ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တပ်မတော်က နယ်မြေတည်ငြိမ်အေးချမ်းရေး
ဆောင်ရွက်ခဲ့ရာ၌ အုပ်စုဖွဲ့လူသတ်မှုများ၊ အဓမ္မပြုကျင့်မှုများ ကျူးလွန်ကြောင်း နိုင်ငံတကာ၏
စွပ်စွဲချက်များအပေါ် စစ်ဆေးရေးအရာရှိချုပ် ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ
စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တပ်မတော်တပ်ဖွဲ့ဝင်များ ကျူးလွန်ကြောင်း အထောက်အထား
တွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော် အကြီးအကဲတစ်ဦးဖြစ်သူ
ဗိုလ်ချုပ်ကြီးမြထွန်း ဦးက ပြောသည်။
"သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တယ်လို့ စစ်ဆေးပေါ်ပေါက်မယ်ဆိုရင်
ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ လည်းကောင်း၊ စစ်စည်းကမ်းအရ လည်းကောင်း ထိရောက်
ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့် တိုက်ပွဲများနှင့်
ဆက်စပ်ပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအပေါ် ဖေဖော်ဝါရီ ၂၈ ရက်က
နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် တပ်မတော်က သတင်းစာရှင်းလင်းပွဲတစ်ရပ်
ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည့်
ရခိုင်ပြည်နယ်ဆိုင်ရာ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသလို နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံ သုံးစွဲခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင်
ဥပဒေနှင့်မညီညွတ်သော ဖြစ်စဉ်ဖြစ်ရပ်များ ရှိမရှိ စစ်ဆေးသွားရန် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း
ဦးဆောင်သော တပ်မတော် အဆင့်မြင့် အရာရှိ ငါးဦးပါ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို
တပ်မတော်က ဖေဖော်ဝါရီ ၉ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
"သူက တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဖြစ်ပါတယ်။ တပ်မတော်မှာ အဆင့်အမြင့်ဆုံးသော
စစ်ဆေးရေးအရာရှိချုပ် ဖြစ်ပါတယ်။ သူ့စစ်ဆေးချက်သည် အတည်ဖြစ်ပါတယ်" ဟု
ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်
ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပြည်ထဲရေး
၀န်ကြီးဌာနက ရဲရေးချုပ်၊ ရဲမှူးချုပ်ဝင်းထွန်း ဦးဆောင်သည့် အဖွဲ့ဝင်လေးဦးပါ စစ်ဆေးရေးအဖွဲ့နှင့်
တပ်မတော်အဆင့်မြင့်အရာရှိ ငါးဦးပါ အဖွဲ့တို့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ
ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး နိုင်ငံတကာက စွပ်စွဲလျက်ရှိသော လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့
ကိစ္စရပ်သည် လက်တွေ့ မြေပြင်အခြေအနေတွင် လေ့လာစုံစမ်းမှုအရ မည်သို့မျှ ဖြစ်နိုင်ခြေ
မရှိသည်ကို တွေ့ရကြောင်း၊ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဆိုသူများကို
စစ်ဆေးနိုင်ရန် နှစ်နိုင်ငံကြားညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မောင်တောဒေသစုံစမ်းစစ်ဆေးရေး
အဖွဲ့က ထုတ်ပြန်ခဲ့သည်။
"နိုင်ငံတော်က ဆောင်ရွက်ပေးနေတာကို မျက်ကွယ်ပြု ပြီးတော့၊ တပ်တွေက ကူညီတာတွေကို
မျက်ကွယ်ပြုပြီးတော့ အရမ်းကာရော စွပ်စွဲမှုတွေလုပ်နေတာကတော့ ကျွန်တော်တို့ စိတ်မကောင်းစွာ
တင်ပြလိုပါတယ်" ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားအသိအမှတ်ပြုကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ်ကို
နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားဖြစ်ခွင့်ရှိသူများသည် နိုင်ငံသားဖြစ်ခွင့်ရမည်
ဖြစ်ပြီး ဧည့်နိုင်ငံသား ဖြစ်ခွင့်ရှိသူများသည် ဧည့်နိုင်ငံသားဖြစ်ခွင့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသား၊
ဧည့်နိုင်ငံသားဖြစ်ခွင့် မရရှိသူများအတွက် နိုင်ငံတကာ၏ အကူအညီဖြင့် အစီအစဉ်တစ်ခု
လုပ်ဆောင်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လူ့အခွင့်အရေးနှင့်
မှုခင်းစုံစမ်းစစ်ဆေးသူတွေ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ ပါ၀င်မှုမရှိသည့် စုံစမ်းစစ်ဆေးမှု
အခြေအနေသည် စိတ်ချယုံကြည်ရသည့် အခြေအနေ မရှိကြောင်း၊ စုံစမ်းစစ်ဆေးတွေ့ရှိမှုများသည်
ခိုင်လုံတိကျမှု မရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ယခုလ ၁၃ ရက်တွင် တင်သွင်းရမည့် မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေးအစီရင်ခံစာအတွက် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ
ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် သူ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ
အခြေအနေ လေ့လာစေ့ငုမှုခရီးစဉ်ပြီးဆုံးကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ဖေဖော်ဝါရီ ၂၄ ရက်က
ထုတ်ပြန်ခဲ့သည်။
"ကျွန်မအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြမယ့်အစီရင်ခံစာမှာ စွပ်စွဲထားတဲ့
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အောက်တိုဘာ ၉ ရက်နောက်ပိုင်း လုံခြံုရေးတပ်ဖွဲ့ဝင်တွေရဲ့
နယ်မြေရှင်းလင်းမှု ဖြစ်စဉ်တွေမှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို ထည့်သွင်းဖော်ပြသွားမှာပါ" ဟု
မစ္စယန်ဟီးလီ က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အခြေအနေများအရ လက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာခြင်းကြောင့်
တပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်ချက်ကိုလည်း ရပ်ဆိုင်းခဲ့ပြီး နယ်မြေလုံခြံုရေးအတွက်
ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သမားများထံတွင် နယ်ခြားစောင့်
ရဲစခန်းက လုယူသွားသော သေနတ် ၃၉ လက်နှင့် လက်လုပ်သေနတ်များ ကျန်ရှိနေကြောင်း၊
အာရ်အက်စ်အိုအဖွဲ့တွင် လက်နက်များ ရှိနေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များကို ကူညီသူကို
ဖမ်းဆီးထားကြောင်း၊ ရဲစခန်းများကို တိုက်ခိုက်မည်ဟူသော သတင်းများ ရရှိထားကြောင်းလည်း
၎င်းက ပြောကြားခဲ့သည်။
















