ငြိမ်းချမ်းရေးဦးဆောင်မယ့် '၀' အဖွဲ့ ကြံုတွေ့ရဖွယ်ရှိသည့် ပြဿနာဟောင်း

ငြိမ်းချမ်းရေးဦးဆောင်မယ့် '၀' အဖွဲ့ ကြံုတွေ့ရဖွယ်ရှိသည့် ပြဿနာဟောင်း

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် '၀' ပြည် သွေးစည်းညီညွှတ်ရေးပါတီ ထိန်းချုပ်ရာ ပန်ခမ်း၌
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးအတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ
ဆွေးနွေးခဲ့ကြသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ တအာင်း အမျိုးသား
လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တို့
အပါအဝင် အပစ်မရပ်ရသေးသည့် အဖွဲ့ခုနစ်ဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးအတွင်း အချက်ကိုးချက်ကို သဘောတူညီခဲ့ကြကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်
NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုက်ပွဲများကို ရပ်တန့်နိုင်ခြင်းမရှိသည့်အတွက်
အလုပ်မဖြစ်ကြောင်းနှင့် နည်းလမ်းအသစ် ရှာဖွေကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

သမိုင်းဝင် ပင်လုံစာချုပ်ကို NCA စာချုပ်နှင့် အစားထိုးရန် အစိုးရက ကြိုးပမ်းနေသည်ကို
လက်မခံကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းသားများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ ယခင် သမ္မတဦးသိန်းစိန်နှင့်
ကွာခြားခြင်းမရှိဟု '၀' ပြည် သွေးစည်း ညီညွှတ်ရေးပါတီ ခေါင်းဆောင်ဖြစ်သူ ဦးပေါက်ယူချန်းက
ညီလာခံမိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ထို့ပြင် အစိုးရနှင့် ငြိမ်းချမ်းရေးညှိနှိုင်းရန် '၀' ပြည် သွေးစည်းညီညွှတ်ရေးပါတီ ဦးဆောင်သည့်
အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို "တရားမျှတမှုရှိသော" အပစ်ရပ်စာချုပ်ဖြင့်
အစားထိုးမည်ဟု ဆုံးဖြတ်ခဲ့သည်။ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲများကို UWSA က
ဦးဆောင်ရန် ပြင်ဆင်လာမှုသည် ပြောင်းလဲလာသော '၀' အဖွဲ့၏ "တက်တက်ကြွကြွပါ၀င်လာ" သည့်
ခြေလှမ်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

"မြောက်ပိုင်းမှာ တိုင်းရင်းသားအဖွဲ့ တချို့ အတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မျိုး သူ့ဆီရောက်လာနိုင်တယ်လို့
စိုးရိမ်မှုရှိလို့ ပြင်ဆင်တာလို့ သုံးသပ်လို့ရပါတယ်" ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် သံတမန်များနှင့်
ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ဆုံရာတွင် တပ်မတော်အနေနှင့် "ငြိမ်းချမ်းရေး မူဝါဒခြောက်ရပ်" နှင့်အညီ
ဆက်လက်လုပ်ဆောင်မည်ဖြစ်ကာ NCA စာချုပ်ပေါ်တွင်သာ အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။

တပ်မတော်က NCA စာချုပ်ကို လက်မှတ်ရေးထိုးမှ နိုင်ငံရေးဆွေးနွေးခွင့် ရရှိမည်ဟု တင်းခံခြင်းသည်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါ၀င်လာနိုင်ရေး
အတွက် အကျပ်အတည်း တစ်ရပ်ကို ဖြစ်ပေါ်စေသည်ဟု အပစ်မရပ်ရသေးသည့် အဖွဲ့အစည်းများနှင့်
နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

အထူးသဖြင့် လက်နက်စွန့်လွှတ်ကြောင်း ကြေညာချက်ထုတ်ရန် တပ်မတော်က တောင်းဆိုထားသည့်
အဖွဲ့သုံးဖွဲ့ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲလိုပါက အစိုးရနှင့်
တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့အစည်းများကို NCA စာချုပ်တွင် လက်မှတ်ရေး ထိုးခွင့်နှင့် နိုင်ငံရေး
ဆွေးနွေးခွင့်ကို အခြားအဖွဲ့များနည်းတူ တန်းတူ အခွင့်အရေးပေးသင့်သည်ဟု ပန်ဆမ်းအစည်းအဝေး
တွင်လည်း ဆုံးဖြတ်ခဲ့ကြသည်။

အပစ်ခတ်ရပ်စဲရေးတွင် ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်လက်နက်ကိုင်အဖွဲ့အစည်းများကို တပ်မတော်က
အသိအမှတ်ပြုခြင်း မရှိသည့်အတွက် ၎င်းတို့ ပါ၀င်လာရေးသည် အစိုးရနှင့် အပစ်မရပ်ရသေးသည့်
အဖွဲ့များအကြား ဆက်လက်ညှိနှိုင်းရမည့် အချက်တစ်ချက် ဖြစ်နေသည်။

အသစ် ဖွဲ့စည်းလိုက်သော '၀' ခေါင်းဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုအဖွဲ့အနေဖြင့် အစိုးရ၊
တပ်မတော်တို့နှင့် ခက်ခက်ခဲခဲ ညှိနှိုင်း ရဖွယ်ရှိသည်။

သို့ရာတွင် ယခုသီတင်းပတ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုးကန့်၊ တအာင်းနှင့်
ရက္ခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ခံယူချက်အရ
ထွက်ပေါ်လာသည့် အဖွဲ့အစည်းများ မဟုတ်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမည် မဟုတ်ဟု
တပ်မတော်၏ ပြောင်းလဲခြင်းမရှိသည့် သဘောထားကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး
ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောဆိုခဲ့သည်။

"ဒီအချက်က အကျပ်အတည်းဖြစ်နေတယ်လို့ ကျွန်တော်တို့က ထင်တယ်။ အစိုးရနဲ့
တပ်မတော်အနေနဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒရေးဆွဲဖို့ လိုအပ်နေပြီလို့
ထင်ပါတယ်" ဟု ဦးမောင်မောင်စိုး က သုံးသပ်သည်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှ ရေးရာအထူးကိုယ်စားလှယ် ဆွန်းကော်ရှင်းနှင့် ယမန်နေ့က
နေပြည်တော်၌ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးလိုခြင်း
မရှိဘဲ လက်နက်ကိုင်၍ နိုင်ငံရေးအခွင့်အရေး တောင်းဆိုခြင်းကို လက်မခံကြောင်း ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး