အာရှဖွံ့ဖြိုးရေးဘဏ်စီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ရန်လို

အာရှဖွံ့ဖြိုးရေးဘဏ်စီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ရန်လို

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ မြောက်မြားစွာရှိပြီး
အစိုးရလုပ်ဆောင်ချက်များ လမ်းမှန်ပေါ်တွင်ရှိဟု အာရှဖွံ့ဖြိုးရေးဘဏ်ဒုတိယဥက္ကဋ္ဌ
မစ္စတာ စတီဗင်ဂရော့ဖ်က မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြား ...

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ မြောက်မြားစွာရှိနေပြီး
အစိုးရနှင့် ပြည်သူအများအတွက်လည်း အကောင်းမြင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)၏
အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌမစ္စတာစတီဗင်ဂရော့ဖ်က
ပြောကြားသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ မြောက်မြားစွာရှိနေပြီး
အစိုးရနှင့် ပြည်သူအများအတွက်လည်း အကောင်းမြင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)၏
အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌမစ္စတာစတီဗင်ဂရော့ဖ်က
ပြောကြားသည်။

အေဒီဘီဒုတိယဥက္ကဋ္ဌ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးထင်ကျော်၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဦးကျော်ဝင်းတို့နှင့် တွေ့ဆုံပြီးနောက် မြန်မာတိုင်း(မ်)နှင့် မတ် ရ ရက်ကသီးခြားတွေ့ဆုံရာတွင်
ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

''အခု ခရီးစဉ်အတွင်းမှာ ဆောင်ရွက်ဆဲ စီမံကိန်းတွေနဲ့ နောက်ထပ်အကောင်အထည်ဖော်မယ့်
အေဒီဘီစီမံကိန်းတွေမှာ အစိုးရနဲ့ ဦးစားပေးလုပ်ငန်းတွေအပေါ် အေဒီဘီက ဘယ်လို အံဝင်ခွင်ကျ
ဆောင်ရွက်နိုင်မယ်ဆိုတာကို နည်းဗျူဟာချမှတ်ဖို့ ဖြစ်ပါတယ်'' ဟုမစ္စတာဂရော့ဖ်က ပြောသည်။

''အစိုးရအကြီးအကဲတွေနဲ့ အဓိကဆွေးနွေးတာတွေကတော့ သုံးချက်ပါ။ လမ်းပန်းဆက်သွယ်ရေး
ပိုမိုကောင်းမွန်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးတက်အောင် လုပ်မလဲ၊ လူ့စွမ်းအား
အရင်းအမြစ်တွေ တိုးတက်ဖို့ ပိုမိုရင်းနှီးမှု ရရှိဖို့နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍ ပိုမိုခေတ်မီ
တိုးတက်ဖို့အတွက် ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မလဲ စတာတွေ လေ့လာဖို့ ဖြစ်ပါတယ်'' ဟု
၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် သဘောတူထားပြီးဖြစ်သည့် အေဒီဘီ၏ စီမံကိန်းများမှာ
အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန်ဖိုးရှိပြီး၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်
အရှိန်မြှင့် ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး၊ ''တကယ်တော့ စီမံကိန်းတွေဆိုတာ
ရေးထားရုံနဲ့ မပြီးပါဘူး။ ငွေကြေးအထောက်အပံ့လည်း ရနိုင်တယ်ဆိုတဲ့အချက်တင် မကပါဘူး။
အကောင်အထည်ဖော်ဖို့လည်းအရေးကြီးပါတယ်။ နောက်ဆုံး အကျိုးကျေးဇူးခံစားရမှာက
ပြည်သူတွေပါ''ဟု မစ္စတာဂရော့ဖ်က ပြောသည်။

အစိုးရတာဝန်ရှိသူများနှင့် မစ္စတာစတီဗင်ဂရော့ဖ်တို့ တွေ့ဆုံစဉ်အတွင်း အခြေခံအဆောက်အအုံ
ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အဓိက
လိုအပ်နေသည်ကို သဘောတူကြောင်း ရန်ကုန်မြို့ အေဒီဘီရုံး၌ တွေ့ဆုံမေးမြန်းရာတွင်
၄င်းက ပြောသည်။

''အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ဒီကဏ္ဍတွေကို အထူးအလေးထားဆောင်ရွက်နေပါတယ်။
ဒီကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည်ဖော်ရမှာပါ။ နောက်ပြီး လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ရမှာပါ။ ဒီကဏ္ဍတွေဟာ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်
အကျိုးသက်ရောက်မှု များစွာရှိပါတယ်''ဟု မစ္စတာဂရော့ဖ်က ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံအတွင်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်
အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်နိုင်ရည်သည် စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်းအကျင့်ပျက်ခြစားမှုနှင့်
ပတ်သက်၍ အေဒီဘီက မစိုးရိမ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း အဆိုပါပြဿနာမျိုးများ
ကြံုတွေ့ရကြောင်း၊ ပြဿနာအနည်းဆုံးဖြစ်စေရန် နည်းလမ်းများရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့
ရှေ့ဆက်ရမယ့်ခရီး ရှိနေပြီး၊ တခြားနိုင်ငံများမှ သင်ခန်းစာယူရမှာ ဖြစ်ကြောင်း ၄င်းက
ဆက်လက်ပြောကြားသည်။

''လက်ရှိအစိုးရရဲ့ တစ်နှစ်တာ ကာလအတွင်း လုပ်ဆောင်မှုကိုတော့ ပြောဖို့ခက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အစိုးရမတတ်နိုင်တဲ့ ကိစ္စတွေ ရှိနေလို့ပါ။ ဥပမာသဘာဝဘေးအန္တရာယ်တို့၊
ငလျင်တို့ရေကြီးတာတွေတို့ပါ။ ဒါပေမဲ့ လက်ရှိအစိုးရဟာ လမ်းကြောင်းမှန်ပေါ် သွားနေပါတယ်''ဟု
မစ္စတာဂရော့ဖ်က ပြောသည်။

၂ဝ၁၇ ခုနှစ်အတွက် အေဒီဘီ၏ ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံခန့်ရှိမည်ဟု ၄င်းက
ပြောသည်။




မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး