ခရီးသွားလုပ်ငန်းနဲ့ အမှိုက်ပြဿ နာ

ခရီးသွားလုပ်ငန်းနဲ့ အမှိုက်ပြဿ နာ

ရေမြေအနေအထားအရ သဘာဝက ပေးထားတဲ့ အမွေအနှစ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့
မြန်မာနိုင်ငံအတွက် တလက်လက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေလို ဖွံ့ဖြိုးတိုးတက်ရေး
အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။ ဒီအထဲမှာ ခရီးသွားလုပ်ငန်းက
တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ နေရာဒေသ တော်တော်များများမှာ အရောင်အသွေးစုံတဲ့
စွန့်ပစ်အမှိုက်တွေက သဘာဝအလှတရားတွေကို ဖုံးလွှမ်းထားသလို ဖြစ်နေပါတယ်။

''အမှိုက်စွန့်ပစ်တဲ့ပြဿနာက မြို့ပြတည်ဆောက်ရေးနဲ့ အဓိကသက်ဆိုင်ပေမဲ့
ခရီးသွားလုပ်ငန်းနဲ့လည်း ဆက်နွှယ်နေပါတယ်။ ခရီးသွားတွေ အသွားများတဲ့ ရွှေတိဂုံ၊ ပဲခူး၊
အင်းလေးကန်၊ မန္တလေးနဲ့ ပုဂံလိုနေရာမျိုးတွေမှာ အမှိုက်စွန့်ပစ်တဲ့ စနစ်ကောင်းတစ်ခု
လုပ်သင့်နေတာ နောက်တောင်ကျနေပြီ'' လို့ ခရီးသွားလုပ်ငန်းအပြင် ခရီးစဉ်စီမံခန့်ခွဲရေးပါ
တွဲဖက်လုပ်ကိုင်တဲ့ Vivo Myanmar ခရီးသွားလုပ်ငန်းက ဦးရဲထွန်းဦးက ပြောပါတယ်။

ငယ်စဉ်ကတည်းက အရိုးစွဲနေပြီဖြစ်တဲ့ လွယ်လင့်တကူ နီးစပ်ရာ အမှိုက်ပစ်လေ့ရှိတဲ့
အလေ့အကျင့်ကြောင့် လူအများစုဟာ ယခုချိန်ထိ အမှိုက်ပုံးထဲကို စနစ်တကျ အမှိုက်ထည့်ကြလေ့
မရှိသေးပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာတော်တော်များကို သွားရောက်
လည်ပတ်မယ်ဆိုရင် ပထမဆုံးမြင်တွေ့ရလေ့ရှိတာက လမ်းဘေးမှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့
အမှိုက်တွေပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံက ရှုခင်းပုံတွေကို ရောင်စုံဓာတ်ပုံအဖြစ် ရိုက်ကူးတဲ့အခါ အောက်ခြေမှာ
အမှိုက်တွေ ပွနေတာကြောင့် ဓာတ်ပုံရဲ့အလှ ပျက်စီးစေတာမို့ အဖြူအမည်းကင်မရာကို
အသုံးပြုပြီး အဖြူအမည်းဓာတ်ပုံကိုသာ ရိုက်ကူးတော့တယ်လို့ မြန်မာနိုင်ငံကို နှစ်စဉ်လာရောက်
လည်ပတ်လေ့ရှိတဲ့ ဂျပန်နိုင်ငံသား ဓာတ်ပုံဝါသနာရှင် မစ္စတာ အကအို အိကုအို က ဆိုပါတယ်။

''အမှိုက်တွေပွနေတာက လူနေမှုဘဝ နေထိုင်မှုအဆင့်အတန်း လိုသေးတယ်လို့ ဖော်ပြရာ
ရောက်နေတယ်။ အဓိကတော့ မြန်မာ ဘုရားဖူးခရီးသွားတွေကို ကိုယ့်နိုင်ငံမှာရှိတဲ့ အရာတွေကို
လေးစားမြတ်နိုးလာဖို့၊ စနစ်တကျ အမှိုက်စွန့်ပစ်တတ်လာဖို့လိုတယ်။ မဟုတ်ရင် နိုင်ငံခြားသား
ခရီးသွားဧည့်သည်တွေ လာရောက်တဲ့အခါ ကဲ့ရဲ့စရာဖြစ်ရတယ်''လို့ ဦးရဲထွန်းဦးက ပြောပါတယ်။

