ယခုနှစ် သင်္ကြန်ကာလရုံးပိတ်ရက် ၁၀ ရက်ရှိရာမှ ၅ ရက်အထိ လျှော့ချရန် အစိုးရကစီစဉ်နေပြီး
၀န်ကြီးဌာနများနှင့် ညှိနှိုင်းပြီးပါက အများပြည်သူသို့ ကြေညာပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး၏
ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာတိုင်း(မ်)ကို မတ်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။
သင်္ကြန်ကာလရုံးပိတ်ရက်များပြားခြင်းကြောင့် ၀န်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို
မည်မျှထိခိုက်နိုင်မည်နှင့် ရုံးပိတ်ရက်လျှော့ချပါက လုပ်ငန်းဆောင်ရွက်မှုများ မည်မျှတိုးတက်နိုင်မည်
တို့ကို ၀န်ကြီးဌာနများနှင့် ညှိနှိုင်းနေခြင်းဖြစ်ကြောင်းနှင့် သင်္ကြန်မတိုင်မီ အမြန်ဆုံး
ကြေညာပေးသွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။
"ရုံးပိတ်ရက်လျှော့ဖို့ စီစဉ်နေပါတယ်။ တကယ်လို့ လျှော့လိုက်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ
အစရှိတာတွေကို သုံးသပ်နေကြပါတယ်"ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့ပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌
စီးပွားဖြစ်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်းကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ကန်တော်ကြီးနှင့်
အင်းလျားကန်တို့မှ ရေများကိုလည်း ထုတ်ယူသုံးစွဲခွင့် ပိတ်ပင်ခဲ့ပြီး ယခုနှစ်အထိ ယင်းအတိုင်း
ဆက်လက်ဆောင်ရွက်မည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
ယခုနှစ်အတွက် ထုတ်ဝေထားသည့် ပြက္ခဒိန်များအရ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ကို် ဧပြီ ၁၂ ရက်မှ
၂၁ ရက်အထိ သတ်မှတ်ထားသည်။















