အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်း ပထမအဆင့်အနေဖြင့် ကျန်းမာရေး
စောင့်ရှောက်မှု ပေးရာတွင် အခြေခံလိုအပ်ချက်များ ဖြည့်တင်းမည်ဖြစ်ပြီး မြို့နယ်အဆင့်နှင့်
အောက်ခြေရှိကျန်းမာရေးဌာနများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်စေရန်
ဆောင်ရွက်မည်ဟု အမျိုးသားကျန်းမာရေးစီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာသန့်စင်ထူးက
ပြောသည်။
''အမျိုးသားကျန်းမာရေး စီမံကိန်းမှာ လက်ရှိ ဆောင်ရွက်မှာက လူထုအတွက် လိုအပ်တဲ့
ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးနိုင်ဖို့ပါ''ဟု ၄င်းက ပြောသည်။
အမျိုးသားကျန်းမာရေးစီမံကိန်းကို နှစ်အလိုက် အကောင်အထည် ဖော်မည်ဖြစ်ပြီး
ယခုနှစ်တွင် မြို့နယ် ရဝ ၌ စတင်မည်ဖြစ်ကာ ၂ဝ၂၁ ခုနှစ်တွင် မြို့နယ်ပေါင်း ၂၈ဝ ခန့်ကို
လွှမ်းခြံုနိုင်ရန် ရည်ရွယ်ကြောင်း၊ မြို့နယ် ရဝ တွင် အကောင်အထည်ဖော်ရန် တစ်နှစ်စာ
အတွက် ငွေကျပ် ၅၅ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။
''ဝန်ဆောင်မှုတွေ မပေးခင်မှာ လိုအပ်တဲ့ အဆောက်အအုံ၊ လူအင်အားနဲ့ လိုအပ်တဲ့
ဆေးပစ္စည်းတွေ ဖြည့်တင်းဖို့လိုအပ်ပါတယ်။ ဒီလိုဖြည့်ပေးဖို့ မြို့နယ်အကုန်လုံးမှာ
တစ်ပြိုင်တည်း မနိုင်နင်းတဲ့အတွက် တစ်နှစ်ကို မြို့နယ်ရဝ လောက်နဲ့ လုပ်ပါမယ်'' ဟု
ဒေါက်တာသန့်စင်ထူးက ပြောသည်။ ''ဒီပထမနှစ်မှာ ရင်းနှီးမြှုပ်နှံမယ့် မြို့နယ်စာရင်းကို
ပြုစုနေတယ်။ လေ့လာစောင့်ကြည့်ဖို့၊ အကောင်အထည်ဖော်ဖို့ လမ်းညွှန်ချက်လည်း
ဆွဲနေတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါကျန်းမာရေး စီမံကိန်း၏ ပထမနှစ်အတွင်း ၂၅ ခုတင်ဆံ့ဆေးရုံများတွင်ဆေးပစ္စည်း
ကိရိယာ ၃၅ မျိုးဖြည့်တင်းပေးခြင်း၊ မြို့နယ်အလိုက် အရေးပေါ်လူနာတင်ယာဉ်စီစဉ်ပေးခြင်း၊
ကျေးလက်ကျန်းမာရေးဌာနခွဲများကို ဆေးနှင့်ဆေးပစ္စည်းထောက်ပ့ံခြင်း၊ ပြုပြင်ခြင်းနှင့်
အသစ်ပြန်လည် တည်ဆောက်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
''ဒီငါးနှစ်တာစီမံကိန်းက ၂၅ ခုတင်ဆံ့၊၁၆ ခုတင်ဆံ့ဆေးရုံတွေလို အခြေခံအဆင့်အထိ
ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဖြစ်ပါတယ်။ အခမဲ့ပေးမယ့် ဝန်ဆောင်မှုတွေကို
ချိန်ညှိမယ်၊ မနည်းလွန်း၊ မများလွန်အောင် ချိန်ညှိမယ်။ ပြီးရင် လူထုကို ချပြမယ်''ဟု
ဒေါက်တာသန့်စင်ထူးက ပြောသည်။
အမျိုးသားကျန်းမာရေး စီမံကိန်း (၂ဝ၁၇ - ၂ဝ၂၁) ကို အဓိကအပိုင်းလေးပိုင်းဖြစ်သည့်
နှစ်အလိုက် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် သက်ဆိုင်သောစီမံကိန်း၊
လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံကိန်းများဖြင့်
အကောင်အထည်ဖော်မည်ဖြစ်သည်။
ကျန်းမာရေးဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမီစေရန် ကျန်းမာရေး စောင့်ရှောက်မှု
ပေးနေသည့် ဒေသခံအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောသည်။
''ဌာနတစ်ခုတည်းနဲ့ လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိနေတယ်။ လက်လှမ်းမမီတဲ့
ဒေသတွေမှာက ဒေသခံအဖွဲ့အစည်းတွေပဲရှိမှာလေ။ သူတို့တွေက လူထုနဲ့လည်းထိတွေ့နေ
တာဖြစ်တယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို
လူထုအထိရောက်အောင်ပို့နိုင်တယ်။ တကယ် ရောက်လားဆိုတာ ဆန်းစစ်တာတွေလည်း
လုပ်နိုင်တယ် ''ဟု ၄င်းက ပြောသည်။
လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစနစ်တစ်ခုဖြစ်လာစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပါဝင်ကူညီရန်
ဆွေးနွေးပွဲများတွင် သဘောတူခဲ့ကြောင်း ဒေါက်တင်သန်းမြင့်က ပြောသည်။
''ဌာနကလည်း ပူးပေါင်းလာပါတယ်။ ကျွန်တော်တို့ကလည်း ပူးပေါင်းဆောင်ရွက်လိုကြပါတယ်။
ဒီလို အစိုးရက ပူးပေါင်းဆောင်ရွက်လာတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေကလည်း ကျန်းမာရေးနဲ့
ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ရှိလာဖို့လိုပါတယ်။ ဌာနဘက်ကလည်း အသိပညာပေးတာ၊
သင်တန်းပေးတာတွေ ဆောင်ရွက်ပေးဖို့လည်း လိုပါတယ်''ဟု ၄င်းက ပြောသည်။