ပြည်တွင်းဘုရားဖူး ခရီးသွားတွေကို အမှီပြုပြီး ဘုရားအနီးဝန်းကျင်၊ ကမ်းခြေဖြစ်ပါက
ကမ်းခြေအနီးတစ်ဝိုက် စတဲ့နေရာတွေမှာ စျေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချလေ့ရှိတဲ့
ဒေသခံတွေအနေနဲ့လည်း ကိုယ့်ဒေသရဲ့ အရေးပါ အရာရောက်မှုကို မေ့လျော့နေတတ်ပါတယ်။
ဒါကြောင့်လည်း ဧည့်သည်တွေက စားသောက်ပြီး ကြွင်းကျန်တဲ့ အမှိုက်တွေကို နီးစပ်ရာ
ရေမြောင်း၊ နီးစပ်ရာ ပတ်ဝန်းကျင်မှာ အလွယ်တကူပဲ စွန့်ပစ်လေ့ရှိပါတယ်။

ထင်ရှားတဲ့ သာဓကအနေနဲ့ ပြည်တွင်းခရီးသွားတွေသာမက ထိုင်းခရီးသွားဧည့်သည်တွေ
အများဆုံးလာရောက်လေ့ရှိတဲ့ ကျိုက်ထီးရိုးစေတီရဲ့ စျေးဆိုင်ခန်းတွေက စွန့်ပစ်အမှိုက်တွေဟာ
တောင်ပေါ်ကနေ တောက်အောက်ခြေထိ စီးဆင်းနေတဲ့ အမှိုက်ရေတံခွန်ကြီးသဖွယ်
ဖြစ်လို့နေတာပါပဲ။

ပျမ်းမျှအားဖြင့် ကျိုက်ထီးရိုးဘုရားဟာတစ်နှစ်ကို အမှိုက်တန်ချိန် ၁,၅ဝဝ လောက်
ပုံမှန်ထွက်ရှိနေတာဖြစ်ပြီး ဘုရားဖူးရာသီကာလတွေမှာဆိုရင် တစ်နေ့ကို အနည်းဆုံး အမှိုက်
ငါးတန်လောက် ထွက်ရှိပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်က ထွက်တဲ့ အမှိုက်တွေကို
ဘုရားရင်ပြင်ကနေ နှစ်ဖာလုံလောက်သွားရတဲ့ ဆင်ကြောက်ရွာ အသွားလမ်းက ချောက်ထဲကို
စွန့်ပစ်ဖို့ သတ်မှတ်ထားပေမဲ့အမှိုက်စွန့်ပစ်ဖို့ အမှိုက်ပုံး မလုံလောက်မှု၊ စည်းကမ်း
မလိုက်နာမှုတွေကြောင့် ကျိုက်ထီးရိုးရင်ပြင်ပေါ်က စွန့်ပစ်အမှိုက်တွေဟာ
စီးဆင်းနေတဲ့ ရေတံခွန်သဖွယ် ရုပ်ဆိုးစွာ ရှိနေတာဖြစ်ပါတယ်။

''အမှိုက်နဲ့ပတ်သက်ပြီး ဘတ်ဂျက်လျာထားဖို့ အခုကစပြီး စီစဉ်နေပြီ။ ဝန်ကြီးချုပ်အသစ်နဲ့
ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီနှစ်အတွင်း မဖြစ်နိုင်သေးပေမဲ့
နောက်ပိုင်း ခရီးသွား အလာနည်းတဲ့အချိန်မျိုးမှာ လုပ်ဖြစ်မယ်''လို့ ကျိုက်ထီးရိုးဂေါပက
အဖွဲ့ဝင် ဒေါက်တာခင်ဆောင်က ပြောပါတယ်။

ကျိုက်ထီးရိုးတောင်ရှိ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ။ ဇော်ဇော်ထွေး / မြန်မာတိုင်း(မ်)

တကယ်ဆိုရင် ခရီးသွားဒေသတွေရဲ့ အမှိုက်ပြဿနာနဲ့ အမှိုက်စွန့်ပစ်မှုတွေအပေါ်
ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှု၊လျာထားစီမံကိန်း စတာတွေကို
သက်ဆိုင်ရာဝန်ကြီးဌာနတွေအပါအဝင် အစိုးရကိုယ်တိုင် အကောင်အထည်မဖော်နိုင်သေးတဲ့
အနေအထားဖြစ်ပါတယ်။

လာရောက်အပန်းဖြေမှု များပြားတဲ့ ကမ်းခြေတွေမှာဆိုရင်လည်း သင်္ကြန်ပြီးကာစ နေ့ရက်တွေမှာ
ခြေချစရာနေရာ မရှိလောက်အောင် အမှိုက်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါတွေဟာ မိမိဒေသ
ရေရှည်တည်တံ့ရေးအတွက် လေးစား တန်ဖိုးထားတတ်တဲ့စိတ်မရှိခြင်းနဲ့ လာရောက်အပန်းဖြေတဲ့
ပြည်သူတွေရဲ့ ကမ်းခြေဖြစ်တဲ့အတွက် သဲသောင်ပြင် သန့်ရှင်းရေးက အရေးကြီးတယ်ဆိုတာ
နားလည်မှု နည်းပါးတာကြောင့် ယခုလို အခြေအနေမျိုးတွေ နှစ်စဉ်ကြံုတွေ့နေရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော် ၁၉၉ဝ ပြည့်နှစ်ဝန်းကျင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းက
အခြေအနေနဲ့ နှိုင်းယှဉ်ရင် အမှိုက်နဲ့ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းမှုဟာ လျော့တိလျော့ရဲ
ဖြစ်နေတယ်လို့ ထင်မိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက
ပြောပါတယ်။

''မြန်မာနိုင်ငံမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာက နာတာရှည်ရောဂါလို ဖြစ်နေတယ်။ အထူးသဖြင့်
ပြည်တွင်းခရီးသွားတွေ။ ရေရှည်မှာ အမှိုက်များနဲ့ ခရီးစဉ်ဒေသလို့တောင် ဖြစ်လာနိုင်တယ်။
အဲဒါကြောင့် ပညာပေးအစီအစဉ်တွေ သေသေချာချာ ထင်သာမြင်သာရှိအောင် လုပ်ပေးဖို့
လိုအပ်တယ်''လို့ ၄င်းက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေ၊ ဆွေးနွေးမှုတွေ ချမှတ်လုပ်ကိုင်နေပေမဲ့
ခရီးသွားလုပ်ငန်းပေါ်က ဒေသတန်ဖိုးထိန်းသိမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စနစ်တကျ အမှိုက်စွန့်ပစ်ဖို့
အတွက်နဲ့ အမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းလုပ်ငန်းတွေအတွက် အစိုးရအနေနဲ့ ခိုင်မာတဲ့
ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကတော့ လိုအပ်နေတာ အမှန်ပါပဲ။

''စင်ကာပူနိုင်ငံလို အမှိုက်နဲ့ပတ်သက်ပြီး ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ်
ဆိုရင် ဒီပြဿနာက မြန်မြန် အကောင်အထည်ပေါ်မှာပါ။ အစိုးရပိုင်းကလည်း ပူးပေါင်းဆောင်ရွက်ဖို့
လိုပါတယ်'' လို့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

ပုဂံဒေသဟာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ
ပြည်တွင်းဘုရားဖူး ခရီးသွားတွေရဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တာဟာ ရေရှည်မှာ မြေပေါ်မြေအောက်
အမွေအနှစ်တွေကို ထိခိုက်နိုင်တယ်လို့ ယူနက်စကို အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက
ပြောပါတယ်။

''ပုဂံဒေသမှာ အမှိုက်တွေ အများကြီးပွတယ်။ ဘုရားတွေမှာဆို ပုံနေတယ်။ နံရံဆေးရေးပန်းချီတွေမှာ
ဘယ်နေ့က ရောက်ခဲ့တယ်။ ဘယ်သူ့ကို ချစ်တယ်ဆိုတာမျိုး ဂရပ်ဖက်တီတွေ ဆွဲကြတယ်။ အားလုံးက
ကိုယ့်အမွေအနှစ်ကို ချစ်တတ်မယ်ဆိုရင် ဒီလိုမျိုး မလုပ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝ ကျော်ကတည်းက
အရှေ့တောင်အာရှမှာ တစ်နေရာပဲရှိတဲ့နေရာကို ကိုယ့်ကြောင့် ပျက်စီးသွားတာမျိုး ဖြစ်သင့်လား၊
မဖြစ်သင့်ဘူးလားဆိုတာ ဥပဒေထုတ်ပြန်မှ မဟုတ်ဘူး၊ ကိုယ်တိုင်အသိတရားရှိသင့်တယ်။ အဲဒီလို
အသိတရားရှိဖို့ဆိုတာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် ပေးဖို့ လိုအပ်တယ်''လို့ ၄င်းက ပြောပါတယ်။

ပြည်တွင်းဘုရားဖူး ခရီးသွားများကြောင့်သာမကဘဲ ဒေသခံတွေ စွန့်ပစ်ထားတဲ့အမှိုက်တွေကလည်း
သက်ဆိုင်ရာဒေသအလိုက်ရှိနေပြီးသားဖြစ်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် မြို့ပတ်ရထား
လမ်းဘေးတစ်လျှောက်မှာ စည်းကမ်းမဲ့အမှိုက်တွေ ထာဝစဉ် ပြန့်ကျဲနေတာပါ။ ဒါတွေက နေရာဒေသ၊
သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးစနစ်နဲ့သာ အဓိကသက်ဆိုင်တယ်လို့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား
ဝန်ဆောင်မှုအသင်း အကြံပေး ဦးမျိုးကြီးက ပြောပါတယ်။

''ပလတ်စတစ်အိတ် မသုံးစွဲရေး ပညာပေးမှု မအောင်မြင်သေးသမျှ အမှိုက်စွန့်ပစ်တဲ့ဓလေ့က
မပျောက်နိုင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေက ပိုက်ဆံရဖို့ တစ်ခုတည်းမကြည့်ဘဲ ဒေသခံတွေကို
စနစ်တကျ အမှိုက်စွန့်ပစ်တတ်အောင် ဆင့်ကဲ အသိပညာပေးရမယ်''လို့ ဦးမျိုးကြီးက ပြောပါတယ်။

အမှိုက်စွန့်ပစ်မှုဟာ တစ်ခါတစ်ရံမှာ ကိုယ်တိုင်တစ်ဦးချင်းပါဝင်ရတဲ့ ပြည်သူတွေရဲ့အခြေအနေနဲ့လည်း
တိုက်ရိုက်သက်ဆိုင်တဲ့အခြေအနေဖြစ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ပုဂံဒေသမှာဆိုရင် နာဂါတာ
မြန်မာ (Nagata Myanmar) က လှူဒါန်းထားတဲ့ အမှိုက်ပုံး ၄ဝဝ ခန့်ရှိပေမဲ့ ၃ဝဝ ကျော်ဟာ
ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ကမ်းခြေဒေသတွေမှာဆိုရင်လည်း သဲသောင်ပြင်ပေါ်သာမက ပင်လယ်ထဲထိ
စွန့်ပစ်အမှိုက်တွေကြောင့် အပန်းဖြေသူတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းနှင့် အဓိကသက်ဆိုင်တဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနဲ့
အမှိုက်နဲ့ ပတ်သက်ပြီး အသိပညာပေးခြင်းနဲ့ လှုံ့ဆော်မှုတွေ ဆောင်ရွက်ပေးပေမဲ့ စည်းကမ်းမဲ့
အမှိုက်ပစ်တာ၊ မပစ်တာဟာ လူတွေရဲ့ အကျင့်စရိုက်နဲ့ပဲ သက်ဆိုင်တယ်လို့ ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ
ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပါတယ်။

''ဘယ်လောက်ပဲ လုပ်ပေးနေနေ အသိစိတ်နိမ့်ပါးတဲ့သူတွေက လုပ်သွားမှာပဲ။ လူတွေရဲ့ တွေးခေါ်နိုင်မှု
စွမ်းရည်နဲ့ပဲ ဆိုင်တယ်။ ဒါတွေကို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေ အတိအကျ
ထုတ်ပြန်ပြီးတော့ လုပ်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အမြစ်တွယ်နေပြီဆိုတော့
အချိန်တော့ယူရမယ်''လို့ ၄င်းက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး