖြစ်မှားယွင်း
မှတ်ပုံတင်ခြင်းခံခဲ့ရတယ်လို့အောင်လံမြို့နယ် ပျဉ်ပုံကျေးရွာမှ တောင်သူ ဦးလှဝေက
ဆိုပါတယ်။

''မှားတာကတော့ အမှားကောင်းပါ။ ယာမြေအတွက် အစိုးရချေးငွေကအရမ်းနည်းတယ်။
လယ်မြေမှာတော့ချေးငွေများများရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့အမှန်အတိုင်းပဲ
ဖြစ်စေချင်တယ်''လို့ သူက ပြောပါတယ်။

လယ်ယာမြေ မှတ်ပုံတင်ခွင့်ရဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေက မိမိပိုင်ဆိုင်တဲ့
လယ်ယာမြေဧကအလိုက် အစိုးရဆီကချေးငွေထုတ်ယူခွင့်ရှိတာပါ။ လယ်မြေတစ်ဧကကို
ကျပ်တစ်သိန်းနဲ့ ယာမြေတစ်ဧကကို ကျပ်နှစ်သောင်းအဖြစ် ချေးငွေပမာဏကို
သတ်မှတ်ထားပါတယ်။

တောင်သူတွေဟာ လယ်ယာမြေတွေကိုမှတ်ပုံတင်ခွင့်အတွက် အဓိကအခက်အခဲ
သုံးမျိုးကိုရင်ဆိုင်နေကြရပါတယ်။

ပထမဆုံးအခက်အခဲကတော့ တပ်မတော်ကသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို
မှတ်ပုံတင်နိုင်ရေးပါ။ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ ဒေသခံတောင်သူတွေရဲ့
လယ်ယာမြေတချို့ကို တပ်မတော်ပိုင်လက်နက်စက်ရုံတွေ တည်ဆောက်ဖို့
သိမ်းယူခဲ့ပါတယ်။ အဲဒီလယ်ယာမြေတွေထဲကအသုံးမပြုတော့တဲ့ လယ်ယာမြေတွေကို
မူလပိုင်ရှင်တောင်သူတွေက ပြန်လည်လုပ်ကိုင်ခွင့်ရခဲ့ပေမဲ့ လယ်ယာမြေမှတ်ပုံ
တင်ခွင့်ကိုတော့ မရရှိခဲ့ကြပါဘူး။

ဒုတိယအခက်အခဲကတော့ တောင်သူတွေက သူတို့ရဲ့ လယ်ယာမြေတွေကို မှတ်ပုံတင်ခဲ့
ကြပေမဲ့ မြေစာရင်းဌာနရဲ့မြေပုံမှာတော့ အခြားပိုင်ရှင်တစ်ယောက်ရဲ့
အမည်ထွက်ပေါ်နေခြင်းဖြစ်ပါတယ်။

''ကျွန်တော့်ယာမြေဆိုတာကို ဒီရွာမှာရှိတဲ့သူတိုင်းသိထားပါတယ်။ ဒါပေမဲ့ မြေစာရင်း
မှာတော့ တခြားသူပိုင်တဲ့ယာမြေရယ်လို့ အမည်ပေါက်ထားတယ်။ စိစစ်မှုအား
နည်းတယ်လို့ပဲ ကျွန်တော်မြင်တယ်။ကိုယ့်နာမည် အမည်ပေါက်ရဖို့ကို ရပ်ကျေးလယ်စီ
(ရပ်ကွက်ကျေးရွာလယ်ယာမြေစိစစ်ရေးကော်မတီ)ရော၊ အဖွဲ့ထဲမှာပါတဲ့ဌာနဆိုင်ရာ
ဝန်ထမ်းတွေနဲ့ရော မနည်း ပြောပြီးပြန်တောင်းရတယ်။ရွာကလူတွေဝိုင်းပြောတာတောင်
ခြောက်လလောက်ကြာမှပြန်ရတယ်'' လို့ငဖဲမြို့နယ် ပင်ဦးကျေးရွာမှ
တောင်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်ပညာရှင်နည်းပါးမှု တောင်သူလယ်သမားတွေရဲ့
လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းလမ်းများကို သိရှိမှု အားနည်းချက်တွေက လယ်ယာမြေ
မှတ်ပုံတင်ရရှိဖို့ အခက်အခဲတွေထဲကအရေးကြီးတဲ့ လိုအပ်ချက်တွေဖြစ်တယ်လို့
လယ်ယာမြေအရေးကျွမ်းကျင်သူ ဦးအောင်ကျော်ကျော်က ဆိုပါတယ်။ တတိယ
အခက်အခဲကတော့ ရွှေ့ပြောင်းတောင်ယာတွေပါ။ မြန်မာနိုင်ငံရဲ့ ရိုးမတောင်တန်း
သုံးခုကဒေသခံတောင်သူတွေရဲ့ ရွှေ့ပြောင်းယာမြေတွေကို လယ်ယာမြေမှတ်ပုံ
တင်ခွင့်ရရှိနိုင်ဖို့ ဥပဒေကခွင့်ပြုမထားတဲ့အချက်ပါ။ ရွှေ့ပြောင်းတောင်ယာအများစုကို
သစ်တောကြိုးဝိုင်း ဒါမှမဟုတ်မြေလွတ်မြေရိုင်းတွေအဖြစ်နဲ့ မြေစာရင်းဌာနက မြေပုံတွေမှာ
မှတ်သားထာပြီး ရွှေ့ပြောင်းတောင်ယာတွေကို လယ်ယာမြေဥပဒေမှာ တရားဝင်
အသိအမှတ်ပြု မဖော်ပြထားပါဘူး။

''လက်ရှိတည်ဆဲဥပဒေအရ ပုံစံ(၇)ဆိုတာ ရ၅ ရာခိုင်နှုန်းလောက်တော့ ပိုင်ဆိုင်ခွင့်
ရှိတယ်။ တကယ်တော့ပုံစံ(၇)ဆိုတာ မြေအသုံးချခွင့် လက်မှတ်အနေနဲ့
ထုတ်ပေးတာဖြစ်တယ်။ ပိုင်ဆိုင်ခွင့်လက်မှတ်မဟုတ်ဘူး''လို့ လယ်ယာမြေအရေး
ကျွမ်းကျင်သူဦးအောင်ကျော်ကျော်က ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လယ်ယာမြေကို တောင်သူလယ်သမားက ၁ဝဝ ရာခိုင်နှုန်း
ပိုင်ဆိုင်ခွင့်ရှိနေပြီး မြန်မာနိုင်ငံရဲ့လယ်ယာမြေ မှတ်ပုံတင်ခွင့်မှာတော့ အဲဒီလောက်အထိ
အခွင့်အရေးပေးမထားဘဲလက်ဝယ်ထားရှိ အသုံးပြုခွင့်ပဲပေးထားသလို ဗီယက်နမ်နိုင်ငံမှာ
လယ်ယာမြေမှတ်ပုံတင်ပြုလုပ်ဖို့ ခရိုင်တစ်ခုတည်းမှာကို သုံးနှစ်ကြာအချိန်ယူခဲ့
ရတယ်ပေမဲ့ မြန်မာနိုင်ငံမှာ ခုလိုပြင်ဆင်မှုမျိုးတွေ မရှိဘူးလို့ သူက ပြောပါတယ်။

''လယ်ယာမြေဥပဒေကို အသစ်ရေးသည်ဖြစ်စေ၊ အဟောင်းပြင်သည်ဖြစ်စေ ၂ဝဝ၈
အခြေခံဥပဒေနဲ့ ကိုက်ညီမှအတည်ပြုလို့ရမယ်။ အခြေခံဥပဒေရဲ့ပုဒ်မ ၃၇(ဂ)မှာ
နိုင်ငံသားတွေကို ပစ္စည်းပိုင်ဆိုင်ခွင့်ပေးမယ်လို့ ပြဋ္ဌာန်းထားတာမို့ တောင်သူ
လယ်သမားတွေကို လယ်ယာမြေ လုံးဝပိုင်ဆိုင်ခွင့်အဆင့်ထိ လွှတ်တော်က
ဥပဒေပြဋ္ဌာန်းခွင့်ရှိနေပါတယ်'' လို့ဦးအောင်ကျော်ကျော်က ပြောပါတယ်။ ''ဒါပေမဲ့
လယ်ယာမြေပိုင်ဆိုင်ခွင့် လျှောက်ထားရမယ့် နည်းဥပဒေအသေးစိတ်ကို
ဝန်ကြီးဌာနကပြင်ဆင်ခွင့်ရှိပါတယ်''လို့ သူက ထောက်ပြပါတယ်။

ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရက မြေလွတ်မြေလပ်မြေရိုင်းတွေကို တောတိုး
ခုတ်ထွင်ခွင့် ပေးထားပြီး နှစ်စဉ်အခွန်ဆောင်သူတွေကို တရားဝင်လယ်ယာမြေ
လုပ်ပိုင်ခွင့် ချထားပေးခဲ့တဲ့ကြောင်း အောက်ဗမာပြည်အခွန်တော်များဥပဒေနဲ့
အထက်ဗမာပြည်အခွန်တော်ဥပဒေများမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိ ၂ဝ၁၂ လယ်ယာမြေဥပဒေမှာတော့ မိဘဘိုးဘွားအစဉ်အဆက်က
ဓားမဦးချလုပ်ကိုင်နေသူတွေအတွက်လယ်ယာမြေ မှတ်ပုံတင်ခွင့် ဥပဒေပြဋ္ဌာန်းချက်
ပါဝင်နေခြင်းမရှိသေးပါဘူးလို့ ဦးအောင်ကျော်ကျော်က ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး