တောင်ကိုရီးယားနိုင်ငံ ကမ်းနီးငါးဖမ်းသင်္ဘောလုပ်ငန်းများတွင် ငါးဖမ်းရေလုပ်သားလိုအပ်ချက်
ရှိနေခြင်းကြောင့် မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ရွှေ့ပြောင်းသွားလာရေးဌာနမှ
ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ယမန်နေ့တွင် ပြောသည်။
''အိမ်နီးချင်းနိုင်ငံတွေမှာ တရားမဝင် သွားရောက်လုပ်နေတာ တွေ့နေရတော့ ကိုရီးယားဆိုရင်
လုပ်ခလစာလည်း ကောင်းတယ်။ ဒါကြောင့် တရားဝင်လေ့ကျင့်ပေးပြီး စနစ်တကျ စေလွှတ်နိုင်ဖို့
စိစစ်ဆောင်ရွက်နေပါတယ်''ဟု ၄င်းက ပြောသည်။
ကိုရီးယားနိုင်ငံ ကမ်းနီးငါးဖမ်းသင်္ဘောလုပ်ငန်း ကုမ္ပဏီများတွင် ရေလုပ်သမားလိုအပ်ချက်များ
ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသို့ ကမ်းလှမ်းမှုများလည်းရှိနေပြီး၊ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့
ရေလုပ်သား တရားဝင်စေလွှတ်ခြင်း မရှိသေးသည့်အတွက် ကိုရီးယားနိုင်ငံသို့ စေလွှတ်နိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်သည် ဦးသိန်းဝင်းက ပြောသည်။
''တရားမဝင်သွားနေတဲ့သူတွေကို ကျွန်တော်တို့ တရားဝင်လမ်းကြောင်းတွေ ဖွင့်ပေးမလို့ပါ''ဟု
၄င်းက ပြောသည်။
လက်ရှိတွင် ရေလုပ်သားစေလွှတ်ရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်အခြေအနေများ၊
ရေလုပ်သားများ နေထိုင်စားသောက်ရမည့် အခြေအနေများနှင့် အလုပ်သမားရေးရာ ကာကွယ်
စောင့်ရှောက်မှုပေးမည့် အစီအစဉ်များကို စိစစ်နေပြီး၊ ကိုရီးယားနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး
တက်ရေးဝန်ဆောင်မှုအဖွဲ့ (HRD KOREA) ထံ ရေလုပ်သားများ စေလွှတ်ရန် သင့်၊ မသင့်
သဘောထားမှတ်ချက် တောင်းခံထားသည်ဟု ဆိုသည်။
လုပ်ငန်းခွင် လိုအပ်ချက်အခြေအနေများ စိစစ်ပြီးပါက၊ အလုပ်ခေါ်မည့် ရေလုပ်ငန်းကုမ္ပဏီများ၊
ကိုရီးယားအလုပ်သမားဝန်ကြီးဌာနတို့ဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏
သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ ခွင့်ပြုချက်တောင်းခံပြီး ရေလုပ်သားများ စေလွှတ်သွားမည်ဟု
ဦးသိန်းဝင်းက ပြောသည်။
ကိုရီးယားနိုင်ငံသို့ ရေလုပ်သားများကို E 10 ဗီဇာဖြင့် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်
ကုမ္ပဏီများမှ တစ်ဆင့်ပို့ဆောင်မည်ဖြစ်ကာ၊ နှစ်နိုင်ငံအစိုးရများက စိစစ်ကြပ်မတ်မှုများ
ဆောင်ရွက်မည်ဖြစ်သည်။ ယခုရေလုပ်သမားစေလွှတ်မည့်လုပ်ငန်းစဉ်မှာ E 9 ဗီဇာဖြင့်
အလုပ်သမားများစေလွှတ်လျက်ရှိသည့် နှစ်နိုင်ငံနားလည်မှုစာချုပ် (အမ်အိုယူ)နှင့် အကျုံးဝင်ခြင်း
မရှိသည့် သီးခြားစေလွှတ်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု ဦးသိန်းဝင်းက ပြောသည်။
ကိုရီးယား ငါးဖမ်းသင်္ဘောများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် ရေလုပ်သားများသည်
တစ်လလျှင် အမေရိကန်ဒေါ်လာ ၁,ဝဝဝ ကျော် ရရှိမည်ဟု ၄င်းက ပြောသည်။
ပြည်ပသို့ထွက်ခွာနေသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ
ငါးဖမ်းစက်လှေများတွင် ရောင်းစားခံရခြင်း၊ တရားမဝင် အလုပ်လုပ်ကိုင်နေခဲ့ရမှုများလည်း ရှိနေခဲ့သည်။
၂ဝ၁၅ ခုနှစ်အတွင်း အေပီသတင်းဌာနက အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ငါးဖမ်းလုပ်ငန်းများအတွင်
မြန်မာနိုင်ငံသားများအပါဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားပေါင်းထောင်ချီ ကျွန်ပြုခံနေရသည့်
အခြေ အနေများကို စုံစမ်းဖော်ထုတ်ပြီး သတင်းရေးသားခဲ့သည်။















