မွန်ပြည်နယ်ရှိ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် မသတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ပြော

မွန်ပြည်နယ်ရှိ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် မသတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ပြော

မွန်ပြည်နယ်ရှိ သံလွင်မြစ်ပေါ်တွင် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြား တည်ဆောက်ထားသည့်
မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် မသတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း
ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမင်းကြည်ဝင်းက
မတ်လ ၃ ရက်နေ့က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျရောက်သည့် ပြည်ထောင်စုနေ့မတိုင်ခင် မွန်ပြည်နယ်
အစိုးရအဖွဲ့အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည် သတ်မှတ်ပေးရေးကိစ္စကို
စားပွဲတင် ဆွေးနွေးခဲ့ရာ ထိုသို့အမည်မပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ၄င်းက ဆိုသည်။

“မွန်အဖွဲ့အစည်းတော်တော်များများကပြီးတော့ ဗိုလ်ချုပ်ကို မလေးစားတာ မဟုတ်ဘူးပေါ့၊ သူ့ရဲ့
ဒေသနဲ့ ကိုက်ညီတဲ့၊ သမိုင်းကြောင်းနဲ့ ကိုက်ညီတဲ့ နာမည်မျိုးကို သူတို့က လိုချင်တာပေါ့၊
ကျွန်တော်တို့က ဆန္ဒပြမှုတွေမတိုင်ခင်မှာ ဒီကိစ္စကို ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ စားပွဲတင်
ဆွေးနွေးပါတယ်၊ ဆွေးနွေးပြီးတော့ ဒီနာမည်ပေးဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့
ရပ်ဆိုင်းလိုက်ပါတယ်” ဟု ဦးမင်းကြည်ဝင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ပြီးနောက်
သတင်းထောက်အချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပြည်ထောင်စုနေ့မတိုင်ခင်က အဆိုပါတံတားကို ၀န်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက
ဗိုလ်ချုပ်အောင်ဆန်းနာမည်အဖြစ် သတ်မှတ်ပြီး ဆိုင်းဘုတ်တင်ရန်အတွက် ဖိတ်စာဖြင့်
မွန်အဖွဲ့အစည်းများအား ဖိတ်ကြားခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
၄င်းက ဆိုသည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဒါကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားပြီးသားပါ၊ တကယ်လို့
ပြည်ထောင်စုမှာ ဆွေးနွေးပြီးလို့ ဒီတံတားအမည်ကို အတည်ပြုလိုက်လို့ရှိရင်တော့
ပြည်ထောင်စုအစိုးရက ကတိကဝတ်ဖြစ်သွားပြီ၊ မဖြစ်မနေတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့
နာမည်ကို ပေးရမယ့် အဆင့်ဖြစ်သွားပြီ” ဟု ၀န်ကြီး ဦးမင်းကြည်ဝင်းက ပြောသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရမည့် အဆင့်သို့ ရောက်ရှိလာပါက
ဒေသခံများနှင့် ပြည်ထောင်စုအဆင့် ထိပ်တိုက်တွေ့မည်မဟုတ်ဘဲ ပြည်နယ်အစိုးရနှင့် ပြည်နယ်ရှိ
မွန်တိုင်းရင်းသားများနှင့်သာ ထိပ်တိုက် တွေ့ဆုံဖြေရှင်းရမည့်ကိစ္စတစ်ခု ပိုမိုဖြစ်လာနိုင်ကြောင်းလည်း
၄င်းက ဆိုသည်။

“တံတားနာမည်လေးတစ်ခု သတ်မှတ်ဖို့ ပြည်ထောင်စုအဆင့်ကနေ သတ်မှတ်ဖို့ ဆိုပြီးတော့
ဥပဒေကိုတော့ မလေ့လာမိဘူး၊ ပြည်နယ်မှာလည်း ဒီအတိုင်းပါပဲ၊ သဘောကတော့ ပြည်နယ်တစ်ခုမှာ
ရှိတဲ့ လုပ်ပိုင်ခွင့်လို့ ကျွန်တော်ခံယူတယ်၊ ဒီနာမည်လေးတစ်ခုကိုပဲ ပြည်ထောင်စုအဆင့်ကနေပြီးတော့
သတ်မှတ်ပေးတယ်၊ ဒီအတိုင်းလုပ်ပါဆိုရင်တော့ ဒါပြသနာပေါ့၊ ဆိုလိုတာက ကျွန်တော်တို့က
ပြည်နယ်နဲ့ တိုင်းတွေမှာက ဖက်ဒရယ်ကို သွားတဲ့ ပြသနာကြီး၊ အာဏာခွဲဝေမှုလို့ ပြောနေတယ်၊
ဒါကတော့ နာမည်လေးတစ်ခုကိုမှ ပြည်နယ်အစိုးရမှာ၊ ပြည်နယ်ဝန်ကြီးချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်
မရှိဘူးလား မေးစရာဖြစ်နေတယ်” ဟု ဦးမင်းကြည်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရန် ပေါင်မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိကွန်ချမ်းက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်းသည်
လက်မခံနိုင်သည့် ကိစ္စဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားများက ထိုအမည် သတ်မှတ်ခြင်းကို
သဘောမတူရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားသည့်အတွက် မဟုတ်ကြောင်းနှင့်
သဘောမတူရသည့် အဓိကအချက်မှာလည်း ဒေသနှင့် ကိုက်ညီသည့် အမည်ကိုသာ
သတ်မှတ်ပေးစေလိုသောကြောင့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“တစ်ခုရှိတာက ဒီတံတားက ပြည်ထောင်စုလမ်းမပေါ်မှာ ဖြတ်သွားမယ့် တိုင်းနဲ့ ပြည်နယ်တစ်ခုနဲ့
တစ်ခုဆက် သွယ်တဲ့ ကွန်ယက်ကြီး တံတားတစ်စင်းမဟုတ်ပါဘူး၊ ဘီလူးကျွန်းချောင်းရိုးကို
ဖြတ်သွားတဲ့ တံတားလေးပဲ ဖြစ်ပါတယ်၊ ဒေသခံအခေါ်အဝေါ်ကတော့ နာမည်ဘယ်လိုပဲ တပ်တပ်ပါ၊
ဥပမာအားဖြင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဆီမှာ မော်လမြိုင်သံလွင်တံတားရှိပေမဲ့
လူတွေက မုတ္တမတံတားလို့ပဲ သုံးတာ၊ ချောင်းဆုံတံတား-ဘီလူးကျွန်းတံတားကလည်း ဒေသခံ
အခေါ်အဝေါ်ကတော့ ချောင်းဆုံတံတား- ဘီလူး ကျွန်းတံတားလို့ပဲ ခေါ်ကြပါတယ် ” ဟု
ပြည်နယ်ဝန်ကြီး ဦးမင်းကြည်ဝင်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်
သတ်မှတ်လိုက်ခြင်းသည် ခက်ခဲသည့်ကိစ္စမဟုတ်သော်လည်း မငြိမ်းချမ်းမှုတွေဖြစ်လာနိုင်ကြောင်း
၄င်းက သုံးသပ်ပြောသည်။

“ဒီလိုနာမည်ပေးလိုက်ရင်တော့ ခက်ခက်ခဲခဲတဲ့ ကိစ္စလို့ မသုံးရင်လည်းရပါတယ်၊ ဒါပေမဲ့ တစ်ခုတော့
ရှိတာပေါ့ဗျာ၊ မငြိမ်းချမ်းမှုတွေ ဖြစ်သွားနိုင်တာပေါ့၊ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်နယ်မှာ
ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာ ငြိမ်ငြိမ်သက်သက်လေးဖြစ်စေချင်တာပေါ့ ” ဟု
မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြားရှိ
မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရေးအတွက် ပေါင်မြို့နယ်
မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း
အဆိုတင်သွင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် ဒေသခံမွန်တိုင်းရင်းသားများက
မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် လာမည့် မတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်
အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရေးနှင့် စပ်လျဉ်းသည့်
အဆိုတစ်ရပ်ကို တင်သွင်းလာနိုင်ဖွယ်ရှိကြောင်း ဦးမင်းကြည်ဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး