လိပ်ကျွန်းအမှု အယူခံ ရှုံးနိမ့်

လိပ်ကျွန်းအမှု အယူခံ ရှုံးနိမ့်

လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို
အယူခံတရားရုံးက ယခင်ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်အတိုင်း ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

"စီရင်ချက်ချတဲ့အခါမှာ တရားခံရဲ့ ရှေ့နေတွေကို လုံးဝအသိမပေးဘဲ လုပ်သွားတယ်။ ထိုင်းသတင်းမှာ
ပါလာမှ ကျွန်တော်တို့တွေ သိရတာပါ။ ကျွန်တော်တို့ကတော့ ထိုင်းရှေ့နေတွေ အမြင့်ဆုံး
တရားလွှတ်တော်ချုပ်ကို အယူခံတက်ရင် လိုအပ်သလို ၀ိုင်းကူပေးမယ်။ ညီငယ်နှစ်ဦးကိုလည်း
ပုံမှန် ထောင်ဝင်စာ တွေ့နိုင်အောင် စီစဉ်သွားမယ်" ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို ကော့စမွီခရိုင်
တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရပြီး နောက်တစ်ရက်တွင် ပြစ်ဒဏ်အပေါ် ပြန်လည်သုံးသပ်ပေးပါရန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်းအစိုးရဝန်ကြီးချုပ်နှင့်
ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ကို မြန်မာနိုင်ငံထိုင်းစစ်သံမှူးကတစ်ဆင့် သဝဏ်လွှာများ
ပေးပို့ခဲ့သည့်အပြင် အစိုးရဘက်ကလည်း အယူခံအတွက် တတ်နိုင်သမျှကူညီပေးသွားမည်
ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ နှစ်ဦးအတွက် အယူခံလွှာကို
ငါးလအချိန်ယူခဲ့ရပြီး၊ ထိုအယူခံတွင်လည်း မြန်မာအစိုးရဘက်က စေလွှတ်ထားသည့်
ပညာရှင်သုံးဦး၏ စာမျက်နှာ ၂၀၀ ခန့်ရှိ သုံးသပ်ချက်များလည်း ပါ၀င်ခဲ့ကြောင်း ထိုင်းနိုင်ငံ
အခြေစိုက်ရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး