လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်ဒေသခံတောင်သူများအား လျော်ကြေးငွေ
ကျပ်သိန်းပေါင်းတစ်သိန်းကျော် ပေးလျော်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖေဖော်ဝါရီ၂၈ ရက်တွင်
ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြောသည်။
မြေယာလျော်ကြေး၊ ရေတွင်းလျော်ကြေး၊သီးနှံလျော်ကြေးနှင့် နှစ်ရှည်ပင်လျော်ကြေးအဖြစ်
ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အထိ ငွေကျပ် သိန်းပေါင်း ၁၂၅,၄ဝ၁ ဒသမ ၄၂သိန်းကို
ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင်ပါရှိသည့် အကြံပြုချက်အတိုင်း
သိမ်းဆည်းမြေယာများ စိစစ်ရေးအဖွဲ့သည် မြေဧရိယာများကို စိစစ်ပြီး တောင်သူများထံ
ပြန်လည်ပေးအပ်ခြင်း၊ လမ်း၊ ဆည်မြောင်းနှင့် ကျေးရွာတိုးချဲ့ဧရိယာများ၊ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သာသနိကအဆောက်အအုံများ ချန်လှပ်ခြင်းတို့ကြောင့်
မူလရှိသည့် စီမံကိန်းဧရိယာ ရ,၈၆၇ ဒသမ ဝဝ ဧက အနက် ၉ဝ၅ ဒသမ ၅၈ ဧကကို
ထုတ်နုတ်ပြီး ကျန်ရှိသည့် မြေ ဧရိယာ ၆,၉၆၁ ဒသမ ၄၂ ဧကအတွင်းသာ ကြေးနီ
စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။
''ထုတ်နုတ်ကျန်ရှိတဲ့ ၆,၉၆၁ ဒသမ ၄၂ ဧကအတွင်းမှာသာ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ထပ်မြေများကို ချဲ့ထွင်အသုံးပြုရန် မရှိပါ'' ဟု ၄င်းက
ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆောင်ရွက်ရာတွင် ကုန်ချောထုတ်လုပ်သည့်
မြေနေရာရှိသော်လည်း တောင်သူများ၏ စိုက်ပျိုးမြေများကို သိမ်းယူခြင်း၊
ကျေးရွာရွှေ့ပြောင်းပေးရခြင်းတို့ ဆက်လက်မဖြစ်ပေါ်စေရေး တားမြစ်ပေးရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းသိန်းဇော် က လွှတ်တော်၌ တင်ပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပေါ်
အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး
အစီရင်ခံစာပါ အကြံပြုချက် ၄၂ ချက်အနက် ၂ဝ၁၅ ခုနှစ်၊ မတ် ၂၅ ရက်အထိ ၃၇ ချက်ကို
ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။















