၅၀၀ တန် ထီလက်မှတ်အသစ်နဲ့ သိန်းတစ်သောင်း မျှော်လင့်ချက်

၅၀၀ တန် ထီလက်မှတ်အသစ်နဲ့ သိန်းတစ်သောင်း မျှော်လင့်ချက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အောင်ဘာလေထီဆု ချီးမြှင့်ငွေပမာဏကို တိုးမြှင့်
သတ်မှတ်လိုက်တဲ့အတွက် မတ်လ ၁ ရက်ကစပြီး လူထုကြားမှာ "ကျပ်သိန်းတစ်သောင်း၊
ကျပ်သိန်းတစ်သောင်းတောင်" ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူဌေးအိပ်မက်တွေ မက်နေကြပြီဖြစ်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထီကိုယ်စားလှယ်များမှတစ်ဆင့်
ပြည်သူတွေဆီကို အမြင့်ဆုံး ကျပ်သိန်း တစ်သောင်း ကံထူးနိုင်မယ့် (၁)ကြိမ်မြောက် ကျပ် ၅၀၀ တန်
ထီလက်မှတ်တွေကို မတ် ၁ ရက်ကစပြီး ရောင်းချပေးခဲ့ပါတယ်။

ရရှိနိုင်မယ့် ဆုကြေးကြောင့် စိတ်ဝင်စားမှု အလွန်မြင့်တက်နေပြီး ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မယ့်
ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် စတင်ရောင်းချတဲ့နေ့မှာပင် ၀ယ်ယူသူ အများအပြားရှိပြီး၊
တစ်ပတ်အတွင်း အရောင်းနှုန်းက အရင်ကာလများက ရောင်းရတာထက် ပိုမိုမြင့်မားခဲ့တယ်ဟု
ထီအရောင်း ကိုယ်စားလှယ်များက ပြောပါတယ်။

"အခုဆိုရင် ထီထိုးသူတွေက ကျပ်သိန်း တစ်သောင်းတန် ထီလက်မှတ် ရောက်ပြီလားဆိုပြီးပဲ
မေးဝယ်ကြတယ်။ အရင်တုန်းကလည်း ရောင်းရပေမဲ့၊ အခုလဆန်းပဲ ရှိသေးပေမဲ့ ပိုရောင်းရတယ်။
အရင်၂၀၀ တန် ထီလက်မှတ်တုန်းကတော့ လဆန်ပိုင်းတွေမှာ ဒီလောက်ထိ မရောင်းရဘူး။
၅၀၀ တန်ကျတော့၊ လူတွေက တော်တော်လေး စိတ်ဝင်စားမှုများတော့ လဆန်းပိုင်းမှာတင်ကို
တော်တော်လေး ရောင်းရတယ်။ အခုဆိုင်မှာ ထီလက်မှတ် ပြတ်သွားတဲ့ အထိပဲ"လို့
ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ မိုယံရွှေလမင်း၊ မြတ်ဆုကဋေ ထီဆိုင်မှ
အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျပ် ၅၀၀ တန်ထီအတွက် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀,၀၀၀၊ ကျပ်သိန်း ၅,၀၀၀ နှင့်
ကျပ်သိန်း ၁,၀၀၀ ဆုများ ပါ၀င်မည်ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅၀,၀၀၀ ဖြစ်ပါတယ်။

ကျပ် ၂၀၀ တန် အောင်ဘာလေထီစနစ်မှာ အမြင့်ဆုံးဆု ကျပ်သိန်း ၁,၅၀၀ နဲ့ ကျပ် တစ်သိန်း
ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှာ ဖွင့်လှစ်မယ့် (၁)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ
ထီလက်မှတ်အတွက် ရောင်းချရန် ကိုယ်စားလှယ်စုစုပေါင်း ၂,၃၀၀ ကျော် ၂,၃၁၉ ဦးကို
ထီစာအုပ်ပေါင်း သုံးသန်းခန့်၊ ထီလက်မှတ်စောင်ရေ သန်း ၃၀ ကျော် ဖြန့်ဝေထားပါတယ်။

မတ် ၃ ရက် အထိ အက္ခရာအရေအတွက် ၃၅ လုံးကျော်၊ ထီစာအုပ်ပေါင်း သုံးသန်းနီးပါးနဲ့
ထီစောင်ရေပေါင်း ၃၁ သန်း ကျော် ရောင်းချပြီးဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊
အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားပါတယ်။

(၁)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်တွေအတွက် အက္ခရာအရေအတွက်
၅၂ လုံး ထီစာအုပ်ပေါင်း လေး သန်းကျော်၊ ထီစောင်ရေအားဖြင့် ၄၇ သန်း နီးပါး ထုတ်ဝေထားပါတယ်။

"က" အက္ခရာမှ "သ" အက္ခရာအထိ အက္ခရာ ၃၀ လုံး၊ အရန်ထီ အဖြစ် "ဟ" အက္ခရာနှင့်
"ဠ" အက္ခရာ ("အ" အက္ခရာမပါ၀င်) အက္ခရာနှစ်လုံးအပါအဝင် အရန်ထီ "ကက" အက္ခရာမှ
စပြီးရောင်းချပေးသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားပါတယ်။

ဆုကြေး တိုးမြှင့်မှုကြောင့် ထီဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အက္ခရာ ၅၂ လုံးဖြစ်ရတာက အရင်က ပုံမှန်ထီအက္ခရာ ၂၇ လုံး၊ အရန်ထီအက္ခရာ ငါးလုံး၊
စုစုပေါင်း အက္ခရာ ၃၂ လုံးရိုက်နှိပ်ခဲ့ရာမှ အခုအခါ ပုံမှန်အက္ခရာ ငါးလုံးနှင့် အရန်ထီအက္ခရာ ၁၅ လုံး
တိုးမြှင့်ထားတာကြောင့်ဖြစ်ပါတယ်။

အောင်ဘာလေသိန်းဆု ဌာနက စုစုပေါင်းအက္ခရာ ၅၂ လုံးမှာ ကိုယ်စားလှယ် ခွဲဝေရောင်းချမယ့်
သူတွေကို အက္ခရာအလုံးရေ ၃၀ အချိုးကျ ခွဲဝေရောင်းချ တာဖြစ်ပြီး အက္ခရာ ၂၂ လုံးကို
အရန်ထီအဖြစ် ထားရှိတာဖြစ်ပါတယ်။

၀ယ်လိုအားများလာတဲ့အခါ ဈေးကွက်ကို ထိန်းညှိဖို့အတွက် အရန်ထီ ထုတ်ရောင်းခြင်းဖြစ်တယ်လို့
အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

"ပထမအကြိမ်မှာ အက္ခရာအလုံး ၃၀ ထုတ်တယ်၊ အခုအဲဒါမလုံလောက်တဲ့အတွက်
၀ယ်ယူရောင်းချသူတွေက နောက်ထပ်မှာတဲ့အတွက် အခုအက္ခရာ ငါးလုံးအပြင် ခြောက်လုံးပါ
ရောင်းချနရပြီ။ ဈေးကွက်မှာ ထီဝယ်လိုအား များလာပြီး ထီဈေးတွေ ကြီးမြင့်လာတဲ့အခါ
ဈေးထိန်းညှိပေးဖို့အတွက် အရန်ထီကို ရောင်းချခြင်းဖြစ်ပါတယ်။ အရန်ထီမှာ အကြိမ်အရေအတွက်
မပါပါဘူး။ ထုတ်ဝေတဲ့ ပုံစံတွေကို ပြည်သူသိရှိအောင် ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက
သတင်းစာတွေ၊ ဂျာနယ်တွေမှာ ကြေညာထားပါတယ်။ တကယ်တော့ အရန်ထီ ဆိုတာလည်း
တခြားအက္ခရာတွေနဲ့အတူ ထည့်ပြီးတော့ နှိုက်တာဖြစ်လို့ ပေါက်နိုင်ခြေ ရာခိုင်နှုန်းက အတူတူပါပဲ"လို့
သူက ဆိုပါတယ်။

လက်ရှိရောင်းချနေတဲ့ ကျပ် ၅၀၀ တန် ထီလက်မှတ် ၁၀ စောင်တစ်အုပ်ကို ကျပ် ၅,၀၀၀ နှုန်းနဲ့
ကိုယ်စားလှယ်တွေကို ရောင်းချပေးနေကာ အမြတ်ငွေအတွက် တစ်စောင်ပိုပေးတဲ့စနစ်ကို
ကျင့်သုံးနေပြီး၊ ၁၀ စောင် တစ်အုပ်ဝယ်ယူရင် ၁၁ စောင်ပေးထားတယ်လို့ သိရပါတယ်။

"ထီအရောင်းကိုယ်စားလှယ်တွေ အကျိုးအမြတ်အတွက် တစ်စောင်ပေးထားတာပါ။ ရာခိုင်နှုန်းနဲ့
တွက်ကြည့်ရင်တော့ ၉ ဒသမ ၁ ရာခိုင်နှုန်း အကျိုးအမြတ်ပေးထားပါတယ်"ဟု ဦးထွန်းထွန်းအောင်က
ပြောပါတယ်။

ယခင် ထုတ်ဝေနေတဲ့ ၂၀၀ တန် ထီလက်မှတ်စနစ်ကို အခုချိန်မှာ ဆက်လက်ထုတ်ဝေ ရောင်းချနေပြီး
ဇွန် ၁ ရက်မှာ စတင်ဖျက်သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။

"အခုတော့ ၂၀၀ ထီလက်မှတ်ရော၊ ၅၀၀ တန်ထီလက်မှတ်ရော ထုတ်နေပါတယ်။ ၂၀၀ တန်က
သုံးလပဲ ရောင်းပြီးတော့ ကျွန်တော်တို့ ဖျက်သိမ်းသွားမှာပါ။ ထီစနစ်နှစ်မျိုး ဖြစ်နေတော့ အများပြည်သူ
ထိုးရတာလည်း မျက်စိရှုပ်မယ်။ ထီဖွင့်ရမှာကလည်း နှစ်ကြိမ်၊ နှစ်ခါ ဖွင့်ဖွင့် နေရမှာဖြစ်တော့
ဖျက်သိမ်းမှာပါ"လို့ ဦးထွန်းထွန်းအောင်က ပြောပါတယ်။

စနစ်သစ်နဲ့ ထုတ်ဝေတဲ့ ကျပ် ၅၀၀ တန် ထီလက်မှတ်တွေကို ထီအရောင်းဆိုင်တွေက
သတ်မှတ်ဈေးနှုန်းဖြစ်တဲ့ တစ်စောင် ကျပ် ၅၀၀ နှုန်းအတိုင်းသာ ရောင်းချရမှာဖြစ်ပါတယ်။

သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချ ပါက အမည်ပျက်စာရင်း သတ်မှတ်ပြီး လစဉ် ထီစာအုပ်ဝယ်ယူခွင့်
ရုပ်သိမ်းခြင်း၊ ပေးသွင်းထားတဲ့ အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမယ်လို့
အောင်ဘာလေ သိန်းဆုဌာနခွဲက သတိပေးကြေညာထားတယ်။

ထီဈေးကွက်ရဲ့ သဘောမှာ ပွင့်လင်းရာသီတွင် ဈေးမြင့်တက်တတ်ပြီး၊ လဆန်းပိုင်းမှာ ရောင်းချတဲ့
ဈေးထက် လကုန်ပိုင်းမှာ ပိုမိုမြင့်တက်တတ်တဲ့ သဘောရှိကြောင်း ထီအရောင်း ကိုယ်စားလှယ်တွေက
ပြောပါတယ်။

သိန်း ၁,၅၀၀ အမြင့်ဆုံးဆုပေးတဲ့ ကျပ်၂၀၀ တန်ထီလက်မှတ်တွေကို ထီဆိုင်တွေက ဂဏန်းအလှ၊
အက္ခရာအလှရွေးထုတ်ပြီး သတ်မှတ်ဈေးနှုန်း ထက် ဈေးတင်ရောင်းတတ်ပါတယ်။

ကျပ် ၅၀၀ တန် ထီလက်မှတ်များကို တစ်စောင်ချင်း ရောင်းချခြင်း မရှိပေ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

"၂၀၀ တန်ထီလက်မှတ်တုန်းကတော့ ၃၀၀၊ ၃၅၀ ဆိုပြီးတော့ ဈေးပိုပေးရတာတွေ ရှိခဲ့တာတော့
ကျွန်တော်တို့ ၀န်ခံပါတယ်။ ဆိုင် ၁၀၀ မှာ ၉၀ ကျော်လောက်က အဲဒီလိုအမြတ်တင်ပြီးတော့
ရောင်းကြတာ။ အခု ၅၀၀ တန် ထီလက်မှတ်မှာတော့ ၅၀၀ နဲ့ပဲ ရောင်းတဲ့ဆိုင်တွေက
၈၀ ရာခိုင်နှုန်းရှိနေပါတယ်။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ဈေးပိုရောင်းချ နေကြတာပါ။ ပြုပြင်ပြောင်းလဲရေး
လုပ်နေတဲ့ ကာလမှာတော့ မတော်လောဘ ရှိတဲ့ သူတွေကလည်း အနည်းအကျဉ်းကတော့
ရှိနေကြအုံးမှာပဲ။ ကျွန်တော်တို့ အချိန်တစ်ခု တော့ စောင့်ရပါမယ်"လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ
တာဝန်ရှိတစ်ဦးက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှ ထီဝါသနာရှင် ကိုစိုင်းနောင်က "လက်ရှိ ၅၀၀ တန် ထီလက်မှတ်
အသစ်ကိုတော့ ပင်ရင်းဆိုင်တွေကပဲ ၅၀၀ နှုန်းနဲ့ ရောင်းကြတယ်။ ဒါပေမဲ့ တစ်စောင်တည်း
ရောင်းတာ အရမ်းရှားတယ်။ အနည်းဆုံး သုံးစောင်တွဲ၊ ၁၀ စောင်တွဲ ၀ယ်ရတာတွေရှိတယ်။
နံပါတ်အလှစီထားပြီးတော့ ၁၀ စောင်ကို ကျပ် ၆,၅၀၀ နဲ့ ရောင်းနေတဲ့ ပင်ရင်းထီဆိုင်တွေရှိတယ်"လို့
ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ထီးလှည့် လည်ရောင်းချသူ ဆိုင်ကယ်ထီးလှည်းသမား တစ်ဦးကတော့
"ကျွန်တော်တို့ ကိုယ်စားလှယ်ဆီက ယူရတဲ့ ဈေးကိုက ကျပ် ၅၀၀ ကျော်နေတော့ ပြန်ရောင်းတဲ့အခါမှာ
ဘယ်လိုမှ တစ်စောင်ကို ကျပ် ၅၀၀ နဲ့ မရောင်းနိုင်ပါဘူး။ ဒါတောင် ဆိုင်ကယ်ဆီဖိုး မကာမိပါ ဘူး"လို့
ညည်းတွားပါတယ်။

