ယခုနှစ် နွေရာသီကာလအတွင်း ကြားနေရာသီဥတုကို ခံစားနေရသော်လည်း အပူချိန်မြင့်မားမှုကို
ခံစားရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည်။
"ဖေဖော်လရီလဆန်းပိုင်းကစပြီး နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနေတယ်။
အပူဒဏ် အန္တရာယ်ကိုတော့ ဧပြီလကစပြီး သတိပြုရမှာပေါ့" ဟု ၎င်းက ပြောသည်။
ရာသီသဘာဝ နေလမ်းကြောင်း ရွေ့လျားမှုအရ မြန်မာနိုင်ငံသည် နေရောင်ခြည် အမြင့်ဆုံးရရှိနိုင်မှု
မတ် ၂၀ ရက် (ညနေ ၄ နာရီ ၅၈ မိနစ်) အချိန်တွင် စတင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခုလမှစ၍
နွေကာလ ရာသီဥတုကို ခံစားရပြီဖြစ်ကာ ယခုနှစ်နွေသည် ပုံမှန်ကြားနေနှစ်များထက် အပူချိန်
ပိုလာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးကျော်မိုးဦးက ပြောသည်။
"ဒီနှစ်မှာလည်း ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ခံစားရနိုင်တယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲ သက်ရောက်မှုဒဏ်ကို ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး
အဆိုပါ သက်ရောက်မှုသည် မြန်မာ့နွေကာလများတွင်လည်း သိသာစေခဲ့ပြီး ပြီးခဲ့သည့်
နှစ်ပေါင်း ၆၀ အတွင်း ပျှမ်းမျှအပူချိန်များ ဆက်တိုက် တိုးလာနေကြောင်း ဦးကျော်လွင်ဦးက ပြောသည်။
နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများ၌ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာ
အပူပြန်တက်၍ တိမ်တိုက်များ ဖြစ်ထွန်းနိုင်ပြီး မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိပြုရန်
မိုး၊ ဇလဌာနက ယခုလ ၁ ရက်၌ ထုတ်ပြန်ထားသည်။















