၆၆(ဃ)ဖြင့် အမှုဖွင့်ရာတွင် အာဏာပိုင်များ ပါဝင်နေဟု ကိုဆွေဝင်းပြော

၆၆(ဃ)ဖြင့် အမှုဖွင့်ရာတွင် အာဏာပိုင်များ ပါဝင်နေဟု ကိုဆွေဝင်းပြော

သမ္မတဦးထင်ကျော်၏ ဂုဏ်ပြုလွှာ လက်မှတ်ရရှိထားသည့် Myanmar Now
သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)
အဖွဲ့ဝင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ရာတွင် အာဏာပိုင်အဖွဲ့အစည်းများ
ပါဝင်ပတ်သက်နေသည်ဟု အမှုဖွင့်ခံရသူ ကိုဆွေဝင်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌
ပြောသည်။

မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူကိုယ်စား မဘသအဖွဲ့ (မန္တလေး)
အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက မတ် ရ ရက်ညပိုင်းတွင်း မန္တလေးတိုင်းဒေသကြီး၊
မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားရာတွင်
ကိုဆွေဝင်းလက်ရှိနေထိုင်ရာအိမ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ်ကိုပါ ဖော်ပြထားခြင်းကြောင့်
အာဏာပိုင်အဖွဲ့အစည်းများအပေါ် သံသယရှိရခြင်းဖြစ်သည်ဟု ကိုဆွေဝင်းက ပြောသည်။

''မကြာသေးခင်ကမှ ကျွန်တော်ပြောင်းလာတဲ့ လိပ်စာအသစ်ပါတယ်။ မှတ်ပုံတင်နံပါတ်
ပါတယ်။ ဒါတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက မပေးဘဲနဲ့ ဘယ်သူမှ ရနိုင်စရာ
အကြောင်းမရှိပါဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ တမင်သက်သက်
လုပ်ကြံတာ၊ ကြံစည်တာလို့ မြင်ပါတယ်''ဟု ၄င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မဟာအောင်မြေမြို့နယ် ရဲစခန်းသို့တိုင်ကြားသည့်စာတွင် ကိုဆွေဝင်း အသုံးပြုနေသည့်
Ba Kaung ဖေ့စ်ဘွတ်အကောင့်တွင် ဖေဖော်ဝါရီ ၂၇ ရက်က ''ရွေးကောက်ပွဲပြီးကတည်းက
အသံတိတ်သွားတဲ့ (မဘသ)ပြန်လာပြီ''ဟူသည့် စာသားနှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ''ဝီရသူ
ပါရာဇိကကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက ခုမှကျတာတော့
မဟုတ်လောက်ဘူး''ဟူသည့် စာသားကို ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံများနှင့်
ဖော်ပြထားခြင်းကြောင့်ဆရာတော်ဦးဝီရသူကို ဦးကျော်မျိုးရွှေကသွားရောက်လျှောက်ထားခဲ့သည်။
ခုနစ်ရက်အတွင်း တောင်းပန်ရန်နှင့် မတောင်းပန်ပါက ကိုဆွေဝင်းကို အမှုဖွင့် ဆောင်ရွက်မည်ကို
ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြန်လည်ရေးသားခဲ့သော်လည်း ကိုဆွေဝင်းက
တောင်းပန်ခြင်း မရှိခဲ့သောကြောင့် ဆရာတော်ဦးဝီရသူက ဦးကျော်မျိုးရွှေကို အမှုဖွင့် ဆောင်ရွက်ရန်
ညွှန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။

မဘသအဖွဲ့ (မန္တလေး) အဖွဲ့ဝင် ဦးကျော်မျိုးရွှေက ပါရာဇိကကျခြင်း၊ မကျခြင်းကိုတိုင်းတာသည့်
စံနှုန်းများရှိနေသည့်အတွက် ဆရာတော်ဦးဝီရသူသည် အဆိုပါစံများဖြင့် အမှန်တကယ်ငြိနေပါက
အဖွဲ့ဝင်များအနေဖြင့် ပြောစရာမရှိဟု ပြောသည်။

''ဘာလို့တရားစွဲလဲဆိုတော့ ရဟန်းတစ်ပါးရဲ့အသက်က ပါရာဇိကပဲ။ ပါရာဇိကကျခြင်း မကျခြင်း
ဆိုတာ ထေရ်ကြီးဝါကြီး စာပေကျမ်းဂန်တွေနှံ့စပ်တဲ့ ဆရာတော်တွေနဲ့ တိုင်ပင်ပြောဆိုပြီး
ဆရာတော်တွေကလည်း ကျပါတယ်လို့ပြော၊ ပြောရင်တော့ တစ်မျိုးပေါ့''ဟု ၄င်းက ပြောသည်။

ဆရာတော်ဦးဝီရသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာအကြံပေး
ဦးကိုနီအသတ်ခံရခြင်းနှင့်စပ်လျဉ်း၍''အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်ပူပန်မှုတွေ
ကင်းပျောက်သွားလို့ စိတ်သက် သာရာတော့ ရလိုက်တယ်။ ကြည်လင်းကိုကျေးဇူးတင်တယ်၊
အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်၊ သူတို့မိသားစုတွေကို
စာနာမိတယ်'' ဟု ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ရေးသားချက်သည် ပါရာဇိကကံမြောက်သည်ဟု မန္တလေးကဆရာတော် ဦးစိန္တ၏ပြောကြားချက်ကို
Myanmar Now သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီး၊ ကိုဆွေဝင်းက၄င်း၏ဖေ့စ်ဘွတ်ခ်
စာမျက်နှာတွင် ဦးဝီရသူပါရာဇိကကျပြီဖြစ်ကြောင်းသိရဟု ရေးသားကာအဆိုပါသတင်းကို
ပြန်လည်ဝေမျှခဲ့သည်။

''ပါရာဇိကကျတယ် ဆိုတဲ့အဆင့်က တော်တော်လေး သက်သာပါတယ်။ သူက သာမန်လူကောင်း
တစ်ယောက်အဆင့်တော့ မဟုတ်တော့ဘူး။ တခြားနိုင်ငံမှာဆိုရင် အင်မတန်ကြီးလေးတဲ့
အပြစ်မျိုးချမှတ်ခံရနိုင်ပါတယ်။ ဦးဝီရသူလုပ်ဆောင်နေတာဟာ တစ်နိုင်ငံလုံးမှာ
ရှိနေတဲ့သူတွေအချင်းချင်း အမုန်းတရားတွေပွားဖို့အတွက် လုပ်နေတာဆိုတော့ ဥပဒေကြောင်းအရ
ကြည့်ရင် အင်မတန်ကြီးတဲ့ ရာဇဝတ်မှုပါ''ဟု ကိုဆွေဝင်းက ပြောသည်။

ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားချက်များအပေါ် သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သံဃမဟာနာယကအဖွဲ့တို့က မည်သည့်အရေးယူမှုမျိုးမှ လုပ်ဆောင်ခြင်း
မရှိသေးသည့်အပြင် ယင်းရေးသားချက်သည် ပါရာဇိကကျခြင်း၊ မကျခြင်းကိုလည်း
ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

''ဦးကိုနီလို လူမျိုးတောင် မဟုတ်ဘဲ သာမန်လူတစ်ယောက်ကို သတ်တာကို ထောက်ခံတယ်လို့
ပြောကြည့်ပါလား။ ဘယ်အစိုးရကမှ ငြိမ်မနေဘူး။ ငြိမ်နေတဲ့အစိုးရက ရာဇဝတ်မှုကို
အားပေးတဲ့အစိုးရပဲ''ဟု ကိုဆွေဝင်းက ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းက
သံဃာ့အရေးကိစ္စကို သံဃာ့အဖွဲ့အစည်းကသာ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ဝန်ကြီး
ဌာနဘက်က အရေးယူမှုတစ်စုံတစ်ရာပြုလုပ်မည်မဟုတ်ကြောင်း ယမန်နေ့တွင် ပြောသည်။

လက်ရှိတွင် ကိုဆွေဝင်းအပေါ် အမှုဖွင့်တိုင်ကြားသည်ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်
ရဲစခန်းက လက်ခံလိုက်ပြီး ၄င်းကိုစစ်ဆေးမေးမြန်းရန် ရဲစခန်းဘက်က ဆက်သွယ်၍
မရသေးကြောင်း အမှတ်(၇)နယ်မြေ ရဲစခန်းမှူးရဲအုပ်ကျော်သူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး