သဘာဝဘေးမဲ့တောအတွင်း ကြယ်လိပ်များကို တတိယအကြိမ် စမ်းသပ်စေလွှတ်

သဘာဝဘေးမဲ့တောအတွင်း ကြယ်လိပ်များကို တတိယအကြိမ် စမ်းသပ်စေလွှတ်

 

အသက် သုံးနှစ်မှ ငါးနှစ်အတွင်းရှိ မြန်မာ့ကြယ်လိပ် ၃ဝဝ ကျော်ကို ဖေဖော်ဝါရီ ၁၈ တွင်
နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောင် ဘေးမဲ့တောအတွင်းသို့ တတိယအကြိမ်မြောက်
စမ်းသပ်စေလွှတ်ခဲ့ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်ကလျာက
ပြောသည်။

မင်းစုံတောင်ဘေးမဲ့တောရုံးရှိ ကြယ်လိပ်မွေးမြူရေးခြံတွင် မွေးမြူထားသော ကြယ်လိပ်များကို
သဘာဝနှင့်နီးစပ်စွာရှင်သန်နိုင်စေရန် ယခုကဲ့သို့ သဘာဝတောအတွင်း စမ်းသပ်
စေလွှတ်ခြင်းဖြစ်ပြီး တစ်နှစ်ကြာလျှင်ထိုလိပ်များကို သဘာဝ ဘေးမဲ့တောအတွင်းသို့
အပြီးစေလွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ခြံလှောင်မွေးမြူခြင်းရဲ့ အဓိကပန်းတိုင်က သဘာဝဘေးမဲ့တောကိုပြန်လွှတ်ပေးမယ်။ ခြံထဲမှာဆို
သဘာဝကို အကျိုးမပြုဘူး သဘာဝနဲ့ရှိမှ သဘာဝကို အကျိုးပြုမှာ'' ဟု ဒေါ်ကလျာက ပြောသည်။

တရားမဝင်စျေးကွက်များမှ ဖမ်းဆီးရမိသော ကြယ်လိပ်များကို မြန်မာနိုင်ငံအပူပိုင်းဒေသရှိ
ကြယ်လိပ်မွေးခြံများတွင် မွေးမြူခဲ့ခြင်းဖြစ်ပြီး ဘေးမဲ့တောမွေးမြူရေးခြံများတွင်
မွေးမြူထားသည့် ကြယ်လိပ်ကောင်ရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်
၁ဝ,ဝဝဝ နီးပါးရှိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကြယ်လိပ်များကို ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် သဘာဝဘေးမဲ့တောတွင်းသို့
တစ်နှစ်ကြာ စမ်းသပ်စေလွှတ်ပြီးနောက် သဘာဝဘေးမဲ့တောအတွင်းသို့အပြီးလွှတ်ပေးခဲ့ရာ
ထိုကြယ်လိပ်များအနက် ၅၄ ရာခိုင်နှုန်းသာ အသက်ရှင်ကျန်ရစ်ကြောင်း၊ နှစ်ရာခိုင်နှုန်းမှာ
သဘာဝအရ သေဆုံးခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ ခိုးယူခံရခြင်းကြောင့်ဖြစ်ကြောင်း
လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ ထုတ်ပြန်ထားသည်။

ကြယ်လိပ်များသည် အပူပိုင်းဒေသတွင် ရှင်သန်သော ကုန်းလိပ်အမျိုးအစားဖြစ်ပြီး
မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော မြန်မာ့ဌာနေရင်းမျိုးစိတ်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး