တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ
အဆောက်အအုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိလာပြီးနောက် ပြန်လည်
တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အစိုးရအဖွဲ့၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားသမဂ္ဂတွေကြား
သဘောထားကွဲလွဲမှုကြောင့် အကောင်အထည်မဖော်နိုင်ပဲ ရှိနေပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးအဖွဲ့ အပါအဝင်၊ အမျိုးသားဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေ၊
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတွေနဲ့ မျိုးဆက်သစ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကျောင်းသားတွေ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုအပြီးမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး
ဗဟိုကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် အဖွဲ့ဝင် ၂၁ ဦးပါ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီကို
ဖွဲ့စည်းခဲ့ပါတယ်။
လုပ်ငန်းဖြစ်မြောက်ရေး ၂၁ ဦး ကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်မှာ ဗဟိုကော်မတီဖွဲ့စည်းနိုင်ဖို့
ကျောင်းသားမျိုးဆက်အသီးသီးပါ၀င်တဲ့ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပါတယ်။
အစည်းအဝေးမတိုင်မီ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး
ကျောင်းသားမျိုးဆက်တွေကြား မူလနေရာတွင် အဆောက်အအုံ ပြန်လည်တည်ဆောက်ဖို့နဲ့
မတည်ဆောက်ဖို့ သဘောထား နှစ်ရပ်ကွဲလွဲခဲ့ပါတယ်။
ထို အတောအတွင်းမှာပဲ ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာမှာ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ယာယီရှင်းလင်းဆောင် ဆောက်လုပ်ခဲ့တဲ့အတွက် ကျောင်းသားထုရဲ့
သမဂ္ဂမြက်ခင်းပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံကို မူလနေရာမှာ ပြန်လည်တည်ဆောက်ခြင်း မပြုဖို့နဲ့ ထိုနေရာကို
အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရားမှုရဲ့ သမိုင်းဝင်နေရာအဖြစ် အထိမ်းအမှတ်
ကျောက်တိုင် စိုက်ထူသတ်မှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဗဟိုလုပ်ငန်းကော်မတီက ဖေဖော်ဝါရီ ၁၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
"သမဂ္ဂမြက်ခင်းပြင်ဆိုတာ စစ်အာဏရှင်က ဒီမိုကရေစီလှုပ်ရှားမှုမှာ ကျောင်းသားထုအပေါ်
ကျူးလွန်ခဲ့တဲ့ အမှားတစ်ခုပါပဲ။ သမိုင်းဆိုတာ ချန်ထားလို့ မရဘူး။ ဘယ်တော့မှလည်း မသေဘူး" လို့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဗဟိုလုပ်ငန်း ကော်မတီဝင်
ကိုအောင်ထက်အောင်က ပြောပါတယ်။
သဘောထားကွဲလွဲမှုတွေကြောင့် ဖွဲ့စည်းဖို့ စီစဉ်ထားခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ
ပြန်လည်တည်ဆောက်ရေး ဗဟိုကော်မတီကို ဖေဖော်ဝါရီ ၂၈ ရက်အစည်းအဝေးမှာ ဖွဲ့စည်းနိုင်ခဲ့ခြင်း
မရှိဘဲ ကော်မတီ ဖွဲ့စည်းဖို့ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပါတယ်။
