ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ညှိနှိုင်းရန် အစိုးရသို့
တင်ပြထားသည့် အချက်များကို အသေးစိတ် ညှိနှိုင်းသည့်အခါ အထောက်အကူပြုနိုင်ရေးအတွက်
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က နေပြည်တော်၌ အကြိုတွေ့ဆုံခဲ့သည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်နှင့် DPN အဖွဲ့တို့ တွေ့ဆုံမှုအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်
ရပ်စဲရေး ကိစ္စရပ်များအပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်သည်။
အစိုးရသို့ ညှိနှိုင်းရန် တင်ပြထားသည့် အချက်ကိုးချက်နှင့် ပတ်သက်၍လည်း DPN ဘက်က
ဒေါ်အောင်ဆန်းစုကြည်အား ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မူပိုင်းဆိုင်ရာ ကိစ္စရပ်အချို့အပေါ် အသေးစိတ်ဆွေးနွေးသည့်အခါ အထောက်အကူဖြစ်စေရန်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကြိုတင်တွေ့ဆုံခြင်းဖြစ်ကြောင်း DPN
အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောသည်။
''အထူးသဖြင့်တော့ NCA ပါ အကြောင်းအရာတွေကို ကျေလည်ခြင်း မရှိသေးလို့
ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျေလည်အောင် ညှိနှိုင်းအဖြေရှာချင်တယ်'' ဟု ခူဦးရယ်က
ပြောသည်။
DPN ဘက်က ညှိနှိုင်းရန် တင်ပြထားသည့် အချက်ကိုးချက်တွင် နောက်ဆုံးတစ်ချက်မှာ
အဓိကရှစ်ချက်ကို သဘောတူညီပါက အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးရန်ဖြစ်သည်ဟုလည်း
၄င်းက ပြောကြားသည်။
''NCA ကိုလည်း ပိုမိုပြီးတော့ ခိုင်မာတဲ့ စာချုပ်တစ်ခုဖြစ်အောင် ကျွန်တော်တို့ဖြည့်စွက်
သဘောတူညီမှုအနေနဲ့ ရရှိဖို့အတွက် ကျွန်တော်တို့ ထုတ်နုတ်ပြီး
ညှိနှိုင်းဆွေးနွေးနေတာဖြစ်ပါတယ်''ဟု ခူဦးရယ်က ပြောသည်။
တစ်နိုင်ငံလုံးကို လွှမ်းခြံုသည့် ငြိမ်းချမ်းရေးဖြစ်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ရန် လိုအပ်ကြောင်းနှင့် DPN အနေဖြင့်
အားလုံးပါဝင်ရေးအတွက်လည်း ဆက်လက် ညှိနှိုင်းသွားမည်ဟု ၄င်းက ပြောသည်။
အားလုံးပါဝင်ရေးမူကို လက်ရှိအချိန်တွင် ယေဘုယျ လက်ခံထားသော်လည်း၊ ကိုးကန့်၊ တအာင်းနှင့်
ရက္ခိုင်လက်နက်ကိုင်အဖွဲ့များကို လက်နက်စွန့်လွှတ်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု
တပ်မတော်က တာဝန်ရှိသူများက ပြောဆိုခဲ့ဖူးသည်။
နိုင်ငံရေးဆွေးနွေးမှုပုံစံ၊ နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့်အညီ ဖွဲ့စည်းပုံပြင်ဆင်ရေး၊
အပစ်ရပ်ဒေသများတွင် ဖော်ဆောင်မည့် အကြီးစားစီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊
လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲမှု
ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်များလည်း DPN၏ တောင်းဆိုချက်တွင် ပါဝင်သည်။
တောင်းဆိုချက်ကိုးချက်ကို ဆက်လက်ညှိနှိုင်းရန် DPNကိုယ်စားလှယ်များသည် မတ် ၃ ရက်တွင်
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ရန်ကုန်မြို့၌ ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။















