ရာထူးမှ နုတ်ထွက်ခဲ့သည့် မွန်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးနေရာတွင် ကျိုက်ထိုမြို့နယ်
မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအေးဇံ ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း
ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
နုတ်ထွက်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း နေရာတွင် ဒေါက်တာအေးဇံကို အစားထိုးခန့်အပ်ရန်
သမ္မတဦးထင်ကျော်က အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ်
လွှတ်တော်အထူး အစည်းအဝေးတွင် ဒေါက်တာအေးဇံကို ခန့်အပ်ရန် လွှတ်တော်က သဘောတူ
ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကပြောသည်။
"၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုတော့ပြီးပါပြီ။ သမ္မတဆီက ခန့်အပ်လွှာကို
စောင့်နေပါတယ်" ဟု ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ယမန်နေ့က ပြောသည်။
မွန်တိုင်းရင်းသား ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာအေးဇံသည် လက်ရှိတွင်
ပြည်နယ်လွှတ်တော်၏ စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ကော်မတီတို့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
မွန်ဝန်ကြီးချုပ်အသစ် ဖြစ်လာမည့် ဒေါက်တာအေးဇံသည် ၀ါရင့် မွန်တိုင်းရင်းသား နိုင်ငံရေးသမား
တစ်ဦး ဖြစ်သည့်ပြင် လွှတ်တော်က ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ
ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ရာ အလုပ်များစွာလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
"ဒေါက်တာအေးဇံက အင်မတန် အလုပ် လုပ်တဲ့သူပါ။ ဒါပေမဲ့ ၀န်ကြီးချုပ်ဖြစ်သွားရင် အခုလို
အလုပ် လုပ်၊ မလုပ်ကိုတော့ မသိဘူးပေါ့နော်။ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" ဟု လွှတ်တော်ဥက္ကဋ္ဌ
ဒေါ်တင်အိက မြန်မာတိုင်း(မ်) နှင့် ဖေဖော်ဝါရီလအတွင်းက တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာအေးဇံသည် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး
လက်ထက်က မပြီးပြတ်သေးသည့် စီမံကိန်းကိစ္စရပ်များနှင့် ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး
ကိစ္စရပ်များကို အထူးအလေးပေးဆောင်ရွက်ရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက
ပြောဆိုနေကြပြီး အစိုးရနှင့် လွှတ်တော်အကြား ချိတ်ဆက်မှုမပြတ်ရန်လည်း အရေးကြီးသည်ဟု
ဆိုသည်။
မွန်ဝန်ကြီးချုပ်အသစ်အနေဖြင့် မူးယစ်ဆေးဝါးပြဿနာ၊ အကျင့်ပျက်ခြစားမှု ပြဿနာများနှင့် လွှတ်တော်က
ဆောက်လုပ်ခွင့်မပြုရန် သဘောတူညီထားသည့် VIP အဆင့်မြင့်ဧည့်ရိပ်သာ ဆောက်လုပ်နေခြင်း
ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရမည်ဟု ပေါင်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းမင်းအောင် က ဆိုသည်။
၀န်ကြီးချုပ်ဟောင်းနေရာတွင် ယာယီ ၀န်ကြီးချုပ်အဖြစ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ၀င်းနိုင်ဦးက
ထမ်းဆောင်လျက်ရှိသည်။