လက်ရှိအခြအနေမှာ ကျောင်းသားသမဂ္ဂများ တရားဝင် လွတ်လပ်စွာ ရပ်တည်ခွင့် ရရှိမှသာ
ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂက အစည်းအဝေးမှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
"အဆောက်အအုံပြန်လည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ကန့်ကွက်နေတာ မဟုတ်ဘူး။ သမဂ္ဂတွေ
လွတ်လပ်စွာ ရှင်သန်ရပ်ခွင့်ပေးရမယ်ဆိုတာကို တောင်းဆိုနေတာဖြစ်တယ်။ အဆောက်အအုံ
မဆောက်ခင် အနှစ်သာရဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်၊ ရှင်သန်ခွင့်ကို
အရင် ပေးရမယ်" လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမင်းဆက်ပိုင် က
ပြောပါတယ်။
သမဂ္ဂအဆောက်အအုံကို မူလနေရာတွင် ပြန်လည်တည်ဆောက်မှသာ သမိုင်းတန်ဖိုးအရ
ဆက်စပ်မှုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး၊ မူလနေရာတွင် ပြန်လည်မတည်ဆောက်တာဟာ
ကျောင်းသားသမဂ္ဂအဆောက်အအုံကို တက္ကသိုလ်ပရဝဏ်အတွင်း မရှိစေချင်တဲ့ အာဏာရှင်ရဲ့
သဘောကို လိုက်လျောသလိုဖြစ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောပါတယ်။
"ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းမှာ ဘယ် အစိုးရလက်ထက်မှာမှ လုပ်ပိုင်ခွင့်ကို လက်ဖြန့်
တောင်းခံတာမျိုး မရှိဘူး။ အခုလိုမျိုး လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့် ပေးပါဆိုတာမျိုး
တောင်းဆိုတာကို လက်မခံနိုင်ဘူး" ၎င်းက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရာမှာ အဆောက်အအုံ တည်ဆောက်ရေး
တစ်ခုတည်းကိုသာ မစဉ်းစားသင့်ဘဲ ထိုအချိန်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အမှန်တရား
အတွက်လည်း မဖြစ်မနေစဉ်းစားသင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
အဖွဲ့ ၀င်ဟောင်း မဖြိုးဖြိုးအောင်က ပြောပါတယ်။
"ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေရဲ့ စာရင်းဇယားတွေ၊ အဖြစ်အပျက်မှာ ဘယ်သူ့တာဝန်ရှိသလဲဆိုတာ တကယ်ထိထိရောက်ရောက် ကော်မတီ၊ ကော်မရှင်တွေဖွဲ့ပြီး အမှန်တရား ပြန်လည်ဖော်ထုတ်မှုတွေ
မဖြစ်မနေ လုပ်ကို လုပ်သင့်တယ်။ အဆောက်အအုံ တည်ဆောက်ရုံ အထိမ်းအမှတ်ကျောက်တိုင်
ပေါ်ပေါက်ရုံ နဲ့တော့ ပြဿနာကြီးတစ်ခုလုံး ပြေလည်သွားလိမ့်မယ်လို့ ကျွန်မမယူဆပါဘူး" လို့
၎င်းက ပြောပါတယ်။
သမဂ္ဂတွေရဲ့ ရပ်တည်ရေးကို အာမခံချက် ပေးနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးမှသာ
သမဂ္ဂအဆောက်အအုံကို အသုံးပြုမှုနဲ့ စီမံခန့်ခွဲမှုကိစ္စရပ်တွေက ရှင်းလင်းမှာဖြစ်တယ်လို့
မဖြိုးဖြိုးအောင်က ဆိုပါတယ်။
ကျောင်းသားလှုပ်ရှားမှုကို ဒီမိုကရေစီအစိုးရက ခွင့်ပြုပေးထားပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှား ခွင့်မရှိသေးတာမို့ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်
တောင်းဆိုမှုနဲ့အတူ သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကို အမိအရ
ဆုပ်ကိုင်နိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းနိုင်ဖို့ လိုအပ်တယ်လို့ ရ၄-၇၅-၇၆ ကျောင်းသားမျိုးဆက်
ခေါင်းဆောင်ဟောင်း ဦးကျော်အောင်က ပြောပါတယ်။
"အာဏာရပါတီက မှန်မှန်ကန်ကန် တာဝန်ခံမှုရှိတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားခွင့်ကို
ထောက်ခံတဲ့ ပေါ်လစီကို အရင်ချမှတ်ပေးနိုင်ဖို့လိုတယ်။ အဲဒီလိုမျိုးရှိလာမယ်ဆိုရင် ပြည်သူတွေ
မျှော်လင့်နေတဲ့ သမဂ္ဂအဆောက်အအုံဆိုတာ ပေါ်လာမှာပဲ"လို့ ဗကသ အထွေထွေတာဝန်ခံအဖြစ်
ဆောင်ရွက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးသက်ထွန်းက ပြောပါတယ်။
ကျောင်းသားသမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့် မရရှိသေးသရွှေ့ကျောင်းသားတွေရဲ့ လှုပ်ရှားမှုဟာ
မြေအောက်လှုပ်ရှားမှုပုံစံ ဖြစ်နေမှာဖြစ်ပြီး သမဂ္ဂတွေကို တရားဝင်ရပ်တည်ခွင့်ပေးဖို့ လိုအပ်တယ်လို့
၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအပါအဝင် ကော်မတီဖွဲ့စည်းဖို့
ကိစ္စရပ်များအတွက် ဆောင်ရွက်မှု အခြေအနေဟာ ကျေနပ်စရာ မရှိသေးဘဲ၊ သမဂ္ဂတွေလွတ်လပ်စွာ
ရပ်တည်လှုပ်ရှားခွင့်ဟာ အစိုးရကို တင်ပြရမယ့် ကိစ္စသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ဗဟိုလုပ်ငန်းကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"သမဂ္ဂ အဆောက်အအုံသစ် ပြန်လည်ဆောက်လုပ်ရေး ကော်မတီမဖွဲ့နိုင်တာက
ကျောင်းသားအုပ်စုတွေ ပြောနေတာက တစ်ပြည်လုံးသမဂ္ဂတွေဖွဲ့ပြီးရင် သူတို့ပါမယ်။ အဲဒီတော့
မဖွဲ့ရသေးရင် မပါဘူးပေါ့။ တစ်ပြည်လုံး သမဂ္ဂတွေဖွဲ့ဖို့ဆိုတာ ဘယ်အခြေအနေရှိလဲဆိုတာ
ကျွန်တော်လည်း မသိဘူး။ အစိုးရလည်း မဟုတ်တဲ့အတွက်။ အစိုးရကို ပြောရမယ့်ဟာကို
ကျွန်တော်တို့ကို လာပြောနေတယ်" လို့ ၎င်းက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်မယ့်အပေါ် အဆောက်အအုံ
တည်နေရာအတွက်သာမက၊ အဆောက်အအုံဒီဇိုင်း၊ တည်ဆောက်ရေး ရန်ပုံငွေကြေးတွေနဲ့
ပတ်သက်ပြီးလည်း ကျောင်းသားမျိုးဆက်တွေအကြား သဘောထားအမျိုးမျိုးကွဲလွဲနေပါတယ်။
သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းနိုင်ဖို့ တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းဖို့အတွက်လည်း
ဘယ် အချိန်မှာစတင်နိုင်မယ်ဆိုတာ အတည်မပြုနိုင်သေးတာမို့ သမဂ္ဂအဆောက်အအုံ
တည်ဆောက်ရေးဟာ လက်ရှိအချိန်မှာ ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေမှာ ရပ်တန့်နေပါတယ်။
"ကော်မတီကို အရင်ဖွဲ့ပြီးတော့ ဘယ်နေရာမှာ ဘယ်လိုတည်ဆောက်မလဲဆိုတာကို
ဆုံးဖြတ်သင့်တယ်။ တစ်ချိန်တည်းမှာပဲ သမဂ္ဂရဲ့ လှုပ်ရှားမှုအတွက်လည်း တောင်းဆိုသင့်တယ်၊
ဒါပေမဲ့ လွတ်လပ်စွာလှုပ်ရှားခွင့်ရမှ လုပ်မယ်ဆိုတာမျိုး တရားသေကြီး ဆုပ်ကိုင် မထားစေချင်ဘူး။
လွတ်လပ်စွာလှုပ်ရှားခွင့် ဆိုတာကလည်း လိုတယ်၊ အဲဒါကိုလည်း ပေးရမှာဖြစ်သလို
တစ်ဖက်မှာလည်း ပြန်လည် တည်ဆောက်ရေးကို လုံးပန်းရမှာဖြစ်တယ်" လို့
ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကျော်အောင်က ပြောပါတယ်။
















