အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်သွင်းသည့်
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် သတ်မှတ်ပေးရေးအဆိုကို ထိုပါတီကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့်
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကြားသံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့်
မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရကို
တိုက်တွန်းကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက
အဆိုတင်သွင်းပြီးနောက် အများစုက သဘောတူကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟင်္သာတမဲဆန္ဒနယ်က ဦးခင်မောင်ရီနှင့်
ဖျာပုံမဲဆန္ဒနယ်က ဦးဝင်းထွဋ်တို့က ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
''အဓိကကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ
ထိခိုက်မှာစိုးလို့ပေါ့။ နောက်ပြီး အင်န်အယ်လ်ဒီအစိုးရအကျပ်အတည်းတွေ့သွားမှာစိုးတဲ့အတွက်ပါ'' ဟု
ဦးခင်မောင်ရီက ပြောသည်။
ကန့်ကွက်သူများသည် ပါတီဝင်ချင်းတူသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော်လည်း
ဒီမိုကရေစီသဘောသဘာဝအရ မိမိ၏ဆန္ဒကို ဖော်ထုတ်ပိုင်ခွင့်ရှိသဖြင့် မည်သို့မျှ
မှတ်ချက်မပေးလိုကြောင်း ဒေါ်မိကွန်ချမ်းက ပြောသည်။
မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အကြားရှိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့်
မြစ်ကူးတံတားကို ၂ဝ၁၄ ခုနှစ်က ပြည်ထောင်စုအစိုးရ ဘဏ္ဍာငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် မှည့်ခေါ်သတ်မှတ်ထားသော တံတားတစ်စင်းမှ
မရှိသဖြင့် အဆိုပါ တံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် ဂုဏ်ပြုသတ်မှတ်ရန်
အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
''တိုင်းရင်းသားတွေအနေနဲ့ လူမျိုးခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင်ကို ခွဲခွဲခြားခြား
သိသင့်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း သူတို့ရဲ့ အမျိုးသားခေါင်းဆောင်ကို
အထွတ်အမြတ်ထားကြပါတယ်။ ကျွန်မတို့နိုင်ငံမှာ တချို့သောသူတွေက ဗိုလ်ချုပ်အောင်ဆန်း
အမည်ပေးမှုအပေါ် ခါးခါးသီးသီး ငြင်းနေခြင်းဟာ အမြင်ကျဉ်းခြင်းသာ ဖြစ်ပါတယ်''ဟု
ဒေါ်မိကွန်ချမ်းက ပြောသည်။
ဒေါ်မိကွန်ချမ်း တင်သွင်းသည့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် သတ်မှတ်ပေးရေး အဆိုကို
လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့ကြသော်လည်း ကန့်ကွက်သူရှိသည့်အတွက်
လွှတ်တော်တွင် ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆုံးဖြတ်ခဲ့သည်။