အခုသီတင်းပတ်အတွင်းမှာ ကျပ် ၅၀၀ တန်ထီကို ဈေးတင်ရောင်းချတာကြောင့် တိုင်ကြားခံထားရသူ
၁၀ ဦးခန့်ရှိပြီလို့ အောင်ဘာလေသိန်းဆုဌာနခွဲက သိရပါတယ်။

"ဒါပေမဲ့ ဌာနနဲ့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူသူ မဟုတ်ဘဲ၊ လက်လီရောင်းတဲ့ တစ်ပိုင်တစ်နိုင်
သမားတွေဖြစ်တာကြောင့် အရေးယူတဲ့ ပုံစံလုပ်လို့ မရဘူး။ ဒါကြောင့်ဖြစ်နိုင်ရင်တော့
ကျွန်တော်တို့ဆီမှာ တိုက်ရိုက် လာဝယ်စေချင်ပါတယ်။ အဲဒီကနေမှ ပြန်ရောင်းရင်တော့
သူတို့အဆင်ပြေသွားမှာပါ။ အဲဒါလေးတွေကို စည်းရုံးပြီးတော့ လုပ်ဆောင်သွားမှာပါ"ဟု
ဦးထွန်းထွန်းအောင်က ပြောပါတယ်။

လက်ရှိမှာ ကျပ် ၅၀၀ တန်ထီလက်မှတ်ရဲ့ ဆုကြေးစနစ်က အရင်ကထက် ခုနစ်ဆနီးပါး
မြင့်မားတာကြောင့် ထီဈေးကွက်မှာ လှုပ်လှုပ် ရှားရှားဖြစ်လာပါတယ်။

အရင်က ထီမထိုးခဲ့ဖူးသူတွေပါ စိတ်ပါ၀င်စားလာတာ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာ
ရရှိမှုမှာလည်း တိုးလာမှာဖြစ်ပါတယ်။

"ထီကရတဲ့အခွန်ငွေကတော့ နှစ်စဉ်တိုးလာပါတယ်။ နှစ်စဉ် ကျပ် ၃၀ ဘီလျံဝန်းကျင်
ကောက်ခံရရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုရင် ၃၄ ဘီလျံကျော်ကောက်ခံရရှိပါတယ်။
အခု ထီလက်မှတ်အသစ် ကျပ် ၅၀၀ တန်နဲ့ ပတ်သက်ပြီးတော့လည်း အခွန်ကို တိုးမယ်လို့
မျှော်လင့်ထားပါတယ်"လို့ ဦးထွန်းထွန်းအောင် က ပြောပါတယ်။

ထီထိုးသူ များလာသော်လည်း မတတ်နိုင်သူတွေအတွက်တော့ ကျပ် သိန်းတစ်သောင်းတန်
မျှော်လင့်ချက်တောင် မျှော်လင့်ခွင့် မရှိဘူးလို့ ထီဝါသနာရှင် ဦးသိန်းတန်က ပြောပါတယ်။

"ရှိတဲ့သူအတွက်တော့ ကောင်းတာပေါ့။ မရှိတဲ့သူအတွက်ကတော့ ကျပ် ၅၀၀ ဆိုတာ နည်းလား။
တစ်စောင်ချည်းရောင်းတယ်ဆိုတာ ရှားတယ်လေ။ သိန်း တစ်သောင်းတန် မျှော်လင့်ချက်ဆိုတာ
ထီလက်မှတ် ၀ယ်နိုင်သူအတွက်ပါ" လို့ ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး